MNP ၊ မတ် ၅
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူသည် တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ် အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းက ကချင် ပြည်နယ်၊ မြစ်ကြီးနားမြို့ အောင်နန်းရပ်ကွက်ရှိ ကတ်သလစ်အသင်းတော်ရုံး၌ ခရစ်ယာန်ဂိုဏ်းဂဏပေါင်းစုံမှ ဘာသာရေးခေါင်ဆောင် များနှင့် တွေ့ဆုံစဉ် နိုင်ငံတော် တည်ငြိမ်အေးချမ်းနှင့် ဖွံ့ဖြိုးရေးအတွက် ကြိုးပမ်းဆောင်ရွက်မှုများကို မိမိတို့ တိုင်းရင်းသားအားလုံးက နိုင်ငံတော်အစိုးရနှင့်အတူ ဝိုင်းဝန်း ပူးပေါင်းကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်း တိုက်တွန်း ပြောကြားလိုက်သည်။
ထို့သို့ တွေ့ဆုံရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူ တိုင်းပြည်တည်ငြိမ်အေးချမ်းရေးနှင့် ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘာသာရေးခေါင်းဆောင်များအားလုံးက ကောင်းချီးတောင်းခံ ဆုတောင်း ဆက်ကပ်ပေးကြရန်လိုကြောင်း၊ သို့မှသာ တိုင်းပြည်အေးချမ်းသာယာ ဖွံ့ဖြိုတိုးတက်လာမည် ဖြစ်ပါကြောင်း ပြောကြားပြီး ခရစ်ယာန်ဂိုဏ်းဂဏပေါင်းစုံမှ ဘာသာရေးခေါင်းဆောင်များနှင့် အပြန်အလှန်မိတ်ဆက်ခဲ့ကြသည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူ၊ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့က ဘာသာရေးအသင်းအဖွဲ့အသီးသီးအတွက် လက်ဆောင်ခြင်းနှင့် အလှူငွေများကို ပေးအပ်လှူဒါန်းခဲ့ကြသည်။
ထို့နောက် မြစ်ကြီးနားမြို့ အံတော်ရှင်တောင်တန်းသာသနာပြုကျောင်းတိုက်၌ မြစ်ကြီးနားမြို့နယ် သံဃနာယဥက္ကဋ္ဌဆရာတော်နှင့် ပင့်သံဃာများအား ဖူးမျှော်ကြည်ညိုခဲ့ကြပြီး သာသနာရေးဆိုင်ရာများ လျှောက်ထားတင်ပြကြကာ ဆရာတော်၊ သံဃာတော်များထံ ဆန်အိတ် (၅၀) အိတ်၊ ဆီ (၂၀) ပုံးနှင့် လှူဖွယ်ပစ္စည်းများ၊ ဝတ္ထုငွေများကို ဆက်ကပ်လှူဒါန်းခဲ့ကြပြီး အံတော်ရှင်ဘုရားအား လက်ယာရစ်ပတ် ဖူးမျှော်ကြည်ညိုခဲ့ကြသည်။
ထိုမှတစ်ဆင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူ၊ ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ် တို့သည် မြစ်ကြီးနားမြို့၊ စီတာပူရပ်ကွက်ရှိ မနောကွင်းအတွင်း မနောအိမ်တော်၌ ပြည်နယ်အတွင်းရှိ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့ (၁၄) ခုတို့မှ တာဝန်ရှိသူများနှင့်တွေ့ဆုံသည်။
တွေ့ဆုံရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်က နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် မိမိတို့တိုင်းပြည် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုင်းရင်းသားများအရေးကို အလေးထားဆောင်ရွက်လျက်ရှိပါကြောင်း၊ ထိုသို့အလေးထားဆောင်ရွက်လျက်ရှိရာတွင် တိုင်းရင်းသားများ အားလုံးကလည်း ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ ယနေ့ တိုင်းရင်းသားများအနေဖြင့် မိမိတို့ စာပေနှင့်ရိုးရာယဉ်ကျေးမှု စသည့်အရေးအရာကိစ္စရပ်များ ဆောင်ရွက်နေခြင်းသည် နိုင်ငံ့အရေးဆောင်ရွက် နေခြင်းဖြစ်ပြီး မိမိတို့ တစ်ဦး/တစ်ဖွဲ့၏ အောင်မြင်မှုသည် မိမိတို့နိုင်ငံ၊ မိမိတို့ပြည်ထောင်စု၏ အောင်မြင်မှုပင် ဖြစ်ပါကြောင်း၊ ထို့အပြင် မိမိတို့အနေဖြင့် ပြောင်းလဲမှုများကို ရင်ဆိုင်လိုက်ပါဆောင်ရွက်တတ်မှသာ မိမိတို့တိုင်းပြည် တည်ငြိမ်အေးချမ်းပြီး သာယာဖွံ့ဖြိုးလာမည်ဖြစ်ပါကြောင်း၊ ယနေ့နိုင်ငံတော် တည်ငြိမ်အေးချမ်းနှင့် ဖွံ့ဖြိုးရေးအတွက် ကြိုးပမ်းဆောင်ရွက်မှုများကို မိမိတို့ တိုင်းရင်းသားအားလုံးက နိုင်ငံတော်အစိုးရနှင့်အတူ ဝိုင်းဝန်း ပူးပေါင်းကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်း တိုက်တွန်းမှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်က ကချင်ပြည်နယ်အတွင်း စာပေယဉ်ကျေးမှု အသီးသီးမှ ခေါင်းဆောင်များအနေဖြင့် မိမိတို့ဘာသာစကား၊ စာပေယဉ်ကျေးမှုများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပတ်သက်ပြီး ပွင့်ပွင့်လင်းလင်းပြောဆိုဆွေးနွေးတင်ပြကြရန် လိုအပ်ပါကြောင်း၊ ဆွေးနွေးတင်ပြမှုများကို မိမိတို့အနေဖြင့် လိုက်နာမှတ်သားပြီး ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာန အနေဖြင့် ဦးစီးဌာန (၂) ခုဖြင့် တိုင်းရင်းသားများ၏ စာပေ၊ ယဉ်ကျေးမှုနှင့် တိုင်းရင်းသားအခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ပေးလျက်ရှိပါကြောင်း၊ ထို့အပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်များအတွင်းရှိ တိုင်းရင်းသားများအရေး အပြည့်အဝဆောင်ရွက်နိုင်ရန်အတွက် သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် ဝန်ကြီးချုပ်များနှင့် ညှိနှိုင်းပြီး တိုင်းရင်းသားရေးရာဝန်ကြီးများကို လုပ်ငန်းတာဝန်ခွဲဝေအပ်နှင်းပေးခဲ့ပါကြောင်း၊ ယနေ့ တိုင်းရင်းသားခေါင်းဆောင်များအနေဖြင့် မိမိတို့၏တိုင်းရင်းသားအရေးကိစ္စရပ်များကို ဦးစီးဌာနနှစ်ခုနှင့် ချိတ်ဆက်ပြီး ကြိုးစားဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်နှင့် ဦးတည်ချက်များပါအတိုင်း မိမိတို့ ပြည်နယ်၏ အကျိုး၊ မိမိတို့နိုင်ငံ၏ အကျိုးအတွက် ဝိုင်းဝန်းပူးပေါင်း၍ ကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က ယနေ့မိမိတို့ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်း အဖွဲ့တာဝန်ရှိသူများအနေဖြင့် မိမိစာပေယဉ်ကျေးမှုများကို ထိန်းသိမ်းရာတွင် မိမိတို့ပြည်နယ်အစိုးရအဖွဲ့၊ ဌာနဆိုင်ရာများနှင့် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြရန် လိုကြောင်း တိုက်တွန်းပြောကြားခဲ့ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့က တက်ရောက် လာကြသည့် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့ ၁၄ ခုတို့အတွက် တစ်ဖွဲ့လျှင်ထောက်ပံ့ငွေကျပ် ၃ သိန်းစီနှင့် အမှတ်တရလက်ဆောင်များကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ထို့နောက် စာပေနှင့်ယဉ်ကျေးမှုအဖွဲ့ခေါင်းဆောင်များက စာပေ၊ ယဉ်ကျေးမှုများထိန်းသိမ်း ဆောင်ရွက်ရာတွင် လိုအပ်ချက်များ တင်ပြဆွေးနွေးကြရာ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က ပြန်လည်ရှင်းလင်းဆွေးနွေးရာ ပြည်ထောင်စုဝန်ကြီးနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်တို့က လိုအပ်ချက်များကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
#MyanmarNationalPost


No comments:
Post a Comment