MNP ၊ မတ် ၂၁
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်တွင် သီးနှံစိုက်ပျိုးနိုင်သည့် မြေဧရိယာဧက ၉သောင်းကျော်သာ ရှိသော်လည်း နှစ်စဥ်ရာသီအလိုက် သီးနှံမျိုးစုံအား သီးထပ်၊ သီးညှပ်၊ တနှစ်လျင် ၂ သီး၊ ၃သီး စိုက်ပျိုး ထုတ်လုပ်လျက်ရှိရာ သီးနှံစုံဧက ၂ သိန်း ၁ သောင်းကျော် စိုက်ပျိုးထုတ်လုပ်နေကြောင်း၊ တောင်သူများ ယခုလို စိုက်ပျိုး ထုတ်လုပ်နိုင်စေရေး အတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ နည်းပညာများ၊ ဓာတ်မြေသြဇာနှင့် အထွက်နှုန်းတိုးစေသည့် မျိုးကောင်း မျိုးသန့်မျိုး စေ့များ ပံ့ပိုးပေးနေကြောင်း သိရသည်။
ရာသီအလိုက် စိုက်ပျိုးရသည့် သီးနှံများအတွက် တိုင်းဒေသကြီးအစိုးရအစီအစဥ်ဖြင့် ရရှိလာသည့် ယူရီးယားမြေသြဇာ အား အမှန်တကယ်စိုက်ပျိုးသည့် တောင်သူများ လက်ဝယ်အရောက် ချိုသာသော စျေးနှုန်းဖြင့် ရောင်းချပေးသလို တောင်သူများအား မြို့နယ်ရုံးသို့ ဖိတ်ကြားပြီး စိုက်ပျိုးရေး နည်းပညာများ၊ စူပါဘိုကာရှီမြေဆွေးပြုလုပ်နည်း၊ ပိုးမွှားအန္တရာယ် ကြိုတင်ကာကွယ်သည့် နည်းလမ်းများ၊ သဘာဝပိုးတားဆေးဖော်စပ်သည့်နည်းပညာ၊ ကိုယ်တိုင်ဖော်စပ် နိုင်သည့် အပင်အားဆေး၊ ရွက်ဖြန်းဆေး၊ သဘာဝပတ်ဝန်းကျင်ထိခိုက်မှု နည်းစေရန်အတွက် ဓာတ်မြေသြဇာနှင့် သဘာဝ မြေသြဇာ အချိုးကျပေါင်းစပ် အသုံးပြုသည့်နည်းလမ်းများကို သင်တန်းပုံစံဖြင့်လည်းကောင်း၊ သရုပ်ပြပွဲ ပုံစံမျိုးဖြင့် လည်းကောင်း၊ ဆွေးနွေးပွဲပုံစံဖြင့် လည်းကောင်း နည်းပညာများ ဖြန့်ဖြူးပေးနေကြောင်း သိရသည်။ ပိုးမွှားအန္တရာယ်ကို ကြိုတင် ကာကွယ်နိုင်သည့် ဇီဝနည်းပညာဖြစ်သည့် ဥကပ်ပါး နကျယ်ကို တောင်သူများ စျေးသက်သာစွာ လွှတ်နိုင်စေ ရန်အတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဓာတ်ခွဲခန်းအတွင်း ကိုယ်ပိုင်မွေးမြူထားပြီး တောင်သူများအား လာရောက် လေ့လာစေကာ ဥကပ်ပါး နကျယ် လွှတ်ပေးရမည့်အချိန်၊ သီးနှံပင်များအတွက် အကျိုးရှိပုံများကို ဆွေးနွေးပေးကြောင်း သိရသည်။
ဒေသတွင်း သီးနှံမျိုးစုံ စိုက်ပျိုးနေသည့် တောင်သူများ အထွက်နှုန်းတိုးပြီး ဝင်ငွေပိုမို ကောင်းမွန်စေရန်အတွက် ဒေသနှင့် ကိုက်ညီသည့် မျိုးကောင်းမျိုးသန့်မျိုးစေ့များအား မှာယူပြီး တောင်သူများအား သွင်းအားစုပစ္စည်းများနှင့်အတူ ပံ့ပိုးပေးနေ ကြောင်း စိုက်ပျိုးနေသည့် တောင်သူများထံမှ သိရသည်။
ဝင်းမြင့်အောင်
https://t.me/MyanmarNationalPost




No comments:
Post a Comment