MNP ၊ မတ် ၂၁
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ရွှေဘိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် မြို့နယ်ကလေးသူငယ် အခွင့်အရေးများဆိုင်ရာကော်မတီ အစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၁နာရီချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်မံစီအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်မျိုးဝင်းက အဖွင့်အမှာစကားပြောကြားရာ မြန်မာနိုင်ငံသည် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံဖြစ်ကြောင်း၊ ကလေးသူငယ်အခွင့်အရေးများ ပိုမိုရရှိစေရေးအတွက် ကလေးသူငယ်ဆိုင်ရာ ဥပဒေများ ပြဋ္ဌာန်းခဲ့ပြီးဖြစ်ကြောင်း၊ ရွှေဘိုမြို့နယ် ကလေးသူငယ်ဆိုင်ရာ ကော်မတီဝင်များအနေဖြင့် ကလေးသူငယ်အခွင့်အရေးနှင့် သက်ဆိုင်သည့် ဥပဒေ၊ နည်းဥပဒေ၊ ပြစ်ဒဏ်များကို ဒေသခံပြည်သူများ ကလေးသူငယ်များ ကျယ်ကျယ်ပြန့်ပြန့် သိရှိရေး အသိပညာပေး ဆောင်ရွက်ကြရန်နှင့် ကလေးအလုပ်သမားများ တဖြေးဖြေး လျော့နည်းပပျောက်ရေး ဝိုင်းဝန်းလက်တွဲ ပူးပေါင်းဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ ရွှေဘိုခရိုင် လူမှုဝန်ထမ်းဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူးဒေါ်ကြွယ်ကြွယ်ဝင်းက လူမှုဝန်ထမ်းဦးစီးဌာနအနေဖြင့် လုပ်ငန်းကြီး(၇)ရပ်ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်းနှင့် လူ့အခွင့်အရေးအဓိပ္ပါယ်၊ လူ့အခွင့်အရေးတွင် ပါဝင်သည့်အချက်များ၊ ကလေး၏ အဓိပ္ပါယ်၊ ကလေးသူငယ် အခွင့်အရေးဆိုင်ရာ သဘောတူစာချုပ်မှ သိသင့်သိထိုက်သည့် အခွင့်အရေးများ၊ အလုပ်ရှင်များအတွက် ကလေးသူငယ် အခွင့်အရေးဆိုင်ရာမူများ၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ကလေးများအတွက် ဆောင်ရွက်ပေးသည့် လုပ်ငန်းများ ထောက်ပံ့ပေးနေမှုများ၊ ကလေးသူငယ်အခွင့်အရေးများနှင့် ပတ်သက်သည့် ဥပဒေ၊ နည်းဥပဒေများ စသည်တို့ကို ဆွေးနွေးပြောကြားခဲ့ပြီး၊ တက်ရောက်လာသည့် အဖွဲ့ဝင်များက ပြန်လည်ဆွေးနွေးခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost

No comments:
Post a Comment