နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ၂၀၂၃-၂၀၂၄ ဘဏ္ဍရေးနှစ် ပြည်ထောင်စု၏ အရအသုံးခန့်မှန်းခြေငွေစာရင်းများ တင်ပြခြင်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ၂၀၂၃-၂၀၂၄ ဘဏ္ဍရေးနှစ် ပြည်ထောင်စု၏ အရအသုံးခန့်မှန်းခြေငွေစာရင်းများ တင်ပြခြင်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား



MNP ၊ မတ် ၉

၂၀၂၃-၂၀၂၄ ဘဏ္ဍရေးနှစ် ပြည်ထောင်စု၏ အရအသုံးခန့်မှန်းခြေ ငွေစာရင်း များတင်ပြခြင်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည် တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး၌ ကျင်းပရာ ဘဏ္ဍာရေးဆိုင်ရာ ကော်မရှင်ဒုတိယဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယ ဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက်အမှာစကား ပြောကြားသည်။

အစည်းအဝေးသို့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးတင်ဦး၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းနှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန် ရှိသူများက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက် ကြသည်။

ဦးစွာနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် က အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့အစည်းအဝေးသည် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက စိစစ်တင်ပြလာသည့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွက် ပြည်ထောင်စု၏ အရ အသုံးခန့်မှန်းခြေငွေစာရင်းများကို စိစစ်သည့် အစည်းအဝေး ဖြစ်ကြောင်း၊ အစည်းအဝေးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့ လုပ်ငန်းစဉ် (၅)ရပ်၊ ဦးတည်ချက် (၁၂)ရပ်တို့ကို အခြေခံ၍ ဘဏ္ဍာနှစ်အလိုက်၊ ကဏ္ဍအလိုက် ဦးစားပေးဆောင်ရွက်ရမည့် အစီအစဉ်များ၊ ဘဏ္ဍာရေးစည်းမျဉ်း၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ စီမံကိန်းနှင့်ဘဏ္ဍာ ရေးဝန်ကြီးဌာနက ကြိုတင်စိစစ် တင်ပြလာသည့် ပြည်ထောင်စု၏ အရ အသုံး ခန့်မှန်းခြေ လျာထားချက်စာရင်းများနှင့် ပတ်သက်၍ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ၊ ပြည်ထောင်စုဝန်ကြီးဌာနများ၊ နေပြည်တော်ကောင်စီတို့နှင့်လိုအပ်သည်များကို ဆွေးနွေးညှိနှိုင်းကာ ထပ် ဆင့်စိစစ်သွားမည်ဖြစ်ကြောင်း။

ယခု အချိန်ကာလသည် ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်မှုနှုန်းကို ကောင်းစွာ ထိန်းချုပ်ထားနိုင်သည့်အခြေအနေတွင်ရှိပြီး ပြည်တွင်းစီးပွားရေးလုပ်ငန်းများ ပုံမှန် ပြန်လည်လည်ပတ်လာပြီ ဖြစ်သည့်အတွက် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်ထက်ရငွေများပိုမိုရရှိမည်ဟုခန့်မှန်းပါကြောင်း၊ အသုံးစရိတ် နှင့် ပတ်သက်၍ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်းရရှိနိုင်မည့် ရငွေ အပေါ် မူတည်ခွဲဝေလျာထားရမည်ဖြစ်ပြီး ဘတ်ဂျက်လိုငွေ အခြေအနေကိုလည်း သင့်တင့် လျောက်ပတ်စွာထိန်းသိမ်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် သုံး သင့်သုံးထိုက်သည့်အသုံးစရိတ်များနှင့် မသုံးသင့်မသုံးထိုက်သည့်အသုံးစရိတ် များကို စိစစ်ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။

နိုင်ငံတော်အနေနှင့် နိုင်ငံ့ဝန်ထမ်းများအတွက် မဖြစ်မနေခွင့်ပြုရသည့် လစာနှင့်စရိတ်များ၊ လုပ်အားခများ၊ ပြင်ဆင်ထိန်းသိမ်းစရိတ်များ၊ လူမှု ကာကွယ်စောင့်ရှောက်ရေးအသုံးစရိတ်များ အပါအဝင် သာမန်အသုံးစရိတ် များနှင့် နိုင်ငံတော်စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် သက်ဆိုင်ရာကဏ္ဍ အလိုက် ဦးစားပေးသုံးစွဲရမည့် အခြေခံအဆောက်အအုံဆိုင်ရာ အသုံးစရိတ်အပါအဝင် ငွေလုံးငွေရင်းအသုံးစရိတ်များကို သုံးစွဲသွားကြရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်လာစေမည့် ပညာရေးနှင့် ကျန်းမာရေး ကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးအသုံးစရိတ်များ၊ ပြည်သူတို့၏ လူမှုစီးပွားဘဝမြှင့်တင် ရေးနှင့် စားရေရိက္ခာဖူလုံစေရေးအတွက် အထောက်အကူဖြစ်စေမည့် စိုက်ပျိုး ရေး၊ မွေးမြူရေးနှင့် လမ်းပန်းဆက်သွယ်ရေး၊ သယ်ယူပို့ဆောင်ရေး၊ လျှပ်စစ် နှင့် စွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးဆိုင်ရာ အသုံးစရိတ်များကို ဦးစားပေး အစီ အစဉ်များအလိုက် ခွင့်ပြုပေးသွားရမည်ဖြစ်ကြောင်း။

စက်သုံးဆီသုံးစွဲမှုနှင့် ပတ်သက်၍ စက်သုံးဆီများသည် ကမ္ဘာနှင့်တစ်ဝန်း ဈေး နှုန်းမြင့်တက်နေသည့် အခြေအနေဖြစ်ကြောင်း၊ ပြည်ပ မှ မှာယူ တင်သွင်းရ ပြီးဈေးနှုန်းကြီးမြင့်သည့်အတွက် နိုင်ငံခြားငွေသုံးစွဲမှုလျော့နည်း စေရန် နှင့် အသုံးစရိတ်များ မြင့်မားမှုကို ရှောင်ရှား သည့်အနေဖြင့် စက်သုံးဆီသုံးစွဲမှုများကို တတ်နိုင်သမျှလျှော့ချသုံးစွဲသွားကြရမည်ဖြစ်ကြောင်း၊ ယခုနှစ်တွင် စက်သုံး ဆီသုံးစွဲမှုများကိုအုပ်ချုပ်မှုသုံးအတွက်ဖြစ်စေ၊ လုပ်ငန်းသုံးအတွက် ဖြစ်စေ စိစိ စစ်စစ်ခွင့်ပြုပေးသွားမည်ဖြစ်၍ စိစိစစ်စစ်သုံးစွဲသွားကြရမည်ဖြစ်ကြောင်း၊ ရုံးသစ် များ၊ ဝန်ထမ်းအိမ်ရာအသစ်များ ဆောက်လုပ်ခြင်းများနှင့်ပတ်သက်၍ သာမန်အားဖြင့် ခွင့်ပြုမည်ဟုတ်ဘဲလိုအပ်ချက်အပေါ်မူတည်၍ နယ်မြေဒေသအခြေအနေ၊ လုံခြုံရေး အခြေများအရ ခွင့်ပြုသွားမည်ဖြစ်ကြောင်း၊ ရုံးသုံးစက်ကိရိယာ၊ ရုံးသုံးစက်ပစ္စည်း၊ ပရိဘောဂများ ဝယ်ယူခြင်းနှင့်ပတ်သက်၍ Luxury ပစ္စည်းများ ဝယ်ယူခြင်းကို ခွင့်ပြုမည်မဟုတ်ဘဲ ဌာနအတွက် လိုအပ်သည့်အခြေအနေနှင့် ယခင်ဝယ်ယူထားသည့် အခြေအနေ တို့ကို စိစစ်ခွင့်ပြုသွားမည် ဖြစ်ကြောင်း။

ယခု ညှိနှိုင်းအစည်းအဝေးတွင် အချို့ဝန်ကြီးဌာနများအနေဖြင့် သက်ဆိုင်ရာ အကြီးအကဲများ၏ လတ်တလောညွှန်ကြားချက်နှင့် မဖြစ်မနေဆောင်ရွက်ရမည့် တာဝန်ပေးချက်များအရ ထပ်မံတင်ပြမည့်အချက်များကို ပွင့်လင်းစွာတင်ပြဆွေး နွေးပြီး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနက စိစစ်သည့်အချိန်တွင် ဌာန၊ အဖွဲ့ အစည်းများ၏ လျာထားချက်များအပေါ်အကျေအလည်ညှိနှိုင်းပြီး စိစစ် ထားပြီး ဖြစ်သည်ဟုသိရကြောင်း၊ ဌာန၊ အဖွဲ့အစည်းများအနေဖြင့် ရငွေ လျာထားချက် များနှင့် အသုံးစရိတ်လျာထားချက်များအပေါ်တွင် ပြင်ဆင်ရန်ရှိပါက ဆွေးနွေး တင်ပြကြရန်ဖြစ်ကြောင်း၊ လုပ်ငန်းလိုအပ်ချက် အရလည်းကောင်း၊ အမှန်တကယ် ဆောင်ရွက်ရမည့်အခြေအနေအရလည်းကောင်း တင်ပြရန်ရှိပါက ဆက်လက် တင်ပြ နိုင်ပါကြောင်းပြောကြားသည်။

ထို့နောက် ဘဏ္ဍာရေးဆိုင်ရာကော်မရှင်အတွင်းရေးမှူး ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန် က ပြည်ထောင်စုအဆင့်ဌာန ၊ အဖွဲ့အစည်းများမှ ရေးဆွဲတင်ပြ လာ သော ၂၀၂၃ - ၂၀၂၄ ဘဏ္ဍာရေးနှစ် အတွက် အရ အသုံး ခန့်မှန်း ခြေငွေစာရင်း များကို ရှင်းလင်းတင်ပြပြီး ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း က စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ စိစစ်ပြီးဖြစ်သော ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ပြည်ထောင် စု၏ အရအသုံးခန့်မှန်ခြေငွေစာရင်းများကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးတင်ဦး က ရငွေ၊ သုံးငွေ စာရင်းများနှင့် စပ်လျဉ်း၍စာရင်းစစ်ဆေးခြင်းဆိုင်ရာကိစ္စရပ်များကို ရှင်းလင်း တင်ပြသည်။

ထို့နောက် ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများနှင့် ဝန်ကြီးဌာနများ မှ ပြည် ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌတို့က သက်ဆိုင်ရာအဖွဲ့အစည်းနှင့် ဌာနများ၏ အရအသုံးခန့်မှန်းခြေငွေ စာရင်းများကို ရှင်းလင်းတင်ပြကြရာ ဘဏ္ဍာရေးဆိုင်ရာကော်မရှင် အတွင်းရေးမှူး က လိုအပ်သည်များ ဖြည့်စွက် ဆွေးနွေးသည်။

ယင်းနောက် ဘဏ္ဍာရေးဆိုင်ရာကော်မရှင်ဒုတိယဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် က နိဂုံးချုပ် အမှာစကား ပြောကြားပြီး အစည်ဝေးကို ရုပ်သိမ်းလိုက်ကြောင်းသတင်းရရှိသည်။  


#MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)