Pages

Pages

(၇၈)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် လယ်ဝေးမြို့နယ် သာဝတ္တိ ကျေးလက်ကျန်းမာရေးဌာန ဆေးပေးခန်းနှင့် ဝန်ထမ်းအိမ်ရာအဆောက်အဦ ဖွင့်ပွဲအခမ်းအနား ကျင်းပ






MNP ၊ မတ်  ၂၁

(၇၈)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် လယ်ဝေးမြို့နယ် သာဝတ္တိ ကျေးလက်ကျန်းမာရေးဌာန ဆေးပေးခန်းနှင့် ဝန်ထမ်းအိမ်ရာအဆောက်အဦ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်(၉)နာရီတွင် အဆိုပါနေရာ၌ ကျင်းပရာ အခမ်းအနားသို့ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်၊ ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်း၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်သည်။


ရှေးဦးစွာ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းက အမှာစကားပြောရာတွင် ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လူမှုရေးဦးတည်ချက်များအနက်မှ တတိယအချက်ဖြစ်သည့် “နိုင်ငံ၏အခြေခံကျန်းမာရေးစောင့် ရှောက်မှုကို ပိုမိုခိုင်မာအောင် တည်ဆောက်၍ တစ်မျိုးသားလုံး သက်ရှည်ကျန်းမာသည့် ကျန်းမာရေး စနစ် ဖြစ်ပေါ်လာရေး” ဆိုသည့် ဦးတည်ချက်ကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်ပြီး ပြည်သူလူထု၏ ကျန်းမာရေးစောင့်ရှောက်မှု အဆင့်အတန်း မြင့်မားပြီး မျှော်မှန်းသက်တမ်း တိုးတက်မြင့်မားလာစေရန်အတွက် လူတိုင်းသက်တမ်းစေ့ အသက်ရှည်စွာနေနိုင် ရေး၊ လူတိုင်းရောဂါဘယကင်းရှင်းရေးဟူသော ရည်မှန်းချက်နှစ်ရပ်ကို ချမှတ်၍ ကျေးလက်ဒေသ အောက်ခြေအထိ ကျန်းမာရေးအသိပညာပေးခြင်း၊ ရောဂါကာကွယ်တားဆီးခြင်း၊ ရောဂါဖြစ်ပွား လာလျှင် ထိရောက်စွာကုသမှုပေးခြင်းဟူသော နည်းနာသုံးရပ်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ပဏာမကျန်းမာရေး စောင့်ရှောက်မှုနည်းလမ်း (Primary Health Care Approach) ကို အခြေခံ၍ ပြည်သူလူထုအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ အရည်အသွေးပြည့်၀စွာ လွှမ်းခြုံဆောင်ရွက်ပေးရန်၊ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊  ပြောင်းလဲလာသည့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပတ်၀န်းကျင်၊ နည်းပညာဆိုင်ရာအခြေအနေများ၊ နိုင်ငံတကာဖြစ်ပေါ်ပြောင်းလဲမှုများနှင့် လိုက်လျောညီထွေရှိသည့် ကျန်းမာရေးစနစ်ဖြစ်ထွန်း ပေါ်ပေါက်လာစေရေးအတွက် ကြိုးပမ်း ဆောင်ရွက်လျက်ရှိရာ နိုင်ငံသားအားလုံး လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုကို အရည်အသွေး ပြည့်ဝစွာနှင့် ငွေကြေးအခက်အခဲမရှိ ရယူနိုင်စွမ်းဟု အဓိပ္ပါယ်ဖွင့်ဆိုထားသော လူတိုင်းလက် လှမ်းမီနိုင်ပြီး သာတူညီမျှရှိသည့် ကျန်းမာရေးလွှမ်းခြုံမှု စနစ်တစ်ရပ် (UHC, Universal Health Coverage) ပေါ်ပေါက်လာစေရေး ကျန်းမာရေးစနစ်ပိုမိုကြံ့ခိုင်အားကောင်းစေရန်အတွက် ပြည်သူ့ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများအား ဦးစားပေးဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ တစ်မျိုးသားလုံး သက်ရှည်ကျန်းမာရန်အတွက် ကျန်းမာရေးကဏ္ဍ တစ်ရပ်လုံး ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ရာတွင်  လူတိုင်းလက်လှမ်းမီပြီး သာတူညီမျှရှိသည့် ကျန်းမာရေးလွှမ်းခြုံမှုစနစ်တစ်ရပ် ပေါ်ထွန်းလာစေရေးအတွက် ပြည်သူ့ကျန်းမာရေးဦးစီးဌာနအောက်ရှိ ကျန်းမာရေးဌာန၊ ကျန်းမာရေးဌာနခွဲများမှာရှိသည့် ကျန်းမာရေးဝန်ထမ်းများက မွေးစမှ သက်ကြီးရွယ်အိုထိ စဉ်ဆက်မပြတ် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း (Continuum of Care Approach)ဖြင့် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ပြည်သူ့ကျန်းမာရေးသတင်းအချက်အလက်စနစ်(Public Health Statistics)ကို မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ မိခင်ကလေးကျန်းမာရေးဌာန၊ ဒေသန္တရကျန်းမာရေးဌာန၊ တိုက်နယ်/ကျေးလက် ကျန်းမာရေးဌာန/ ကျန်းမာရေးဌာနခွဲများကို ဖွင့်လှစ်ရန် သတ်မှတ်ထားသည့် အခြေခံမူများဖြင့် စိစစ်ပြီးလိုအပ်သည့် နေရာဒေသများတွင် တိုက်နယ်/ ကျေးလက်ကျန်းမာရေးဌာန/ ကျေးလက်ကျန်းမာရေးဌာနခွဲများ၏ စံကိုက်ဆေးခန်းနှင့် စံကိုက်ဝန်ထမ်းအိမ်ယာများကို ဘဏ္ဍာနှစ်အလိုက် နှစ်စဉ်လျာထားပြီး နိုင်ငံတော်ဘတ်ဂျက်များဖြင့် ဆောက်လုပ်ပေးလျက်ရှိပါကြောင်းနှင့် ယခုလို (၇၈)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဖွင့်လှစ်သည့် လယ်ဝေးမြို့နယ်၊  သာဝတ္ထိကျေးလက် ကျန်းမာရေးဌာန စံကိုက်ဆေးခန်းနှင့် စံကိုက်ဝန်ထမ်းအိမ်ရာ အဆောက်အဦ တည်ဆောက်ရေးတွင် ဝိုင်းဝန်း ပံ့ပိုးပေးသူများ အားလုံးကို အထူးကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။


ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်က အမှာစကားပြောကြားရာတွင် နေပြည်တော်ကို Green City၊ Clean City၊ Smart City အဖြစ် တည်ဆောက်သည့် နေရာမှာ ကျန်းမာရေးအနေဖြင့်လည်း စံပြကျန်းမာရေး မြို့တော်ဖြစ်အောင် ရည်မှန်းဆောင်ရွက်လျက်ရှိပါ ကြောင်း၊ အခြေခံကျန်းမာရေးစောင့်ရှောက်မှုကို ပိုမိုတိုးမြှင့် ဆောင်ရွက်နိုင်ရန် ကျေးလက် ကျန်းမာရေးဌာန၊ ကျေးလက်ကျန်းမာရေးဌာနခွဲများတွင် ကျန်းမာရေး စောင့်ရှောက်မှု ပေးလျက်ရှိပါ ကြောင်း၊ ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါဆိုးကြီးကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးဆောင် လမ်းညွှန်မှုနှင့်အညီ ရောဂါထိန်းချုပ်ရေးနှင့် တုံ့ပြန်ရေး လုပ်ငန်းများကို ဆောင်ရွက်ရာတွင်လည်း ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်မှုများဖြင့် ကိုဗစ်-၁၉ ရောဂါဆိုးကြီးကို အခြေအနေတစ်ရပ်အထိ အောင်မြင်စွာ တုံ့ပြန်ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ကျေးလက်နေပြည်သူများ အခြေခံကျန်းမာရေး စောင့်ရှောက်မှု လက်လှမ်းမီ သာတူညီမျှရရှိနိုင်ရန် ကျေးလက်ကျန်းမာရေးဌာနများနှင့် ဌာနခွဲများ သည် ဒေသခံပြည်သူများအတွက် ကျန်းမာရေးစောင့်ရှောက်မှုပေးရသည့် အလွန်အရေးပါသည့်ဌာန ဖြစ်ပါကြောင်း၊ ဆေးခန်းအဆောက်အဦနှင့် ဝန်ထမ်းအိမ်ရာများ ရေရှည်တည်တံ့ရန်နှင့် ပျက်စီးမှု လျော့နည်းစေရန်အတွက် အုပ်ချုပ်ရေးဌာနများနှင့် ရပ်ရွာနေပြည်သူလူထုက ဝိုင်းဝန်းထိန်းသိမ်း စောင့်ရှောက်ပေးရန် လိုအပ်ပါကြောင်း ပြောကြားသည်။


ယင်းနောက် သာဝတ္တိကျေးလက် ကျန်းမာရေးဌာန ဆေးပေးခန်းနှင့် ဝန်ထမ်းအိမ်ရာ အဆောက်အဦအား ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးတင်ဦးလွင်၊ ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်း၊ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးမင်းနောင်နှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ မြင့်မြင့်သန်းတို့က ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြသည်။


ထို့နောက် ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးတင်ဦးလွင်၊ ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်း၊ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးမင်းနောင်နှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ မြင့်မြင့်သန်းတို့အား နေပြည်တော်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသီရိနွယ်က ဖွင့်ပွဲ အထိမ်းအမှတ် လက်ဆောင်ပစ္စည်းများကို ပေးအပ်သည်။


ယင်းနောက် ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်နှင့် တာဝန်ရှိသူများက ကမ္ဗည်းမော်ကွန်းအား အမွှေးနံ့သာရည်များနှင့် ပတ်ဖျန်းပေးကာ ဆေးခန်းအတွင်းနှင့် ဝန်ထမ်းအိမ်ရာ အဆောက်အဦအား  လှည့်လည်ကြည့်ရှုခဲ့ကြသည်။


ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း၌ ကျေးလက်ကျန်းမာရေးဌာန ၂၆ ခုရှိပြီး ယခုဖွင့်လှစ်သည့် သာဝတ္ထိကျေးလက်ကျန်းမာရေးဌာန အဆောက်အဦသည် ၁၁ ခုမြောက် အဆောက်အဦဖြစ်ကာ အဆိုပါ ကျေးလက်ကျန်းမာရေးဌာနအောက်တွင် ကျေးလက်ကျန်းမာရေး ဌာနခွဲလေးခုရှိပြီး ကျန်းမာရေးဝန်ထမ်း ခုနှစ်ဦးက ကျေးရွာ ၂၁ ရွာရှိ ပြည်သူလူထု ၁၇၀၀၀ ကျော်ကို အခြေခံကျန်းမာရေး စောင့်ရှောက်မှုများပေးလျက်ရှိကြောင်းနှင့်  ကျန်းမာရေးဝန်ထမ်းများ အဆင်ပြေ ချောမွေ့စွာ နေထိုင်နိုင်ရေးအတွက် ဝန်ထမ်းအိမ်ရာ နှစ်ခန်းတွဲ တစ်လုံးနှင့် သုံးခန်းတွဲ တစ်လုံးကို ငွေကျပ် ၁၉၁ ဒသမ ၄ သန်းဖြင့် Nobeline ကုမ္ပဏီက ဆောက်လုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


ထွန်းထွန်းဝင်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment