နမ့်ဆန်မြို့နယ် ဇယန်းကြီးကျေးရွာ ဘုရားငါးဆူသီတင်းသုံးကိန်းဝပ်ရာ ပတ္တမြားစေတီကုန်းပေါ်တွင် အသစ်တည်ဆောက်ထားသော ပဋ္ဌာန်းဓမ္မာရုံသစ် ရေစက်ချအလှူတော်မင်္ဂလာအခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နမ့်ဆန်မြို့နယ် ဇယန်းကြီးကျေးရွာ ဘုရားငါးဆူသီတင်းသုံးကိန်းဝပ်ရာ ပတ္တမြားစေတီကုန်းပေါ်တွင် အသစ်တည်ဆောက်ထားသော ပဋ္ဌာန်းဓမ္မာရုံသစ် ရေစက်ချအလှူတော်မင်္ဂလာအခမ်းအနား ကျင်းပ




MNP ၊ မတ်  ၇

ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်၊ ဇယန်းကြီးကျေးရွာ ဘုရားငါးဆူသီတင်းသုံးကိန်းဝပ်ရာ ပတ္တမြားစေတီကုန်းပေါ်တွင် အသစ်တည်ဆောက်ထားသော ပဋ္ဌာန်းဓမ္မာရုံသစ် ရေစက်ချအလှူတော်မင်္ဂလာအခမ်းအနားကို ယနေ့နံနက်(၉)နာရီအချိန်က နမ့်ဆန်မြို့နယ်၊ ဇယန်းကြီးကျေးရွာ ပတ္တမြားစေတီကုန်းပေါ်ရှိ ဓမ္မာရုံတွင် ကျင်းပခဲ့ကြောင်း သိရသည်။


အဆိုပါ ဖွင့်ပွဲအခမ်းအနားတွင် ပထမပိုင်းအနေဖြင့် ပဋ္ဌာန်းဓမ္မာရုံအပေါ်ဆုံးထပ် အဝင်တံခါးရှေ့တွင် ဆရာတော်သံဃာတော် အရှင်သူမြတ်များက(ဇယန္တောဗောဓိဂါထာ) သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ ဖဲကြိုးဖြတ် ဖွင့်လှစ်ကာ ဗုဒ္ဓသာသနာ့ဂေါပကအဖွဲ့ဥက္ကဋ္ဌမှ အမွေးနံ့သာရေတို့ဖြင့် ဆိုင်းဘုတ်၊ ကမ္ဗည်းကြေးပြား မှတ်တမ်းတို့ကို ဆွတ်ဖျန်းမင်္ဂလာယူခဲ့ ကြောင်း သိရသည်။ ထို့နောက် ဒုတိယပိုင်းအနေဖြင့် ဆရာတော်၊ သံဃာတော်အရှင်သူမြတ် တို့အား ကျောင်းဆောင်အတွင်း နေရာယူ ဘုရားအနေကဇာတင်ပြီးနောက် နမောတဿ (၃)ကြိမ် အစချီသော ဘုရားရှိခိုးဂါထာတော်ဖြင့် အခမ်းအနားစတင်ကာ၊ ဖားကန့်မြို့ မှော်ရှင်းကျောင်းတိုက်မှ ဆရာတော် ဘဒ္ဒန္တသဩဝါဒအရှင်သူမြတ်က မြတ်စွာဘုရားအား ဆွမ်းတော်၊ ပန်းတော်၊ ရေချမ်းတော်၊ ဆီမီးတော်တို့ကို ဦးဆောင်ကပ်လှူ ဘုရားကန်တော့ခြင်း၊ ဇယန်းကြီးကျောင်းတိုက် မဟာသဒ္ဒမဇောဓိကဓဇကျောင်းတိုက်မှ ဘဒ္ဒန္တပညာသီရိအား ဩကာသကန်တော့ချိုးဖြင့်ကန်တော့ပြီး သရဏံဂုဏ်(၃)ပါးနှင့်တကွ (၅)ပါးသီလ ဆောက်တည်ခြင်း၊ သာသနာ့နွယ်ဝင် သီလရှင်များက (၈)ပါးသီလ ခံယူတည်ဆောက်ကာ၊ ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များက ပရိတ်တရားတော်များ ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။


ထို့နောက် နဝကမ္မဝတ္ထုနှင့် လှူဖွယ်ပစ္စည်းများ ဆပ်ကပ်လှူဒါန်းပြီး၊ ဇယန်းကြီးတိုက်နယ် ပဋ္ဌာန်းဓမ္မာရုံ ကျောင်းဆောင်သစ် ဖြစ်ပေါ်လာပုံ သမိုင်းမှတ်တမ်းနှင့် ကုန်ကျမှုစရိတ် အကျဉ်းရှင်းလင်းလျှောက်ထားပြီး၊ ဇယန်းကြီးကျောင်းတိုက်မှ ဘဒ္ဒန္တပညောဘာလ အရှင်သူမြတ်မှ ပဋ္ဌာန်းဓမ္မရုံ ကျောင်းဆောင်သစ်ဖွင့်ပွဲ အနုမောဒနာတရားနှင့် ရေစက်ချဒေသနာတော်ချီးမြှင့်ပေးပြီး၊ ရတနာမြတ်(၃)ပါး ကန်တော့ကာ ဗုဒ္ဓသာသနံစိရံတိဌတု(၃)ကြိမ် ရွတ်ဆိုဆုတောင်း၍ အခမ်းအနားရုပ်သိမ်းခဲ့ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment