MNP ၊ မတ် ၆
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့တွင် တည်ထားကိုးကွယ်လျက်ရှိသော ရှေးဟောင်း သမိုင်းဝင် မဟာမကုဋရံသီ ဆံတော်ရှင်မြတ် မော်တင်စွန်းစေတီတော်မြတ်ကြီး ဗုဒ္ဓပူဇနိယပွဲတော်ကို ဖေဖော်ဝါရီလ ၁၉ ရက်နေ့ (တပေါင်းလဆန်း (၁)ရက်နေ့)တွင် ဖွင့်ပွဲအခမ်းအနားဖြင့် စတင်ဖွင့်လှစ်ခဲ့ပြီး ပွဲတော် ကာလတွင် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာရောက်သူများဖြင့် စည်ကားများပြား၍ နေ့စဉ်ဘုရားဖူးဧည့်သည် (၂၀၀၀) ကျော်လာရောက်ဖူးမျှော်ကြကာ အစိုးရရုံးပိတ်ရက် များတွင် ဘုရားဖူးဧည့်သည်များ ပိုမိုများပြားစွာ လာရောက်ဖူးမြော်ကြကြောင်းနှင့် ယခင်နှစ်များကထက ်ပိုမိုစည်ကားကြောင်း သိရသည်။
ရှေးဟောင်းသမိုင်းဝင် မဟာမကုဋရံသီ ဆံတော်ရှင်မြတ် မော်တင်စွန်းစေတီတော်မြတ်ကြီးသည် မြတ်စွာဘုရားရှင်၏ ဆံတော်အစစ်ဖြင့်တည်ထားသော ဘုရားတစ်ဆူဖြစ်သည့်အတွက် ရပ်ဝေးရပ်နီးမှ ဘုရားဖူးဧည့်သည်များသည် လမ်းခရီး ဝေးသော်လည်း ရေလမ်းမှ သင်္ဘောများဖြင့်လည်းကောင်း၊ ကုန်းလမ်းမှ မော်တော် ကားများဖြင့်လည်းကောင်း လာရောက်ဖူးမျှော်ကြပြီး ဥပုသ်သတင်းသီလ ဆောက် တည်ခြင်း၊ အဓိဌာန်ဝင်ခြင်း၊ အလှူအတန်းနှင့် ကောင်းမှုကုသိုလ်များပြုလုပ်ခြင်း၊ ပရိတ်/ပဌာန်း ဒေသနာတော် ရွတ်ဖတ်ပူဇော်ခြင်း၊ ဆီမီး၊ ပန်း၊ ရေချမ်း ကပ်လှူပူဇော် ခြင်း၊ နဂါးစာကျွေးခြင်းတို့ကို ပြုလုပ်ကြကြောင်း သိရသည်။
ယခုနှစ်တွင် ဘုရားပွဲတော်အား (၁၅)ရက်ကြာ ကျင်းပပြုလုပ်ခဲ့ပြီး ပွဲတော်ကာလအတွင်း အနယ်နယ် အရပ်ရပ်မှ ဘုရားဖူးရဟန်းသံဃာ (၁၀၃၆) ပါး၊ သီလရှင် (၄၂၅)ပါးနှင့် ခရီးသွားဧည့်သည် (၅၁၉၂၇) ဦး လာရောက်ဖူးမျှော် ကြည်ညိုခဲ့ကြပါသည်။ ဆံတော်ရှင်မြတ်မော်တင်စွန်းစေတီတော်မြတ်ကြီး၏ ရင်ပြင်တော်တိုးချဲ့ခြင်း လုပ်ငန်းအပိုင်း(၁)ကို ဘုရားပွဲတော် ကာလမတိုင်မီ ပြီးစီးအောင် ဆောင်ရွက်နိုင်ခဲ့သည့် အတွက် ဘုရားဖူးလာရောက်ကြသည့် ရဟန်းရှင်လူပြည်သူများ ဘုရားရင်ပြင်တော် ပေါ်တွင် စိတ်အေးချမ်းစွာဖြင့် ဘုရားဖူးမျှော်ကြည်ညိုနိုင်ခဲ့ပြီး ရင်ပြင်တော် တိုးချဲ့ တည်ဆောက်ခြင်းနှင့် မဟာရံတံတိုင်းတည်ဆောက်ခြင်းတို့အတွက် ကုသိုလ်ယူ ပါဝင် လှူဒါန်းနိုင်ခဲ့ကြကြောင်း သိရသည်။
ရှေးဟောင်းသမိုင်းဝင် မဟာမကုဋရံသီ ဆံတော်ရှင်မြတ် မော်တင်စွန်းစေတီ တော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ပိတ်ပွဲ အခမ်းအနားကို မတ်လ(၅)ရက် (တပေါင်း လပြည့်နေ့)တွင် အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီး မတ်လ(၆)ရက်နေ့တွင် ဘုရားရင်ပြင် တော်နှင့် ပတ်ဝန်းကျင်နေရာများ၊ ဘုရားပွဲဈေးတန်း ပြုလုပ်ရာနေရာများတွင် နယ်မြေခံရေတပ်စခန်းဌာနချုပ်မှ အရာရှိ၊ စစ်သည်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ နှင့် ဌာနဆိုင်ရာ ဝန်ထမ်းများမှ စုပေါင်းသန့်ရှင်းရေးပြုလုပ် ကုသိုလ်ယူဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။
#MyanmarNationalPost



No comments:
Post a Comment