လှိုင်သာယာမြို့နယ်တွင် လူမိုက်အင်အားဖြင့် တုတ်၊ ဓား၊ ပေါက်ဆိန်များ ကိုင်ဆောင်ကာ အိုးအိမ် အဆောက်အဦးနှင့် ခြံစည်းရိုးတို့အား အကြမ်းဖက်ခြိမ်းခြောက် ဖြိုဖျက်ပြီး နိုင်ထက်စီးနင်း ခြံစည်းရိုးကာရံခြင်းတို့အတွက် သက်ဆိုင်ရာကို တိုင်ကြားရာ ဖြေရှင်းဆောင်ရွက်ပေးခြင်း မရှိသဖြင့် နိုင်ငံတော်ဝန်ကြီးချုပ်ထံ တင်ပြတိုင်ကြား - Myanmar National Post

Myanmar National Post

News Agency

Breaking

လှိုင်သာယာမြို့နယ်တွင် လူမိုက်အင်အားဖြင့် တုတ်၊ ဓား၊ ပေါက်ဆိန်များ ကိုင်ဆောင်ကာ အိုးအိမ် အဆောက်အဦးနှင့် ခြံစည်းရိုးတို့အား အကြမ်းဖက်ခြိမ်းခြောက် ဖြိုဖျက်ပြီး နိုင်ထက်စီးနင်း ခြံစည်းရိုးကာရံခြင်းတို့အတွက် သက်ဆိုင်ရာကို တိုင်ကြားရာ ဖြေရှင်းဆောင်ရွက်ပေးခြင်း မရှိသဖြင့် နိုင်ငံတော်ဝန်ကြီးချုပ်ထံ တင်ပြတိုင်ကြား



















MNP ၊ မတ် ၂၁

လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ အတွင်းပဒံရပ်ကွက်၊ ခိုင်ရတနာလမ်းတွင် နေထိုင်သော ဦးသိန်းဌေး တို့မိသားစု၏ နေအိမ်ခြံဝင်းအတွင်း (၁-၃-၂၀၂၃) ရက်နေ့က လူမိုက်ခေါင်းဆောင် ဒေါ်မာလာ၊ စောလီရိုနှင့် ဦးဆောင်သော ကြေးစားလူမိုက်(၇၀)ခန့်က တုတ်၊ ဓား၊ ပေါက်ဆိန်၊ ရဲဒင်း၊ တူ၊ သံတူရွင်းတို့ကို ကိုင်ဆောင်ပြီး ကား(၁၀)စီး၊ ထွေလာဂျီ(၃)စီးဖြင့် လာရောက်ကာ အိမ်(၁၆)လုံး၊ ဝက်တဲ(၃)လုံး နှင့် ခြံစည်းရိုးများကို ရိုက်ချိုးဖျက်ဆီးပြီး ၎င်းတို့ကားပေါ်တွင် အသင့်ပါလာသော ဘိလပ်မြေအုတ်တိုင်၊ သံဇကာလိပ်တို့ဖြင့် ကိုသိန်းဌေးတို့ မိသားစု၏ နေအိမ်ခြံဝင်းအား နိုင့်ထက်စီးနင်း ခြံစည်းရိုးကာရံ သိမ်းပိုက်ခြင်းကြောင့် သက်ဆိုင်ရာ ရပ်ကျေး၊ မြို့နယ်ရဲတပ်ဖွဲ့တို့ထံ သွားရောက်တိုင်ကြားရာ ဖြေရှင်းဆောင်ရွက်ပေးခြင်း မရှိသဖြင့် နိုင်ငံတော်ဝန်ကြီးချုပ်ထံ (၁၃-၃-၂၀၂၃) ရက်နေ့က တင်ပြတိုင်ကြားခဲ့ကြောင်း သိရသည်။

ကိုသိန်းဌေးတို့၏ မိသားစုမှာ ဈေးရောင်းစားကြသူများဖြစ်သဖြင့် မိမိတို့နေအိမ်ခြံဝန်းအား ထိုသို့ လာရောက်ဆောင်ရွက်နေသည့်အပေါ် သွားရောက်တားမြစ်ရာ လူမိုက်ခေါင်းဆောင် ဒေါ်မာလာက ပြန်လည်ခြိမ်းခြောက်ပြောဆိုပြီး ၎င်းတို့၏ ခြံစည်းရိုးကာရံနေမှုကို ဓာတ်ပုံမှတ်တမ်း ရိုက်ယူစဉ် လူမိုက်အဖွဲ့မှ ဒေါ်မာလာ၊ စောလီရိုနှင့် လူမိုက်(၅)ယောက် ခန့်က ဝိုင်းဖမ်းပြီး ဖုန်းကိုလုယူ၍ မှတ်တမ်းဓာတ်ပုံများကို ဖျက်ဆီးခြင်း၊ ကိုသိန်းဌေးအား ကားအတွင်းသို့ အတင်းအဓမ္မချုပ်နှောင် ခေါ်ဆောင်ပြီး တုတ်၊ ဓား၊ သေနတ်ပြ၍ သတ်ပစ်မည်ဟု ခြိမ်းခြောက်ပြောဆိုရာ အသက်လု၍ ရုန်းကန်ထွက်ပြေးခဲ့ရကြောင်း ကိုသိန်းဌေးက ပြောသည်။

ကိုသိန်းဌေး ၏ မိခင် က "ကျွန်မ သားသမီးတွေက ကြက်သားရောင်းတဲ့ အလုပ် လုပ်တာဆိုတော့ အိမ်မယ် တစ်ယောက်မှ မရှိဘူး။ ကျွန်မတို့ ခြံထဲမှာ လူနေအိမ်လေးတွေ ဆောက်ထားတယ်။ နေကြတယ်။ ကျွန်မတို့ ခြံစည်းရိုး ကျောက်တိုင်လေးတွေ စိုက်ထားတာလည်း ရှိတယ်။ ၃လပိုင်း ၁ ရက်နေ့ က ရနာရီကျော် ၈ နာရီဝန်းကျင် မမာလာဦးစီးတဲ့ အဖွဲ့တွေကနေပြီးတော့ ထောက်လာဂျီတွေရော၊ လိုက်ထရပ်တွေရော၊ ကားအမဲလေးရော ပါတယ်။ သူတို့ လက်ထဲမှာ ကိုအောင်ကျော်မိုး ဝယ်ထားတဲ့အကွက်ပါဆိုပြီးတော့ ကျွန်မတို့ ခြံထဲက အိမ်တွေကို အကုန်လုံးဖျက်တာ၊ ကျွန်မသားက ဓာတ်ပုံမှတ်တမ်းရိုက်မယ်ဆိုတော့ ဟဲ့ မသွားနဲ့။ ခုတ်သတ်လိမ့်မယ်။ သားနဲ့ ညီအစ်ကိုလို နေကြတဲ့ အောင်မင်းဆိုတဲ့ ကလေးနဲ့ ၂ယောက် မှတ်တမ်းတော့ ရိုက်ထားအုံးမယ်ဆိုပြီး ရိုက်တဲ့အခါကြတော့ သားကို အင်္ကျီလည်စည်းက စောင့်စွဲပြီး ကားပေါ်တန်းတင်လိုက်တာပေါ့။ မမာလာဆိုတဲ့ လူက ဦးစီးပြီးလာတာ။" ဟု ပြောသည်။

ဦးသိန်းဌေး က "လူအင်အား လေးငါးရှစ်ဆယ်လောက် ရှိတယ်။ ကျွန်တော်အိမ်တွေက ဓားတွေ တဝင်းဝင်းနဲ့ ခုတ်ဖြတ်၊ လူတွေကို အမြန်ဆင်း အမြန်ဆင်းဆိုပြီးတော့ ဓားတွေနဲ့ ခုတ်ဖြတ်တာ။" ဟု ပြောသည်။

အဆိုပါဖြစ်စဉ်အခြေအနေအပေါ် သက်ဆိုင်ရာသို့ တိုင်ကြားခဲ့ခြင်း ရှိ/မရှိ မေးမြန်းရာ ဦးသိန်းဌေး က"တိုင်ပါတယ်။ ဘယ်သူမှ မလာပါဘူး။ ဥက္ကဋ္ဌကိုလည်း လှမ်းဆက်ပါတယ်။ စခန်းကိုလည်း ဆက်တယ်။ ဆက်လို့မရတော့ စခန်းကို ကျွန်တော်သွားတယ်။ စခန်းကလည်း အမှုဖွင့်မပေးဘူး။ စခန်းက ပြန်ထွက်တဲ့အချိန်မှာ ဒေါ်မာလာဆိုတဲ့ လူမိုက်ခေါင်းဆောင် ဖုန်းဆက်ပြီး နင်စခန်းကို အမှုသွားဖွင့်တာလားတဲ့၊ အမှုသွားဖွင့်ရင် နင့်ကို ဘောင်ချာစုတ်ပစ်မယ်တဲ့။" ဟု ပြောသည်။

မြေယာပြဿနာစတင်ပေါ်ပေါက်ခဲ့သည့် အခြေအနေနှင့် ပတ်သက်၍ "ကျွန်တော်က ဦးသိန်းစိန် လက်ထက်ကတည်းက ပလပ်မြေပြန်လျှောက်လို့ရတယ်ဆိုတော့ ဦးသိန်းစိန် လက်ထက် ၂၀၁၄ ကတည်းက ကျွန်တော် လျှောက်ပါတယ်။ စိစစ်တင်ပြပါဆိုပြီးတော့ စာထွက်ထားတယ်။ အဲဒီလိုနဲ့ ရွေးကောက်ပွဲပြီးတော့ NLD လက်ထက် ရောက်လာတယ်။ NLD လက်ထက်မှာလည်း ကျွန်တော် စာပြန်တင်တယ်။ စွန့်လွှတ်စာ ထွက်ပေးပါတယ်။ အဲဒီမှာ အောင်ကျော်မိုးနဲ့ ကျွန်တော် ပြဿနာတက်တယ်။ သူတို့က ခြံထဲက သီးပင်စားပင်တွေရော၊ အိမ်တွေရော တခါလာပြီး ဓားနဲ့ခုတ်ဖျက်သေးတယ်။ တရားရုံးမှာ အမှုရင်ဆိုင်ရပါတယ်။ သူတို့ကလည်း တရားစွဲတယ်။ ကျွန်တော်ကလည်း တရားစွဲတယ်။ သူတို့က စွဲလို့မရဘူး။ တရားရုံးက ပလပ်ပစ်လိုက်တယ်။ ကျွန်တော်စွဲတဲ့အမှုကို တရားရုံးမှာလည်း ကျွန်တော် နိုင်ခဲ့ပါတယ်။ ကျွန်တော့်မိသားစုတွေ အမတွေ၊ တူတွေ ခြံကွက်မရှိတဲ့အခါကြတော့ ဒီထဲမှာပဲ နေကြတာ။ သူတို့လာလုပ်တဲ့ နေ့က ဘယ်သူမှ မရှိဘူး။ ကျွန်တော်က ဘယ်သူလုပ်ခိုင်းတာလဲ မေးတော့ မင်းလျာကျောမရှည်နဲ့ ဆိုပြီး ကားထဲ စွဲထည့်တာ။ ကျွန်တော်နဲ့ တရားရင်ဆိုင်ရတဲ့ အောင်ကျော်မိုးဆိုတာက မြို့ထဲမှာ နေတာ။ သူတို့ ဝယ်ထားတယ်။ ဂရန်ရှိတယ်ဆိုပြီး လာတယ်။ အဲဒီဂရန်ကို ထုတ်ပြခိုင်းတော့ ထုတ်ပြခိုင်းလို့ မရပါဘူး။ မိတ္တူပဲ ပါတယ်၊ မိတ္တူပဲ ပါတယ် နဲ့ တရားရုံးမှာလည်း ဂရန်အစစ်တင်ပြခိုင်းတော့ မတင်ပြနိုင်ပါဘူး။ သူရှုံးသွားပါတယ်။" ဟု ပြောသည်။


အချင်းဖြစ်သည့် (၁-၃-၂၀၂၃) ရက် နေ့မှစ၍ ဦးသိန်းဌေး၏ မိသားစုဝင်များမှာ လူမိုက်များ၏ ရန်ပြုစော်ကားမှုကို ကြောက်လန့်၍ တိမ်းရှောင်နေကြရကြောင်း သိရသည်။


ဦးသိန်းဌေး အနေဖြင့် နိုင်ငံတော်ဝန်ကြီးချုပ်ထံ တင်ပြထားသည့်စာတွင် (၆-၃-၂၀၂၃) ရက်နေ့ ည(၈း၀၀)နာရီ အချိန်ခန့်တွင် ခြံဝန်းထဲ နေထိုင်သည့် အိမ်(၁၆)လုံးရှိ လူများအား လူမိုက်အဖွဲ့မှ ဗျူဟာမှူးကို ပြောပြီးဖြစ်၍ နေ့မဆိုင်းဘဲ ထွက်ခွါသွားကြရန် တုတ်၊ ဓား၊ သေနတ် ကိုင်ဆောင်ပြသ၍ အကြမ်းဖက်ခြိမ်းခြောက်ကာ ထပ်မံပြောဆိုလာကြောင်း၊ ယခုအခါ အကြမ်းဖက်လူမိုက်အဖွဲ့မှ ဒေါ်မာလာက သတ်ပစ်မည်ဟု ဖုန်းဖြင့် ခြိမ်းခြောက်ပြောဆို ရန်ရှာနေသည်ဖြစ်၍ မိသားစုများမှာ အားကိုးရာမဲ့ကာ အသက်အန္တရာယ်အတွက်ပါ ကြောက်လန့်ကြီးစွာဖြင့် နေထိုင်နေရကြောင်း၊ စုံစမ်းစစ်ဆေး အရေးယူပေးပါရန် တိုင်ကြားထားသည်။

၂၀၁၉ခုနှစ်၊ ရာဇဝတ်ကြီးမှုအမှတ် - ၃၅၃ တရားလို ဦးသိန်းဌေး နှင့် တရားခံများဖြစ်သည့် (၁)ဦးတိုးဝင်းအောင် (၂)ဦးအောင်ကျော်မိုး (၃)ဦးဘသာ ရာဇသတ်ကြီးပုဒ်မ ၄၅၁၊ ၄၂၇၊ ၂၉၄၊ ၅၀၆ အရစွဲဆိုထားသော အမှုတွင် လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ် တရားရုံးက (၁)တရားခံ ဦးတိုးဝင်းအောင်၊ (၂)တရားခံ ဦးအောင်ကျော်မိုး (၃)တရားခံ ဦးဘသာ တို့သည် ရာဇသတ်ကြီး ပုဒ်မ ၄၄၇ အရ ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားပေါ်ပေါက်သဖြင့် ငွေဒဏ်ကျပ်-၅၀၀၀၀ိ/- (ကျပ်ငါးသောင်းတိတိ)စီ ပေးဆောင်ကြစေ၊ ငွေဒဏ်မဆောင် ပျက်ကွက်ပါက အလုပ်နှင့် ထောင်ဒဏ်(၁၅) ရက်စီ ကျခံကြစေ။ ၎င်းတရားခံမျးသည် ရာဇသတ်ကြီးပုဒ်မ (၄၂၇) အရ ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားပေါ်ပေါက်သဖြင့် ငွေဒဏ်ကျပ်-၁၀၀၀၀၀ိ/-(ကျပ်တစ်သိန်းတိတိ)စီ ပေးဆောင်ကြစေ၊ ငွေဒဏ်မဆောင် ပျက်ကွက်ပါက အလုပ်နှင့် ထောင်ဒဏ် (၆)လစီ ကျခံကြစေ၊ ၎င်းတရားခံများသည် ရာဇသတ်ကြီးပုဒ်မ ၂၉၄(ခ) အရ ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားပေါ်ပေါက်သဖြင့် ငွေဒဏ်ကျပ်-၅၀၀၀၀ိ/-(ကျပ်ငါးသောင်းတိတိ)စီပေးဆောင်ကြစေ။ ငွေဒဏ်မဆောင်ပျက်ကွက်ပါက အလုပ်နှင့်ထောင်ဒဏ် (၁၅)ရက် စီ ကျခံကြစေ ဟု အမိန့်ချမှတ်ထားသည်ကို တွေ့ရသည်။


(မှတ်ချက် - မြေယာပြဿနာများတွင် ယခင်အစိုးရများလက်ထက်ကလည်း ငွေရှင်ကြေးရှင်များက လူမိုက်များ ငှားရမ်းကာ မိုက်ကြေးခွဲ ရမ်းကားစွာ ဆောင်ရွက်၍ ဘာသာရေးကို ခုတုံးလုပ်ခဲ့သော ပြဿနာများလည်း ရှိပါသည်။ အထက်ဖော်ပြပါဖြစ်စဉ်သည် နစက အစိုးရလက်ထက်တွင် မင်းမဲ့စရိုက်ဆန်ဆန် တပ်မတော်အရာရှိများ၏ ပုံရိပ်ကိုပင် လူမိုက် လူရမ်းကားများက အသုံးပြု၍ လုပ်ဆောင်ခဲ့သည့်အပေါ် သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် ဥပဒေနှင့်အညီ ဆောင်ရွက်ပေးနိုင်ပါရန်နှင့် လူမိုက်လူရမ်းကားများ၏ ရမ်းကားစော်ကားမှုကြောင့် တိမ်းရှောင်နေရသော မိသားစုဝင်များကို လုံခြုံမှုပေးနိုင်ပါရန် မြန်မာနေရှင်နယ်ပို့စ် က ဖော်ပြပေးလိုက်ရခြင်းဖြစ်ပါသည်။)

#MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)