MNP ၊ မတ် ၂၂
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုသည် ယမန်နေ့က သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံ၊ သာသနာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယအမြဲတမ်းအတွင်းဝန်နှင့်အတူ ပြည်ထောင်စုနယ်မြေ နေပြည်တော် ပျဉ်းမနားမြို့နယ် မင်္ဂလာဗျူဟာသာသနာ့ဗိမာန်တော်ကြီး၌ အစိုးရဓမ္မာစရိယစာမေးပွဲဖြေဆိုတော်မူကြသော သံဃာတော်များနှင့် သီလရှင်များကို သွားရောက်ဖူးမြော်ကြည်ညို၍ ပျဉ်းမနားမြို့နယ် စာဖြေဌာန ကြီးကြပ်ရေး ဆရာတော်ကြီးများထံ စာဖြေဌာနအတွက် အလှူတော်ငွေကျပ် ၁၀သိန်း တိတိကို ဆက်ကပ်လှူဒါန်းသည်။
ထို့ပြင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံ၊ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးနှင့်အဖွဲ့သည် ပြည်ထောင်စုနယ်မြေ နေပြည်တော် လယ်ဝေးမြို့နယ် အင်တိုင်းသာကျောင်းတိုက်၌ အစိုးရဓမ္မာစရိယစာမေးပွဲ ဖြေဆိုလျက်ရှိသော သံဃာတော်များနှင့် သီလရှင်များကို သွားရောက်ဖူးမြော်ကြည်ညို၍ ကြီးကြပ်ရေးအဖွဲ့ ဆရာတော်ကြီးများထံ စာဖြေဌာနအတွက် အလှူ တော်ငွေကျပ် ငါးသိန်းတိတိကို ဆက်ကပ်လှူဒါန်းသည်။
ယနေ့တွင် ပျဉ်းမနားမြို့နယ် စာဖြေဌာန၌ စာရင်းသွင်း ၂၆၉ ပါး၊ ဖြေဆို ၂၃၄ ပါး ရှိကြောင်းနှင့် လယ်ဝေးမြို့နယ်စာဖြေဌာန၌ စာရင်းသွင်း ၁၀၇ ပါး၊ ဖြေဆို ၉၂ ပါး ဝင်ရောက်ဖြေဆိုတော်မူကြသည်။
၂၀၂၃ ခုနှစ် အစိုးရဓမ္မာစရိယစာမေးပွဲများကို နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ်အသီးသီးရှိ ဓမ္မာစရိယစာဖြေဌာန ၇၁ ဌာနတို့တွင် မတ် ၂၁ ရက် မှ ၃၀ ရက်အထိ မတ်၂၇ ရက်(တပ်မတော်နေ့မပါ) ကိုးရက်တိုင်တိုင် ကျင်းပသွားမည်ဖြစ်ပြီး ၂၀၂၃ ခုနှစ် ပါဠိပထမပြန် စာမေးပွဲများကိုလည်း နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးရှိ ပါဠိပထမပြန် စာဖြေဌာန ၂၂၉ ဌာနတို့တွင် မတ် ၂၈ ရက်မှ ဧပြီ ၃ ရက်အထိ ခုနစ်ရက်တိုင်တိုင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
#MyanmarNationalPost

No comments:
Post a Comment