Pages

Pages

သာယာဝတီ၌ မျိုးစေ့ချကိရိယာ (Drum Seeder) များ ပေးအပ်ပွဲကျင်းပ



MNP ၊ မတ်  ၁၇

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၌ မိုးစပါး၊ နွေစပါးအထွက်နှုန်း တိုးတက်စေရန်၊ တိုက်ရိုက်ကြဲခင်းစနစ်မှ အစေ့ချစိုက်ပျိုးနည်းစနစ်သို့ ပြောင်းလဲခြင်းဖြင့် မျှော်မှန်းပန်းတိုင်အထွက်နှုန်းရရှိစေရန်ရည်ရွယ်၍ မျိုးစေ့ချကိရိယာ (Drum Seeder) များအား တောင်သူများလက်ဝယ်အရောက်ပေးအပ်ပွဲကို ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဋ္ဌာနရုံး အစည်းဝေးခန်းမ၌ ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပခဲ့သည်။


အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းဝင်းက ဒေသတွင်းစားရေရိက္ခာ ဖူလုံစေရန်အတွက် လယ်ယာမြေများ နှစ်သီးစားမှ သုံးသီးစိုက်ပျိုးထုတ်လုပ်နိုင်ရေး၊ ကြဲခင်းစနစ် လျော့နည်းပပျောက်စေရေးနှင့် မျိုးကောင်းမျိုးသန့်များ ရွေးချယ်၍နည်း စနစ်တကျစိုက်ပျိုးနိုင်ရေးတို့ကို စိုက်ပျိုးရေးဦးစီးဌာနနှင့်ပေါင်းစပ်ညှိနှိုင်း၍ ဆောင်ရွက်သွားရန် ပြောကြားခဲ့သည်။


ယင်းနောက် စိုက်ပျိုးရေးဦးစီးဌာနမှ Drum Seeder တပ်ဆင်ပုံကို လက်တွေ့ပြသပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်တာဝန်ရှိသူများက မျိုးစေ့ချကိရိယာ (Drum Seeder) များအား ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများမှတဆင့် တောင်သူများ လက်ဝယ်အရောက် ဖြန့်ဖြူးပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။


တောင်သူများအနေဖြင့် အဆိုပါ မျိုးစေ့ချကိရိယာ (Drum Seeder) ဖြင့် စိုက်ပျိုးခြင်းကြောင့် ကြဲပက်စိုက်ပျိုးခြင်းထက် မျိုးစေ့နှုန်းထား သက်သာခြင်း၊ လုပ်သားအင်အား သက်သာခြင်း၊ အတန်းလိုက် မျိုးစေ့ချစိုက်ပျိုးခြင်းကြောင့် လေဝင်လေထွက်ကောင်းမွန်ပြီး ပေါင်းမြက်နှင့် ရောဂါပိုးမွှားများ အလွယ်တကူနှိမ်နင်းနိုင်ခြင်းနှင့် အပင်ပြုစုရာတွင် ပိုမိုအဆင်ပြေ၍ အထွက်နှုန်းပိုမိုခြင်း စသည့်အကျိုးများရရှိစေနိုင်ကြောင်း မြို့နယ်စိုက်ပျိုးရေးရုံးမှ သိရသည်။


သန့်ဇော် 

 https://t.me/MyanmarNationalPost




No comments:

Post a Comment