ပွင့်ဖြူမြို့နယ်၌ တောင်သူအစုအဖွဲ့များ ပူးပေါင်း၍ ကုလားပဲသီးနှံ စုပေါင်းရောင်းချပွဲပြုလုပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ပွင့်ဖြူမြို့နယ်၌ တောင်သူအစုအဖွဲ့များ ပူးပေါင်း၍ ကုလားပဲသီးနှံ စုပေါင်းရောင်းချပွဲပြုလုပ်





MNP ၊ မတ်  ၂၃

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် လယ်ကိုင်းကျေးရွာတွင် တောင်သူအစုအဖွဲ့များ စုပေါင်းကျင်းပ ပြုလုပ်သည့် ကုလားပဲသီးနှံ စုပေါင်းရောင်းချပွဲကို ယမန်နေ့ နံနက် ၉ နာရီက ကျင်းပပြုလုပ်ရာ သီးနှံအရည်အသွေးပေါ်မူတည်ပြီး ဈေးကောင်းပေးဝယ်ယူမှုကြောင့် ဒေသခံတောင်သူများ ဝမ်းသာ ပျော်ရွှင်လျက်ရှိနေပြီး လာရောက်ရောင်းချသူများ၍ စည်ကားလျက်ရှိနေကြောင်း ပွင့်ဖြူမြို့နယ် လယ်ကိုင်းကျေးရွာမှ ဒေသခံတောင်သူများထံက သိရသည်။


အဆိုပါ တောင်သူအစုအဖွဲ့များ စုပေါင်းကျင်းပသည့် ကုလားပဲသီးနှံ စုပေါင်းရောင်းချပွဲကို မကွေးမြို့ Good Brother ကုမ္ပဏီမှ  ဝန်ထမ်းများအဖွဲ့က တိုင်းဒေသကြီးတောင်သူဖွံ့ဖြိုးရေးအဖွဲ့နှင့် ပွင့်ဖြူမြို့နယ် တောင်သူဖွံ့ဖြိုးရေးအဖွဲ့တို့နှင့် ပူးပေါင်းပြီး ၂၀၂၃ ခုနှစ်၊ မတ်လ(၄)ရက်နေ့ကစပြီး ဝယ်ယူပေးနေခြင်း ဖြစ်ကြောင်း သိရကာ မတ်လ ၂၂ ရက်နေ့အထိ ကုလားပဲသီးနှံတင်းရေ စုစုပေါင်း ၈၅၀၀ ခန့် ဝယ်ယူရရှိပြီးဖြစ်ကြောင်း သိရသည်။ ကုလားပဲသီးနှံများ ဝယ်ယူရာ၌ အရည်အသွေး အမျိုးအစားအလိုက် (A,B,C)အဆင့်များခွဲ၍ စစ်ဆေးဝယ်ယူကြောင်း သိရသည်။ ဝယ်ယူမှုဈေးနှုန်းအနေဖြင့် ကုလားပဲ သီးနှံ(929)မျိုးထိပ်စ (A)အဆင့် ၁၉ ပိဿာဝင်ဆံ့ တစ်တင်းလျှင် ငွေကျပ် ၇၀၀၀၀ ၊ (B)အဆင့် ၁၉ ပိဿာဝင်ဆံ့ တစ်တင်းလျှင် ငွေကျပ် ၆၉၅၀၀ ၊ (C)အဆင့်ဖြစ်ပါက ဒေသတွင်း ဝယ်ယူနေသည့် ကာလပေါက်ဈေးဖြင့် အသီးသီး ဈေးဖွင့်၍ ဝယ်ယူလျက်ရှိကြောင်း သိရသည်။


" ကျွန်မတို့ ပွင့်ဖြူမြို့နယ်ဒေသထွက် ဆောင်းကုလားပဲသီးနှံတွေကို မကွေးမြို့က Good Brother ကုမ္ပဏီက ဈေးကောင်းပေးပြီး လာရောက်ဝယ်ယူပါတယ်။ ခုလို ပွင့်ဖြူမြို့နယ်အထိ လာရောက်ဝယ်ယူတဲ့အတွက် ဒေသတွင်းရှိ ကုလားပဲသီးနှံရောင်းလိုတဲ့ တောင်သူတွေအတွက် အချိန်ကုန်လူပင်ပန်းသက်သာစွာနဲ့ ရောင်းချခွင့်ရလို့ အဆင်ပြေပါတယ်။ ကုလားပဲသီးနှံဝယ်ယူခြင်းကို တောင်သူတွေ အဆင်ပြေစွာ ရောင်းချ နိုင်ရေးအတွက် တိုင်းဒေသကြီးတောင်သူဖွံ့ဖြိုးရေး အဖွဲ့နှင့် မြို့နယ်တောင်သူဖွံ့ဖြိုးရေးအဖွဲ့တို့ ပူးပေါင်းပြီး ယခုလို တောင်သူများကို ဖိတ်ခေါ်ကာ သီးနှံစုပေါင်းရောင်းချပွဲကို စီစဉ်ပြုလုပ်ပေးတာ ဖြစ်ပါတယ်။ သီးနှံဝယ်ယူမှုကိုလဲ အချိန်တစ်လကြာ ဝယ်ယူသွားဖို့ စီစဉ်ထားရှိတယ်လို့လဲ သိရပါတယ်။  ကုလားပဲ သီးနှံဝယ်ယူရာတွင်  အဖျင်း၊ အမှော်၊ သဲခဲ၊ လုံးပိန်၊ လုံးညှပ် စသဖြင့် ပါဝင်မှု အနည်းအများနဲ့ သီးနှံ အရည်အသွေး အမျိုးအစားပေါ်မူတည်ပြီး (A,B,C)အဆင့် (၃)ဆင့်ခွဲ၍ ဝယ်ယူတာဖြစ်ပြီး ကုလားပဲသီးနှံ(A - အဆင့်) ၁၉ ပိဿာဝင်ဆံ့ တစ်တင်းကို ငွေကျပ် ၇၀၀၀၀ နှုန်း ၊ (B - အဆင့်)က တစ်တင်းကို ငွေကျပ် ၆၉၅၀၀ နှုန်း၊ (C အဆင့်)ကတော့ ဒေသတွင်းက ဝယ်ယူနေတဲ့ ကာလပေါက်ဈေးအတိုင်း ဝယ်ယူတာ ဖြစ်ပါတယ်။  ဒီနေ့ဆိုရင် ဆောင်းကုလားပဲသီးနှံ လာရောက်ရောင်းချတဲ့သူတွေလည်း အရမ်းများတယ်၊ ဈေးကောင်းရရှိလို့ ကျွန်မတို့ ဒေသခံတောင်သူတွေ သီးနှံဝင်ငွေ အကျိုးအမြတ်ရရှိပြီး အဆင်ပြေ ကြပါတယ်" ဟု ပွင့်ဖြူမြို့နယ်မှ လယ်ကိုင်းကျေးရွာမှ ဒေသခံတောင်သူတစ်ဦးက ပြောသည်။


ပွင့်ဖြူမြို့နယ်သည် ရပ်ကွက်(၄)ရပ်ကွက်အပါအဝင် ကျေးရွာအုပ်စု ၅၆ အုပ်စုရှိပြီး ကျေးရွာပေါင်း ၂၀၅ ရွာ ရှိကာ ဒေသခံကျေးလက်နေပြည်သူများမှာ နှစ်စဉ် မဲဇလီရေလွှဲဆည်ရေဖြင့် စပါး၊ နှမ်း၊ မြေပဲ၊ နေကြာ၊ ပန်းနှမ်း၊ ပဲတီစိမ်း၊  ကုလားပဲ၊ ထောပတ်ပဲ၊ ပဲလွမ်း၊ ပဲစင်းငုံ၊ ပဲနောက်၊ ပဲကြီး ၊ ဖူးစားပြောင်းနှင့် အခြား ဟင်းသီးဟင်းရွက် စားပင် သီးနှံမျိုးစုံတို့ကို စီးပွားဖြစ် စိုက်ပျိုးလုပ်ကိုင်ကြကြောင်း သိရသည်။  ယခုနှစ်တွင် မဲဇလီရေလွှဲဆည်ရေကို အမှီပြု စိုက်ပျိုး ခဲ့သည့် ဆောင်းကုလားပဲစိုက်ခင်းများမှာ စိုက်ပျိုးရေနှင့် ရာသီဥတု မျှတကောင်းမွန်ခဲ့သဖြင့် အောင်မြင်ဖြစ်ထွန်းပြီး သီးနှံအထွက်နှုန်းများ ကောင်းမွန်ကာ သီးနှံပေါ်ဦးပေါ်ဖျားတွင်လည်း ဈေးကောင်းရရှိသဖြင့် ဒေသခံတောင်သူများ စီးပွားရေးအဆင်ပြေ လျက်ရှိနေကြကြောင်း သိရသည်။


လှိုင်ဝင်းလေး 

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)