MNP ၊ မတ် ၂၃
(၂၀၁၅-၂၀၁၆) ပညာသင်နှစ်မှစ၍ အခြေခံပညာရေးစနစ် ပြုပြင်ပြောင်းလဲမှုများကို KG အတန်းမှ ဒသမတန်းအထိ နိုင်ငံတကာစံနှုန်းများနှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ အခြေခံပညာအထက်တန်းဆင့်၊ အလယ်တန်းဆင့်နှင့် မူလတန်းဆင့် သင်ဆရာ၊ ဆရာမများ၏ အရည်အသွေးများကို မြှင့်တင်ပေးရန် ရည်ရွယ်၍ ခရိုင်အဆင့် စွမ်းရည်မြှင့်ဘာသာရပ်မွမ်းမံသင်တန်းများကို အခြေခံပညာအထက်တန်းကျောင်း (တိုက်ကြီး)နှင့် အခြေခံပညာအထက်တန်းကျောင်း(ခွဲ) မြို့မ(၃) ကျောင်းတို့၌ ယမန်နေ့ နံနက်ပိုင်းက စတင်ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ခရိုင်အဆင့် စွမ်းရည်မြှင့်ဘာသာရပ်မွမ်းမံ သင်တန်းများ ဖွင့်လှစ်သင်ကြားရာတွင် အခြေခံပညာအထက်တန်းအဆင့်၌ နည်းပြ (၉)ဦးက သင်တန်းသား၊ သင်တန်းသူ (၁၈၀)ဦးအား စာတွေ့လက်တွေ့ သင်ကြားပို့ချသွားမည်ဖြစ်ပြီး အခြေခံပညာအလယ်တန်းအဆင့်၌ နည်းပြ(၁၇) ဦးက သင်တန်းသား၊ သင်တန်းသူ (၅၃၇)ဦးအား စာတွေ့လက်တွေ့ သင်ကြားပို့ချသွားမည်ဖြစ်သည်။ ခရိုင်အဆင့် အခြေခံပညာအထက်တန်းဆင့်နှင့် အခြေခံပညာအလယ်တန်းဆင့် စွမ်းရည်မြှင့်ဘာသာရပ်မွန်းမံ သင်တန်းများကို ၂၀၂၃ ခုနှစ် မတ်လ ၂၁ ရက်နေ့ မှစတင်ကာ ၂၄ရက်နေ့အထိ ဖွင့်လှစ်သင်ကြားလျက်ရှိပြီး တိုက်ကြီးခရိုင်ပညာရေးမှူး ဒေါ်သီတာမင်း ဦးဆောင်သော သင်တန်းကြီးကြပ်မှုကော်မတီက နည်းပြများနှင့် သင်တန်းသား၊သင်တန်းသူများ သင်တန်းပို့ချနေမှုများအား အနီးကပ်ကြီးကြပ် ဆောင်ရွက်လျက်ရှိသည်။
ဆက်လက်ပြီး အခြေခံပညာမူလတန်းဆင့် (မြို့နယ်အဆင့်) စွမ်းရည်မြှင့်ဘာသာရပ်မွန်းမံ သင်တန်းများကိုလည်း ၂၀၂၃ ခုနှစ် မတ်လ ၂၈ ရက်နေ့မှ ၃၁ ရက်နေ့အထိ အခြေခံပညာအထက်တန်းကျောင်း(မြို့မ) ၌ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း တိုက်ကြီးခရိုင် ပညာရေးမှူရုံးမှ သိရသည်။
စန်းကလျာခိုင်
https://t.me/MyanmarNationalPost

No comments:
Post a Comment