တာမွေမြို့နယ်တွင် စူဠဘွဲ့နှင်းသဘင်အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တာမွေမြို့နယ်တွင် စူဠဘွဲ့နှင်းသဘင်အခမ်းအနားကျင်းပ









MNP ၊  မတ် ၁၉

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်သာသနာရေးဦးစီး ဌာနတို့ ပူးပေါင်း၍ ယမန်နေ့ ညနေပိုင်းအချိန်က တာမွေမြို့နယ် မေတ္တာညွန့်ရပ်ကွက်ရှိ မြို့ဦးစာသင်တိုက်၌ နိုင်ငံတော်မှ ချီးမြှင့်သော ၂၀၂၃-ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ရဆရာတော်(၂)ပါးအား ထပ်ဆင့်ဂုဏ်ပြု ပူဇော်ခြင်းနှင့် ၂၀၂၂-ခုနှစ် ဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲများတွင် အောင်မြင်တော်မူခဲ့ကြသည့် မြို့နယ်အတွင်းရှိ စာအောင်သံဃာတော်များအား စာအောင်လက်မှတ်များ ဆက်ကပ်ခြင်း စူဠဘွဲ့နှင်းသဘင်အခမ်းအနားကို စည်ကား သိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ တက်ရောက်လာကြသော ဧည့်ပရိသတ်အပေါင်းတို့က နမောတဿသုံးကြိမ် ရွတ်ဆို၍ အခမ်း အနားကို ဖွင့်လှစ်ခဲ့ပြီး ပင့်သံဃာတော်အရှင်သူမြတ်များထံမှ ငါးပါးသီလ ခံယူစောင့်တည်ခဲ့ကြသည်။ ဆက်လက်၍ တာမွေမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကိုးအောင်နှင့် မြို့နယ်သာသနာရေးဦးစီးမှူး ဦးသန်းဖေတို့က ၂၀၂၃-ခုနှစ် တွင် နိုင်ငံတော်မှ ချီးမြှင့်သော သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ဖြစ်သည့် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇဘွဲ့တော် ရရှိသည့် ဆရာတော်ကြီးအား ထပ်ဆင့်ဂုဏ်ပြုပူဇော်ခဲ့ကြသည်။ ထို့နောက်  တာမွေမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် များက ၂၀၂၃-ခုနှစ် တွင် နိုင်ငံတော်မှ ချီးမြှင့်သော သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ဖြစ်သည့် အဂ္ဂမဟာ ဂန္ထဝါစကပဏ္ဍိတဘွဲ့တော်ရရှိသည့် ဆရာတော်ကြီးအား ထပ်ဆင့်ဂုဏ်ပြုပူဇော်ခဲ့ကြပြီး တာမွေမြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဥပါသကာအဖွဲ့ဝင်များနှင့် ဧည့်ပရိသတ်အပေါင်းတို့က ၂၀၂၂-ခုနှစ် ဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲများတွင် အောင်မြင်တော်မူခဲ့ကြသည့် စာအောင်သံဃာတော်များအား စာအောင်လက်မှတ်များနှင့် အလှူငွေများ အသီးသီး ဆက်ကပ်လှူဒါန်းခဲ့ကြသည်။ ယင်းနောက် ကြွရောက်လာကြ သော ဆရာတော်၊သံဃာတော်များအား တာမွေမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာန ဆိုင်ရာများ ၊ ဥပါသကာအဖွဲ့ဝင်များနှင့် ဧည့်ပရိသတ်အပေါင်းတို့က လှူဖွယ်ဝတ္ထုပစ္စည်းအစုစုနှင့် ဝတ္ထုငွေများ ထပ်မံ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။

အခမ်းအနားသို့ တာမွေမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ် ဥပါသကာအဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပြီး အဆိုပါ စူဠဘွဲ့နှင်း သဘင်အခမ်းအနားတွင် ၂၀၂၃-ခုနှစ် နိုင်ငံတော်မှ ချီးမြှင့်သော သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ရဆရာတော် (၂)ပါးအား ထပ်ဆင့်ဂုဏ်ပြုချီးမြှင့်ခြင်းအပြင် ဓမ္မာစရိယ(စာချတန်း)ဆရာတော်(၁)ပါးနှင့် ၂၀၂၂-ခုနှစ် ပါဠိပထမပြန် စာမေးပွဲ၌ ဖြေဆိုအောင်မြင်တော်မူခဲ့ကြသည့် ပထမကြီးတန်း(၂၈)ပါး၊ ပထမလတ်တန်း(၃၁)ပါး၊ ပထမငယ်တန်း (၄)ပါး၊ အခြေပြုမူလတန်းတွင် စာဖြေသံဃာတော်(၄၈)ပါးနှင့် လူပုဂ္ဂိုလ်(၅)ဦးတို့အား စာအောင်လက်မှတ်များ အသီးသီး ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိပါသည်။


နိုင်လင်းအောင်(တာမွေ)

#MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)