MNP ၊ဖေဖော်ဝါရီ ၂၇
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ က ပြဋ္ဌာန်းလိုက်သော နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေအရ ယခင် (၂၀၁၀)ဥပဒေအရ မှတ်ပုံတင်ထားသည့် ပါတီများအနေဖြင့်လည်း ဆက်လက်ရပ်တည်မည်ဆိုပါက ရက်ပေါင်း (၆၀) အတွင်း ပြန်လည်မှတ်ပုံတင်ရမည်ဖြစ်ရာ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ (တစည) လည်း ယနေ့ ၂၇-၂-၂၀၂၃ ရက်နေ့တွင် မှတ်ပုံတင်လျှောက်လွှာတင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
တိုင်းရင်းသားစည်းလုံးညီညွတ် ရေးပါတီ၊ ပါတီ ဥက္ကဌ ဦးဟန်ရွှေနှင့်အဖွဲ့ဝင်များသည် ယနေ့ ၂၇-၂-၂၀၂၃ ရက်၊တနင်္လာနေ့ တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၌ ပါတီမှတ်ပုံတင်လျှောက် လွှာတင်ခဲ့ကြပြီး UEC ဥက္ကဌ အား ဂါရဝပြု တွေ့ဆုံနှုတ်ဆက်ကာ ပါတီထုတ်စာစောင်၊ စာအုပ်များကိုမေတ္တာလက်ဆောင် ပေးအပ်ခဲ့ကြောင်း သိရသည်။
နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ (၂၀၂၃) အရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) က ဆက်လက်ရပ်တည်ရန် ပထမဆုံး စတင်မှတ်ပုံတင်ခဲ့ပြီး ဖက်ဒရယ်ဒီမိုကရက်တစ်ပါတီ၊ မြန်မာပြည်သူ့ ဒီမိုကရက်တစ်ပါတီ (MPD)၊ ပြည်ထောင်စုဒီမိုကရေစီပါတီ (UNION DEMOCRACY PARTY) ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO)၊ ဒီမိုကရက်တစ်အင်အားစုလေဘာပါတီ၊ ဒီမိုကရေစီပါတီသစ် (ကချင်)၊ ပြည်သူ့အကျိုးပြုကျောင်းသားများပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ (NUP)၊ ရှမ်းနှင့်တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ ၊ ရခိုင့်ဦးဆောင်ပါတီ [Arakan Front Party (AFP) တို့ မှတ်ပုံတင်ထားပြီး ဖြစ်သည်။
ယနေ့အထိ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၃ အရ လျှောက်ထားသော ပါတီ ၄ ပါတီရှိပြီး နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၂၅ အရ လျှောက်ထားသော ပါတီ ၉ ပါတီဖြစ်၍ စုစုပေါင်း ၁၃ ပါတီ ဖြစ်ပါသည်။ ယင်း ၁၃ ပါတီတွင် ပြည်ထောင်စုတစ်ဝန်းလုံး စည်းရုံးမည့်ပါတီ ၅ ပါတီနှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ခုအတွင်း၌သာ စည်းရုံးမည့် ပါတီ ၈ ပါတီဖြစ်ပြီး အဆိုပါ ပါတီများကို တည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့်ပြုနိုင်ရေး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဆက်လက်စိစစ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ(၂၀၂၃) ပုဒ်မ (၂၅)ပြဋ္ဌာန်းချက်တွင် ယခင်ဥပဒေအရ တည်ရှိနေသော ပါတီများအနေဖြင့် ဆက်လက်တည်ထောင်လိုပါက ဥပဒေပြဋ္ဌာန်းသည့်နေ့ (၂၆-၁-၂၀၂၃) မှ ရက်ပေါင်း (၆၀)အတွင်း ပြန်လည်လျှောက်ထားရမည်ဖြစ်ပြီး ယင်းသို့ လျှောက်ထားခြင်းမရှိပါက နိုင်ငံရေးပါတီအဖြစ်မှ အလိုအလျေက် ပျက်ပြယ်မည်ဖြစ်သည်။
#MyanmarNationalPost

No comments:
Post a Comment