Pages

Pages

(၇၈)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ထီလုံ-တာပေါင်-ပတ-နဘူး-ကော့ကရိတ်(တံတားကျိုး)လမ်း ကတ္တရာလမ်း ဖွင့်လှစ်





MNP ၊ မတ်  ၂၁

(၇၈)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု/ ပြည်နယ်ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်သော ထီလုံ-တာပေါင်-ပတ-နဘူး-ကော့ကရိတ်(တံတားကျိုး)လမ်း ကတ္တရာလမ်း ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီခွဲခန့်က လှိုင်းဘွဲမြို့နယ်၊ ရွှေပြည်ကုန်းကျေးရွာအနီးရှိ အဆိုပါလမ်းမုခ်ဦးတည်နေရာ၌ ကျင်းပသည်။


လမ်းဖွင့်ပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ယနေ့ဖွင့်လှစ်သည့် ထီလုံ-တာပေါင်-ပတ-နဘူး- ကော့ကရိတ်(တံတားကျိုး)လမ်းကို အသုံးပြုပြီး လှိုင်းဘွဲမြို့နယ်၊ ထီလုံကျေးရွာမှ ကော့ပေါ၊ တာပေါင်၊ နောင်ဘိုကြီး၊ ထန်းတပင်၊ ရေပူကြီး၊ ပတ၊ နဘူး၊ မြပတိုင်ကျေးရွာများကိုဖြတ်ပြီး တံတားကျိုးမှတစ်ဆင့် ကော့ကရိတ်သို့လည်းကောင်း၊ ထိုမှတစ်ဆင့် မြဝတီနှင့် ထိုင်းနိုင်ငံ နယ်စပ်သို့ သွားလာနိုင်ပြီး မိုင်အားဖြင့် ၅၆ မိုင် ၆ ဖာလုံအရှည်ရှိသော လမ်းတစ်လမ်းဖြစ်ကြောင်း၊ ယခုကဲ့သို့ လမ်းတံတားများ တိုးတက်ကောင်းမွန်လာသည်နှင့်အမျှ ကုန်စည်စီးဆင်းမှုပိုမို မြန်ဆန်လာခြင်းကြောင့် ပြည်နယ်အတွင်း နေထိုင်ကြသည့် တိုင်းရင်းသားပြည်သူများ၏ လူမှုစီးပွားဘဝများ၊ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများလည်း အစစအရာရာ မြင့်မားတိုးတက်လာမည်ဖြစ်ကြောင်း၊ စီးပွားရေးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုများ၊ ဒေသတွင်း ကုန်စည်စီးဆင်းမှုများ၊ ရောင်းဝယ်ဖောက်ကားမှုများ အဆင်ပြေချောမွေ့စွာ သွားလာ လုပ်ဆောင်နိုင်မည်ဖြစ်၍ ဒေသခံတိုင်းရင်းသားများ၏ လူမှုစီးပွားဘဝများ ပိုမိုဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း၊ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဒေသခံပြည်သူများ ယခုထက်မက လမ်းပန်းဆက်သွယ်ရေး ပိုမိုကောင်းမွန်လာစေရေးအတွက် အဓိက လိုအပ်လျက်ရှိသော လမ်း/တံတားလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။


ထို့နောက် ကရင်ပြည်နယ်လမ်းဦးစီးဌာန ညွှန်ကြားရေးမှူး(မြို့ပြ)ဦးအောင်ညိုက လမ်းဆိုင်ရာ အချက်အလက်များကို ရှင်းလင်းပြောကြားပြီး ဒေသခံတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ ညွှန်ကြားရေးမှူး (မြို့ပြ)က လမ်းဖွင့်ပွဲအထိမ်းအမှတ်လက်ဆောင်များအား လက်ရောက်ပေးအပ်သည်။


ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ် အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ထီလုံ-တာပေါင်-ပတ-နဘူး- ကော့ကရိတ် (တံတားကျိုး)လမ်းကတ္တရာလမ်းအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး လမ်းအားဖြတ်သန်း ကြည့်ရှုစစ်ဆေးကာ ယဉ်ကျေးမှုအဖွဲ့များအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ကြသည်။


ယနေ့ ဖွင့်လှစ်သောလမ်းကို ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်မှစ၍ လမ်းဦးစီးဌာနမှ တစ်ကြောင်းထိုးလမ်းအူ ကြောင်းထိုးခြင်း၊ မြေသားတာပေါင်တင်ခြင်း၊ ကျောက်ကြမ်းလမ်း ခင်းခြင်းနှင့် ၁၂ ပေအကျယ်ကတ္တရာခင်းခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ပြီး ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်မှစ၍ ၁၂ ပေအကျယ်မှ ၁၈ ပေအကျယ်ကတ္တရာလမ်းချဲ့ခြင်း လုပ်ငန်းကိုဆောင်ရွက်ခဲ့ရာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ပြည်ထောင်စုရန်ပုံငွေ ၂၈၇၀ သန်း၊ ပြည်နယ်ရန်ပုံငွေ ၃၀၁၈ ဒဿမ ၁၆ သန်းဖြင့် ၂၄ ဒဿမ ၄၈၅ ကီလိုမီတာ၊ မိုင်အားဖြင့် ၁၅ မိုင် ၂ ဖာလုံကို ၁၂ပေအကျယ်မှ ၁၈ ပေအကျယ်သို့ ကတ္တရာလမ်းချဲ့ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ကြောင်းနှင့် အဆိုပါလမ်းပေါ်ရှိ တံတား (၈)စင်းကိုလည်း သံကူကွန်ကရစ် တံတားများအဖြစ် အဆင့်မြှင့်တင် တည်ဆောက်ပေးလျက်ရှိကြောင်း သိရသည်။


ဆက်လက်၍ ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် စက်မှုလယ်ယာဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် လယ်ယာမြေအဆင့်မြှင့်တင်ခြင်း ဧက(၃၀၀) ဖော်ထုတ်ခြင်းလုပ်ငန်းနှင့် တောင်သူများသို့ သဘာဝမြေဩဇာနှင့် ယူရီးယားမြေဩဇာ ထောက်ပံ့ပေးအပ်သည့် အခမ်းအနားကို ကော့မြတ်ကြီးကျေးရွာ ကွင်းအမှတ် ၁၅၈၁ ၌ကျင်းပရာ  ပြည်နယ်ဝန်ကြီးချုပ်က လယ်ယာထွက်ကုန် သီးနှံများ တိုးမြှင့်ထုတ်လုပ်နိုင်ရေးအတွက် စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့် ကောင်းများ လိုက်နာကျင့်သုံးဖို့ လိုအပ်သကဲ့သို့ လယ်ယာမြေအဆင့်မြှင့်တင်ခြင်း လုပ်ငန်းများကိုလည်း မဖြစ်မနေ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ရေသွင်း/ရေထုတ်လွယ်ကူစေပြီး သီးနှံရေလိုအပ်ချက်များကို လိုအပ်သလို စီမံထိန်းချုပ်နိုင်မည်ဖြစ်၍ လယ်ယာသုံးစက်ကိရိယာများ အလွယ်တကူဝင်ရောက်နိုင်ကာ လယ်ယာလုပ်ငန်းတွင် စက်ကိရိယာ တိုးမြှင့်သုံးစွဲလာနိုင်မည် ဖြစ်သည့်အတွက် တစ်သီးစားမှ နှစ်သီး/သုံးသီးစားအထိ တိုးမြှင့်စိုက်ပျိုး လာနိုင်မည်ဖြစ်သည့် အတွက် ပြည်နယ်၏သီးထပ်စွမ်းအားကိုပါ တိုးမြှင့်လာစေမည်ဖြစ်ကြောင်း‌ ပြောကြားသည်။


ထို့နောက် ပြည်နယ်စက်မှုလယ်ယာဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးခင်မောင်သန်းက လယ်ယာမြေ အဆင့်မြှင့် တင်ခြင်းဧက (၃၀၀) ဖော်ထုတ်ခြင်းလုပ်ငန်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များက ကွင်းအမှတ် ၁၅၈၁၊ ကဒီကံအောက်စု၊ ကဒီကံ၊ ကော့မြတ်ကြီး၊ နောင်လမောင်း၊ ကျောင်းကုန်းကျေးရွာများမှ တောင်သူများအတွက် ယူရီးယားမြေဩဇာ ၅၀ အိတ်နှင့် သဘာဝမြေဩဇာ အိတ် ၁၀၀ တို့ကို ထောက်ပံ့ပေးအပ်ခဲ့ကြကာ တောင်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။


ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ပြည်နယ်ခွင့်ပြုရန်ပုံငွေ

ကျပ်သန်း ၉၀ ဖြင့် ကော့မြတ်ကြီးကွင်း၊ ကွင်းအမှတ် ၁၅၈၁ ၌  စက်မှုလယ်ယာဦးစီးဌာနမှ စက်ယန္တရား၊ ဝန်ထမ်းအင်အားဖြင့် တောင်သူ ၄၉ ဦး၏ လယ်ယာမြေအဆင့်မြှင့်တင်ခြင်း ဧက(၃၀၀)ဖော်ထုတ်ခြင်းလုပ်ငန်း ၉၀ ရာခိုင်နှုန်းခန့် ပြီးစီးနေမှု အခြေအနေများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး တာဝန်ရှိသူများအား လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်းနှင့် ပြည်နယ်ဝန်ကြီးချုပ်သည် တောင်သူများအား ရင်းရင်းနှီးနှီးတွေ့ ဆုံ၍ လယ်ယာလုပ်ငန်းအတွက် လိုအပ်သည်များအား မေးမြန်းဆွေးနွေး၍ ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရသည်။


စောမျိုးမင်းသိန်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment