မြန်မာနိုင်ငံ လူငယ်ရေးရာလုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၃) ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြန်မာနိုင်ငံ လူငယ်ရေးရာလုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၃) ကျင်းပ


MNP ၊ မတ်   ၇

မြန်မာနိုင်ငံလူငယ်ရေးရာလုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၁/၂၀၂၃)ကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရုံးအမှတ် (၃၁) အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပသည်။


အစည်းအဝေးသို့ မြန်မာနိုင်ငံလူငယ်ရေးရာ လုပ်ငန်းကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာစိုးဝင်း၊ လုပ်ငန်းကော်မတီအဖွဲ့ဝင်များဖြစ်ကြသည့် ညွှန်ကြားရေးမှူးချုပ်များ၊ ဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များတက်ရောက်ကြပြီး ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ ဒုတိယဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများက အွန်လိုင်းစနစ်ဖြင့် တက်ရောက်ကြသည်။


ဦးစွာ ဒုတိယဝန်ကြီး ‌ဒေါက်တာစိုးဝင်းက လူငယ်ဖွံ့ဖြိုးရေးဆိုင်ရာကဏ္ဍ(၁၆)ရပ်ကို အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်သွားနိုင်ရေး ဝန်ကြီးဌာနများ၊ ပြည်နယ်/တိုင်းဒေသကြီးများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်နိုင်ရန်အတွက် မြန်မာနိုင်ငံလူငယ်ရေးရာလုပ်ငန်းကော်မတီကို ဖွဲ့စည်းခဲ့ပါကြောင်း၊ နိုင်ငံတော်၏ အဖိုးတန်လူ့စွမ်းအားအရင်းအမြစ်များဖြစ်သည့် လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး ကိစ္စရပ်များနှင့်ပတ်သက်၍ အမျိုးသားအဆင့်မဟာဗျူဟာစီမံချက်များနှင့်အညီ ရေတို/ရေရှည်စီမံကိန်းများရေးဆွဲ၍ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်ထိ လုပ်ငန်းလမ်းညွှန်ချက်များချမှတ်ကာ ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း။


ဝန်ကြီးဌာနအနေဖြင့်လည်း အာဆီယံလူငယ်ဆိုင်ရာ ဝန်ကြီးများအဆင့်ဆွေးနွေးပွဲနှင့် အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးကို အိမ်ရှင်နိုင်ငံအဖြစ်ဆောင်ရွက်ရန် စီစဉ်လျက်ရှိကြောင်း၊ နိုင်ငံတကာအဆင့်မီ လူငယ်လူရွယ်များဖြစ်လာစေရန် အားလုံးဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ကျောင်းနေအရွယ် လူငယ်/လူရွယ်များ သာမက ပညာဆက်လက်သင်ယူနိုင်ခြင်းမရှိသည့် ကျောင်းပြင်ပနေလူငယ်များ၏ အလုပ်အကိုင်အခွင့်အလမ်းများပိုမိုရရှိစေရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြည်နယ်နှင့်တိုင်းဒေသကြီးများတွင် ကဏ္ဍအလိုက်နွေရာသီသင်တန်းများ ဖွင့်လှစ်သွားရန် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ မသန်စွမ်းလူငယ်များအတွက် ပြည်ထောင်စုနယ်မြေ(နေပြည်တော်)အပါအဝင် ပြည်နယ်နှင့်တိုင်းဒေသကြီးများ၌ အသက်မွေးဝမ်းကျောင်းသင်တန်းများဖွင့်လှစ်ခြင်းနှင့် အားကစားသင်တန်းများအပါအဝင် ကဏ္ဍအလိုက်လူငယ်ဘက်စုံဖွံ့ဖြိုးရေး သင်တန်းများဖွင့်လှစ်သွားကြရန် တိုက်တွန်းပြောကြားသည်။


ဆက်လက်၍ မြန်မာနိုင်ငံလူငယ်ရေးရာလုပ်ငန်းကော်မတီအတွင်းရေးမှူး၊ လူငယ်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးနေဝင်းက လူငယ်ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှုနှင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။


ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် ကိုယ်စားလှယ်များက လူငယ်ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် နှစ်အလိုက်ဆောင်ရွက်မည့်အစီအစဉ်များ၊ အသိပညာပေးဟောပြောပွဲနှင့် လူငယ်စကားဝိုင်းပြုလုပ်ဆောင်ရွက်ခဲ့မှု၊ အသက်မွေးဝမ်းကျောင်းသင်တန်းများဖွင့်လှစ်ခဲ့မှု၊ အားကစားပြိုင်ပွဲကျင်းပခဲ့မှု၊ နွေရာသီသင်တန်းများနှင့်ပတ်သက်၍ ဆွေးနွေးတင်ပြခဲ့ရာ ဒုတိယဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)