MNP ၊ မတ် ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်တွင် (၇၈)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသော အားဖြင့် လမ်းသစ်ဖွင့်ပွဲ အခမ်းအနားများကို ယမန်နေ့က ကျင်းပပြုလုပ်ရာ ဧရာဝတီတိုင်းအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း တက်ရောက်ဖွင့်လှစ်ပေးခဲ့ သည်။
အဆိုပါ လမ်းသစ်များမှာ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ရန်ပုံငွေ (၃၈၈.၄၄)သိန်းဖြင့် လမ်းအရှည်(၁၄၅၀)ပေ၊ အကျယ်(၁၂)ပေ၊ ပြည်သူများမှ ထည့်ဝင်ငွေ (၂၀၆)သိန်းဖြင့် လမ်းအရှည်(၇၅၀) ပေ၊ အကျယ် (၁၂)ပေဖြင့် စုစုပေါင်းလမ်းအရှည် (၂၂၀၀)ပေ ရှိသည့် ကံ့ကော်မြိုင်ရပ်ကွက်၊ ကံ့ကော်မြိုင် (၂) လမ်းသစ်ဖွင့်ပွဲကို ယမန်နေ့ မွန်းလွဲ ၃ နာရီ ၃၀ အချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ဆက်လက်၍ မြရတနာရပ်ကွက်၊ နဝရတ်လမ်း ကတ္တရာ ရေပိတ်လွှာခင်းလမ်းပိုင်းကို မြို့နယ် စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ရန်ပုံငွေ (၂၄၅.၂၃)သိန်းဖြင့် လမ်းအရှည် (၃၂၈၀)ပေ၊ အကျယ် (၂၄) ပေ၊ ပြည်သူများမှ ထည့်ဝင်ငွေ(၁၀၀)သိန်းဖြင့် လမ်းအရှည်(၁၃၂၀) ပေ၊ အကျယ်(၂၄)ပေဖြင့် စုစုပေါင်း လမ်းအရှည် (၄၆၀၀)ပေနှင့် နဝရတ်လမ်း(စက်မှုဇုန်အပိုင်း) ကွန်ကရစ်ခင်းလမ်းပိုင်းအတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် (ဖြည့်စွက်) ရန်ပုံငွေ (၂၃၃.၀၀)သိန်းဖြင့် လမ်းအရှည်(၅၄၀)ပေ၊ အကျယ် (၁၄)ပေ ဆောင်ရွက်ပြီး ပြည်သူများမှ ထည့်ဝင်ငွေ (၅၀၀)သိန်းဖြင့် လမ်းအရှည်(၉၄၀)ပေ၊ အကျယ်(၁၄)ပေ၊ စုစုပေါင်း လမ်းအရှည်(၁၄၈၀)ပေ ရှိသည့် နဝရတ်လမ်းသစ်ဖွင့်ပွဲကို ယမန်နေ့ ညနေ ၄ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ လမ်းသစ်ဖွင့်ပွဲများကို ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မိုးမင်းနိုင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းခယ်၊ လူမှုရေးဝန်ကြီး ဦးမောင်မောင်သန်းတို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ပြီး မြို့နယ် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးအောင်တင်ထွန်းက လမ်းသစ်ဖွင့်ပွဲ အထိမ်းအမှတ် လက်ဆောင်အား ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းထံ ပေးအပ်ခဲ့သည်။ ထိုနောက် ဝန်ကြီးချုပ်နှင့် တက်ရောက်လာသူများမှ ကွန်ကရစ်လမ်းသစ်များအား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့သည်။
အဆိုပါလမ်းသစ်များအား Su Tint Htun ကုမ္ပဏီမှ တင်ဒါအောင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost


No comments:
Post a Comment