ဒက္ခိဏသီရိမြို့နယ်ရှိ ရန်အောင်မြင်ဆည်တွင် ဆည်ရေပြင်သန့်ရှင်းရေးလုပ်ငန်းနှင့် သဲရေစစ်ကန်မှ ရေပေးဝေဖြန့်ဖြူးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒက္ခိဏသီရိမြို့နယ်ရှိ ရန်အောင်မြင်ဆည်တွင် ဆည်ရေပြင်သန့်ရှင်းရေးလုပ်ငန်းနှင့် သဲရေစစ်ကန်မှ ရေပေးဝေဖြန့်ဖြူးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကြည့်ရှုစစ်ဆေး


MNP ၊ မတ်   ၇

နေပြည်တော်ကောင်စီဥက္ကဋ္ဌ မြို့တော်ဝန် ဦးတင်ဦးလွင်သည် ဒုတိယမြို့တော်ဝန် ဦးမောင်မောင်၊ အမြဲတမ်းအတွင်းဝန်နှင့်အတူ ယနေ့နံနက်ပိုင်းက နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြားချက်အရ သန့်ရှင်းသောသောက်သုံးရေများပေးဝေနိုင်ရေး ရန်အောင်မြင် ဆည်ရေပြင်နှင့်ဆည်ကြမ်းခင်းရှိ နုန်းများ၊ သစ်ဝါးဆွေးများနှင့်ရေညှိရေမှော်များ ဆယ်ယူရှင်းလင်းနေမှုကို ကြည့်ရှုစစ်ဆေးသည်။


မှာကြား


ထိုသို့ကြည့်ရှုစစ်ဆေးစဉ် မြို့တော်ဝန်က နေပြည်တော်သည် အစိုးရရုံးစိုက်ရာမြို့တော်ဖြစ်သည့်အတွက် မြို့တော်အင်္ဂါရပ်နှင့်ကိုက်ညီစေရေး Green City၊ Clean City၊ Smart City ဖြစ်စေရန် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ နေပြည်တော်နေ အများပြည်သူများသန့်ရှင်းသော သောက်သုံးရေဖြန့်ဖြူးပေးဝေနိုင်ရန်အတွက် ရေသိုလှောင်ဆည်များ၏ ဆည်ရေပြင်၊ ကန်စပ်များနှင့် ဆည်ပတ်ဝန်းကျင်တို့တွင် သန့်ရှင်းမှုရှိစေရေး အများပြည်သူအကျိုးငှာစေတနာထား၍ အမြဲမပြတ် ဆောင်ရွက်ကြရန် မှာကြားသည်။


ထို့နောက် မြို့တော်ဝန်နှင့် တာဝန်ရှိသူများသည် ရန်အောင်မြင်ဆည်သဲရေစစ်ကန်ကို ကြည့်ရှုစစ်ဆေးပြီး မြို့တော်ဝန်က လိုအပ်သည်များမှာကြားသည်။


ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ခွင့်ပြုချက်ဖြင့် ဆောင်ရွက်ခဲ့သည့် ချောင်းမငယ်ဆည်မှ ရေကို ဆင်အုံကန်မှတစ်ဆင့် ရန်အောင်မြင်သဲရေစစ်ကန်သို့ တစ်နေ့လျှင် ရေဂါလန် ၄ ဒသမ ၅ သန်း တင်ပို့နိုင်သည့် ရေကူရေတင်ပိုက်လိုင်းသွယ်တန်းထားရှိမှုနှင့် ရေတွန်းပို့မှုကို ကြည့်ရှုစစ်ဆေးသည်။


ဆက်လက်၍ မြို့တော်ဝန်နှင့် တာဝန်ရှိသူများသည် ရန်အောင်မြင်ဆည် ဧရိယာအတွင်း တည်ဆောက်မည့်ရန်အောင်မြင် Solar Power Project လုပ်ငန်းခွင်သို့ သွားရောက်ကြည့်ရှုရာ VENUS ESSENTIAL MYANMAR(VEM)Company Limited မှ တာဝန်ရှိသူများက နေပြည်တော်နယ်နိမိတ်အတွင်း ရန်အောင်မြင်ဆည်၊ ချောင်းမကြီး ဆည်နှင့်ဖောင်းလောင်ဆည်တို့တွင် Ground Mounted and Floating Compound Solar စီမံကိန်းသုံးခုကို လျာထားဆောင်ရွက်လျက်ရှိပြီး ရန်အောင်မြင်ဆည်စီမံကိန်းတွင် မြေပြင်ဧရိယာ ၆၂၇ ဒသမ ၅၂ ဧကနှင့် ရေဝပ်ဧရိယာ ၅၅ ဒသမ ၉ ဧကပေါ်တွင် ဆောင်ရွက်မည်ဖြစ်ကာ မဂ္ဂါဝပ် ၁၁၀ ထုတ်လုပ်ဖြန့်ဖြူးနိုင်မည်ဖြစ်ကြောင်းနှင့် လက်ရှိလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြရာ မြို့တော်ဝန်ကလိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။


ထိုမှတစ်ဆင့် မြို့တော်ဝန်နှင့် တာဝန်ရှိသူများသည် လယ်ဝေးမြို့နယ်မှ သိမ်းဆည်းရရှိသည့် စွန့်ပစ်အမှိုက်များ စွန့်ပစ်နေရာ စမ်းကလေးအမှိုက်ကွင်းနှင့် လယ်ဝေးမြို့နယ်ရှိ စမ်းကလေးသုသာန်ကို ကြည့်ရှုစစ်ဆေးပြီး မြို့တော်ဝန်က နာရေးကိစ္စရပ်များနှင့်ပတ်သက်၍ ဆက်သွယ်အကြောင်းကြားလာပါက အဆင်ပြေချောမွေ့စေရေး စေတနာထား၍ အမြန်ဆုံးဆောင်ရွက်ပေးရန်နှင့် ဌာနမှနာရေးကိစ္စများကို အခမဲ့ဆောင်ရွက်ပေးနေသည့် အခြေအနေများကို အများပြည်သူများ ကျယ်ပြန့်စွာသိရှိစေရေး ဆောင်ရွက်ရန်မှာကြားခဲ့ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment