ရွှေတိဂုံစေတီတော် ၅၇၉ကြိမ်မြောက် အလှူတော်ငွေပေးအပ်လှူဒါန်းပွဲ၊ ထုတိအနုမောဒနာဂုဏ်ပြုလွှာပြန်လည်ချီးမြှင့်ခြင်းနှင့် ရေစက်ချအလှူတော်မင်္ဂလာအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေတိဂုံစေတီတော် ၅၇၉ကြိမ်မြောက် အလှူတော်ငွေပေးအပ်လှူဒါန်းပွဲ၊ ထုတိအနုမောဒနာဂုဏ်ပြုလွှာပြန်လည်ချီးမြှင့်ခြင်းနှင့် ရေစက်ချအလှူတော်မင်္ဂလာအခမ်းအနားကျင်းပ

 






MNP ၊ မတ်  ၇

ရွှေတိဂုံစေတီတော်မြတ်ကြီးသို့ စေတနာသဒ္ဓါတရားထက်သန်စွာ လှူဒါန်းထားကြသော ကျပ်တစ်သိန်းနှင့်အထက် အလှူရှင်များအား ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က ၅၇၉ ကြိမ်မြောက် ထုတိအနုမောဒနာ ချီးကျူးဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲနှင့် လှူဒါန်းမှုအစုစုတို့အတွက် ရေစက်ချ အလှူတော်မင်္ဂလာအခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီတွင် ရွှေတိဂုံစေတီတော်ရင်ပြင်တောင်ဘက် ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များတန်ဆောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

 ရှေးဦးစွာအခမ်းအနားကို “နမောတဿ” သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ပြီး အလှူရှင်များက လှူဒါန်းထားသော ရွှေစင်ရွှေပြား ၆ကျပ်သား ၁ချပ်၊ ၃ချပ်သားရွှေပြား ၂ချပ်၊ ၁ကျပ်သား ရွှေပြား ၁၇ချပ်နှင့် အလှူတော်ငွေများကို ပေးအပ်လှူဒါန်းရာ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ အလှည့်ကျသဘာပတိ ဦးသိန်းထွဋ်မောင်နှင့် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်များက လက်ခံရယူပြီး ထုတိအနုမောဒနာ ချီးကျူးဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြသည်။

 ဆက်လက်၍ နိုင်ငံတော် ဩဝါဒါစရိယ၊ ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ ဩဝါဒါစရိယ၊ အဂ္ဂမဟာပဏ္ဍိတ၊ ဘဒ္ဒန္တ တိလောကာ ဘိဝံသ၊ အင်းစိန်ရွာမပရိယတ္တိစာသင်တိုက်ဆရာတော် ထံမှ အခမ်းအနားတက်ရောက်လာသူများက ငါးပါးသီလခံယူဆောက်တည်ကြပြီး ရေစက်ချအနုမောဒနာတရားနာယူကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။

 ယနေ့ပြုလုပ်သော အလှူတော်ငွေ ပေးအပ်လှူဒါန်းပွဲ၌ ရွှေသင်္ကန်းတော်(ရွှေပြား)အလှူရှင် ၂၀ ဦး က ရွှေပြားအချပ် ၂၀ ချပ် လှူဒါန်းခဲ့ကြပြီး ငွေသားအလှူရှင်၅၄ ဦးအပါအဝင် လှူဒါန်းငွေစုစုပေါင်း ကျပ် ၁၇၁၀,၄၀၁,၄၈၁/- (ကျပ်သိန်းပေါင်းတစ်သောင်းခုနှစ်ထောင့်တစ်ရာလေးသိန်းတစ်ထောင့်လေးရာရှစ်ဆယ့်တစ်တိတိ) ဖြစ်ကြောင်း ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ ထံမှ သိရသည်။


#MyanmarNationalPost




No comments:

Post a Comment