MNP ၊ မတ် ၁၇
နိုင်ငံတော်ဗဟိုသံဃဝန်ဆောင် ဂန့်ဂေါမြို့၊ မြောက်ကုန်းရပ်ကွက် ဘုရားကြီးမြောက်ကျောင်းတိုက် ဆရာတော်ဘဒ္ဒန္တဝေပုလ္လပျံလွန်တော်မူခဲ့သည်မှာ တစ်နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်ရာ ကျန်ရစ်သူတပည့်များ၊ ဒါယကာ၊ ဒါယိကာမများတို့က တစ်နှစ်ပြည့်ကုသိုလ်ပွဲကို ယမန်နေ့နံနက်က အဆိုပါ ဘုန်းတော်ကြီးကျောင်းတိုက်တွင် ပြုလုပ်သည်။
အခမ်းအနားတွင် ရှေးဦးစွာ နမောတဿဂါထာတော်ဖြင့် အခမ်းအနားဖွင့်လှစ်၍ မြတ်စွာဘုရားအား ဆွမ်းတော်ကပ်လှူပူဇော်ကာ ရတနာသုံးပါးအား ပူဇော် ကန်တော့ကြသည်။ ထို့နောက် ဂန့်ဂေါမြို့ အနောက်ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဝဏ္ဏိဿရထံမှ ငါးပါးသီလကို ခံယူဆောက်တည်ကြကာ သံဃာတော်များထံမှ ပရိတ်တရားတော်ကိုနာယူကြပြီး ဆရာတော်ဘဒ္ဒန္တဝေပုလ္လအားရည်မှန်း၍ ကန်တော့ပူဇော်ဂါထာဖြင့် ရှိခိုးပူဇော်ကြကာ ကြွရောက်တော်မူလာကြသော သံဃာတော်များအား လှူဖွယ်ဝတ္ထုများ ဆက်ကပ်ကြသည်။
ထိုသို့ လှူဒါန်းကြရာတွင် ဦးဘမော်၊ ဒေါ်မဲသာ၊ ဦးတာတူး၊ ဦးဖိုးခိုင်၊ ဒေါ်ကြည်ခင်တိုးအားရည်စူး၍ ဒေါ်ကြည်အေး၊ မောင်ကောင်းပြည့်လျှံ မိသားစုတို့က သံဃာတော် ၁၀ ပါးအတွက် နဝကမ္မ အလှူငွေကျပ် ၁၀ သိန်း၊ ဆရာတော်၏ တပည့် ဒါယကာ၊ ဒါယိကာမများက စုပေါင်း၍ သံဃာတော် ၂၇ ပါးအတွက် သံဃာ့ပူဇာ ကျပ် ၂၇ သိန်း၊ ဒုလ္လဘသာမဏေ ၅ ပါးအတွက် သံဃာ့ပူဇာ ၇၅၀၀၀ ကျပ်၊ ဆွမ်းဒါနနှင့် ဧည့်ပရိသတ်များအား ကျွေးမွေးခြင်းအလှူအတွက် ဒေါ်နုနုကြည် မိသားစုက ငွေကျပ် ၅ သိန်း၊ ဒါယကာ၊ ဒါယိကာမများက စုပေါင်း၍ ငွေကျပ် ၃ သိန်းတို့ကို အသီးသီးလှူဒါန်းပေးအပ်၍ လှူဒါန်းမှုများအတွက် ရေစက်သွန်းချ အမျှပေးဝေကြကာ ဗုဒ္ဓသာသနံစိရံတိဌတုဂါထာတော်ဖြင့် အခမ်းအနားကို ရုတ်သိမ်းကြကြောင်း သိရသည်။
ထင်အောင်နိုင်
https://t.me/MyanmarNationalPost
No comments:
Post a Comment