MNP ၊ မတ် ၂၁
ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန(Community Centre)ခန်း၌ ကျောင်းသား၊ကျောင်းသူများအား နွေရာသီကျောင်းပိတ်ရက်ရှည် ကာလအတွင်း အချိန်ကိုအကျိုးရှိစွာအသုံးပြုတတ်စေရန်၊ စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်နှင့် စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိလာစေရန်ရည်ရွယ်၍ ယနေ့ နံနက် (၁၁)နာရီက စာဖတ်စွမ်းရည်ပြိုင်ပွဲကို ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ကျောက်ဖြူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသိန်းထွန်းအောင်က စာဖတ်စွမ်းရည်ပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်နှင့် သတ်မှတ်ထားသည့် အမှတ်ပေးစည်းမျဉ်းစည်းကမ်းများအား ပြိုင်ပွဲဝင် ကျောင်းသား၊ကျောင်းသူများကို အကျယ်တဝင့် ရှင်းလင်းပြောကြားသည်။ ထို့နောက် ဒို့ကျေးရွာဂျာနယ် အတွဲ-၂၀၊ အမှတ် ၄ တွင်ပါရှိသော စာရေးဆရာ- ရွာသားဖိုးမောင် ရေးသားသည့် ပညာကိုသာကြိုးစားပါ ဆောင်းပါးဖြင့် စာဖတ်စွမ်းရည် ပြိုင်ပွဲကို ဆက်လက်ကျင်းပရာ ပြိုင်ပွဲဝင်ကျောင်းသား၊ကျောင်းသူများမှ စိတ်ပါဝင်စားစွာဖြင့် ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိကြသူများကို တာဝန်ရှိသူများက ဆုလက်ဆောင်များ အသီးသီးပေးအပ်ချီးမြှင့် ခဲ့သည်။ ယင်းနောက် ကျောင်းသား၊ကျောင်းသူများသည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန၌ ပြသထားသည့် မူးယစ်ဆေးဝါးအသိပညာပေး နံရံကပ်ဓာတ်ပုံနှင့် နံရံကပ်စာစောင်များအား ပျော်ရွှင်စွာဖြင့်လေ့လာကြည့်ရှုခဲ့ကြသည်။
ကျောက်ဖြူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသား၊ ကျောင်းသူများအား နွေရာသီကျောင်းပိတ်ရက်ကာလများအတွင်း လူငယ်များဖွံ့ဖြိုးတိုးတက်စေရေး အတွက် ကွန်ပျူတာ အခြေခံသင်တန်း၊ အင်္ဂလိပ်စာအခြေခံသင်တန်းများကို ဖွင့်လှစ်ပြသလျက်ရှိပြီး အခြေခံပန်းချီရေးဆွဲ နည်းသင်တန်းကိုလည်း ဆက်လက်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
တင်ထွန်းဦး
https://t.me/MyanmarNationalPost



No comments:
Post a Comment