နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ အသစ်ကို ၂၀၂၃ခုနှစ်၊ ဇန်နဝါရီလ (၂၆) ရက်နေ့ က ထုတ်ပြန်ခဲ့ပါတယ်။ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ အသစ်အရ မတ်လ (၁၇) ရက်နေ့အထိ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၃ အရ လျှောက်ထားသော ပါတီ ၆ ပါတီရှိပြီး၊ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၂၅ အရ လျှောက်ထားသော ပါတီ ၂၃ ပါတီဖြစ်၍ စုစုပေါင်း ၂၉ ပါတီ အထိ ရှိလာပါတယ်။ ယင်း ၂၉ ပါတီတွင် ပြည်ထောင်စုတစ်ဝန်းလုံးစည်းရုံးမည့်ပါတီ ၇ ပါတီ နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ခုအတွင်း၌သာ စည်းရုံးမည့်ပါတီ ၂၂ ပါတီဖြစ်ကြောင်း သိရပါတယ်။
ယခင် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ(၂၀၁၀) အရ မှတ်ပုံတင်ထားတဲ့ ပါတီ (၉၂)ပါတီ ရှိပါတယ်။ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ(၂၀၂၃) ပုဒ်မ(၂၅) အရ လျှောက်ထားသော ပါတီ ၂၃ ပါတီသာ ရှိသေးတဲ့အတွက် ပါတီအဟောင်းများထဲက ဆက်လက်ရပ်တည်မယ့်ပါတီဟာ ၅၀ ရာခိုင်နှုန်းအောက်ကို လျှော့ကျသွားတာ တွေ့ရမှာ ဖြစ်ပါတယ်။ (၂၀၂၃) ဥပဒေအရ ပြည်ထောင်စုတစ်ဝှမ်းလုံးစည်းရုံးဆောင်ရွက်မည့်ပါတီ အနေနဲ့ ဆောင်ရွက်ရမယ့် ငွေကြေးပမာဏ၊ ပါတီရုံးခွဲထားရှိရမည့်အခြေအနေ၊ လူဦးရေတိုးမြှင့်သတ်မှတ်လိုက်တဲ့အတွက်ကြောင့်လည်း အချို့သော ပါတီတွေမှာ ဆက်လက်ရပ်တည်ဖို့ အခက်အခဲ ဖြစ်နိုင်ခြေ ရှိပါတယ်။
သတ်မှတ်ထားတဲ့ ရက်ပေါင်း(၆၀) အတွင်းမှာ မှတ်ပုံတင်မယ်ဆိုရင်တော့ ယခင်ပါတီအတိုင်း ဆက်လက်ရပ်တည်တဲ့ သဘောဖြစ်ပြီး ရက်ပေါင်း(၆၀) ကျော်မှ နိုင်ငံရေးပါတီအသစ်အနေနဲ့ လျှောက်ထားနိုင်ပါတယ်။ (၂၀၂၃)ဥပဒေ ပုဒ်မ ၃ အရ လျှောက်ထားတဲ့သဘော ဖြစ်ပါတယ်။
နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ(၂၀၁၀) အရ တရားဝင်ရပ်တည်နေတဲ့ ပါတီများထဲမှာ NLD ပါတီလည်း ရှိနေပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲမှာ မဲလိမ်မဲခိုးမှုတွေ ကျူးလွန်ခဲ့ခြင်းကြောင့် တပ်မတော်က ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ (၄၁၇) (၄၁၈)အရ အာဏာအရပ်ရပ်ကို လွှဲပြောင်းတာဝန်ယူဆောင်ရွက်နေစဉ်မျာ NLD ဦးဆောင်သူများက သူတို့ထံက အာဏာကို လုယူပါတယ်လို့ ပြည်ဖျက်မီဒီယာများနဲ့ပူးပေါင်းကာ ကြွက်ကြွက်ညံအောင် လှုံ့ဆော်ခဲ့ကြပြီး လက်နက်ကိုင် အကြမ်းဖက်လမ်းစဉ်ကို ဖော်ဆောင်ခဲ့ကြပါတယ်။
ဒီကာလအတွင်းမှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC) က နိုင်ငံရေးပါတီများရဲ့ ပိုင်ဆိုင်မှုများကို စစ်ဆေးစဉ်မှာလည်း စစ်ဆေးခြင်း မခံခဲ့ပါဘူး။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နဲ့ ဆက်သွယ်ဆောင်ရွက်ခြင်းမရှိတဲ့ သဘောကို တွေ့မြင်ရပါတယ်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC) အနေနဲ့ NLD ပါတီဦးဆောင်သူများက CRPH, NUG အကြမ်းဖက်အဖွဲ့များကို ဖွဲ့စည်းပြီး အကြမ်းဖက်လှုပ်ရှားမှုများ လုပ်ဆောင်နေသည့်တိုင်အောင် NLD ပါတီကို ဖျက်သိမ်းခြင်း မပြုခဲ့ပါဘူး။
နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေကို ၂၆.၁.၂၀၂၃ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။ ဥပဒေမှာ ပါတီများမှတ်ပုံတင်ခြင်းဟာ ရက်ပေါင်း ၆၀ လို့ ပြဋ္ဌာန်းထားတာရှိပါတယ်။ ၂၆.၃.၂၀၂၃ ရက်နေ့မှာ ရက်ပေါင်း ၆၀ ပြည့်မှာဖြစ်ပါတယ်။ သတ်မှတ်ရက်ပြည့်ပြီးနောက်ပိုင်းမှာ မှတ်ပုံတင်လို့ ရ၊ မရ မေးမြန်းထားတဲ့ အပေါ်မှာ သတင်းမှန်ပြန်ကြားရေးအဖွဲ့ ခေါင်းဆောင်၊ ပြန်ကြားရေး ဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်း က -
နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေမှာ ဥပဒေပုဒ်မ၂၅ မှာလည်း ပြဋ္ဌာန်းပြီးဖြစ်ပါတယ်။ နိုင်ငံရေးပါတီအဖြစ်တည်ရှိနေတဲ့ပါတီများဟာ နိုင်ငံရေးပါတီအဖြစ် ဆက်လက်တည်ထောင်လိုရင် ဒီဥပဒေပြဋ္ဌာန်းချက်မှာ ပါတဲ့အတိုင်း ရက် ပေါင်း ၆၀ အတွင်း ကော်မရှင်သို့ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ပါတီမှတ်ပုံတင် ခွင့်ပြန်လည်လျှောက်ထားရမည်ဆိုပြီး ပါရှိပါတယ်။ နည်းဥပဒေအပိုဒ် ၈ မှာလည်း ပါရှိပြီးဖြစ်ပါတယ်။ ရက်ပေါင်း ၆၀ အတွင်းမှာပဲ မှတ်ပုံတင်ကြေးထပ်မံပေးသွင်းခြင်းမှအပ ဥပဒေပုဒ်မ ၅ ပါပြဋ္ဌာန်းချက်များအတိုင်း ကော်မရှင်သို့ ဥပဒေ၊ နည်းဥပဒေများနှင့်အညီလျှောက်ထားခွင့်ရှိပြီး လျှောက်ထားခြင်းမရှိတဲ့ နိုင်ငံရေးပါတီတွေက အလိုအလျောက်ပျက်ပြယ်ပြီး ဖြစ်သည်ဟု မှတ်ယူရမည်လို့ပါပြီးဖြစ်ပါတယ်။ ဒါနဲ့ ပတ်သက်ပြီး မတ်လ ၂၆ ရက်နေ့မှာ ရက်ပေါင်း ၆၀ ပြည့်မှာဖြစ်ပါတယ်။ သို့သော် မတ်လ ၂၅ ၊ ၂၆ ၊ ၂၇ ရက်နေ့တွေက ရုံးပိတ်ရက်တွေဖြစ်ပါတယ်။ နည်းဥပဒေ ပုဒ်မ ၂၉ မှာက နောက်ဆုံးနေ့ရက်အဖြစ် သတ်မှတ်ထားသော နေ့ရက်သည် အများပြည်သူရုံးပိတ်ရက်ဖြစ်ရင် ရုံးပြန်ဖွင့်သည့်နေ့တွင် အဲဒီကိစ္စကိုနောက်ဆုံးနေ့ရက်အဖြစ် ဆောင်ရွက်ခွင့်ရှိတယ်။ ဆက်လက်တည်ထောင်လိုတဲ့ နိုင်ငံရေးပါတီတွေကရက်ပေါင်း ၆၀ အတွင်း ကော်မရှင်ကိုပါတီ မှတ်ပုံတင်ခွင့် ပြန်လည်လျှောက်ထားမယ်ဆိုရင် မတ်လ၂၈ ရက်နေ့ နောက်ဆုံးဖြစ်ပါမယ်။ ဒါက ဥပဒေအရပြဋ္ဌာန်းခြင်း ဖြစ်ပါတယ်။ ပါတီကြီးငယ်မဟူ မည်သည့်ပါတီ မဆိုပြဋ္ဌာန်းချက်အတိုင်း ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။ ရွေးကောက်ပွဲကော်မရှင်ကလည်း ပြဋ္ဌာန်းချက်အတိုင်း ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
ဒီရက်ပိုင်းအတွင်းမှာ NLD ပါတီဦးဆောင်သူများ ဖွဲ့စည်းထားသော CRPH, NUG အကြမ်းဖက်အဖွဲ့ဝင် ပြည်ပြေး ဝရမ်းပြေး တချို့က ဦးဖြိုးမင်းသိန်း၊ ဒေါ်စန္ဒာမင်း၊ ဦးတိုးလွင်၊ ဦးဝင်းမြင့်အောင် တို့ကို NLD ပါတီကနေ ထုတ်ပယ်ကြောင်း စာထုတ်လာပြီးနောက်ပိုင်းမှာ ဦးတိုးလွင် နဲ့ ဒေါ်စန္ဒာမင်းတို့ရဲ့ တုန့်ပြန်မှုတွေ ထွက်ပေါ်လာပါတယ်။
သူတို့ (၂)ဦးရဲ့ အဓိက တုန့်ပြန်မှုကတော့ ပြည်ပြေး ဝရမ်းပြေးတွေအနေနဲ့ သူတို့ကို ထုတ်ပယ်ခွင့် မရှိကြောင်း၊ ပါတီ CEC မစုံညီဘဲ ဆုံးဖြတ်ချက်ချတာတွေ မလုပ်ကြဖို့ ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ရဲ့ ပြောဆိုချက်နဲ့ ဆန့်ကျင်နေကြောင်းဖြင့် တုန့်ပြန်လာကြပါတယ်။ ယခင်က CRPH, NUG တို့ရဲ့ အကြမ်းဖက်လမ်းစဉ်နဲ့ ပတ်သက်လို့ ဘာတစ်ခွန်းမျှ မပြောခဲ့ကြတဲ့ ပုဂ္ဂိုလ်တွေအနေနဲ့ ပါတီရဲ့ မူဝါဒဖြစ်တဲ့ အကြမ်းဖက်လမ်းစဉ်အတိုင်း ဆက်လက်ရပ်တည်နေတယ်ဆိုတာမျိုး ပြောဆိုလာခဲ့ကြပါတယ်။
သူတို့အနေနဲ့ အကြမ်းမဖက်လမ်းစဉ်အတိုင်း ရပ်တည်နေတယ်လို့ (၂)နှစ်ကြာပြီး နောက်ပိုင်းမှာ ထုတ်ဖော်ပြောဆိုလာတဲ့အချိန်မှာ NLD ဦးဆောင်သူများဖွဲ့စည်းထားတဲ့ CRPH, NUG အကြမ်းဖက်အဖွဲ့တွေနဲ့ သူတို့ရဲ့ လက်ကိုင်တုတ် PDF အကြမ်းဖက်အဖွဲ့နဲ့ ပူးပေါင်းအဖွဲ့တွေရဲ့ သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ ရဟန်းရှင်လူပြည်သူပေါင်း ၅၄၄၃ ဦး အထိ သေဆုံးခဲ့ရပြီး ဖြစ်ပါတယ်။ ဒါက သတ်ဖြတ်မှုကြောင့် သေဆုံးခဲ့ရတဲ့ စာရင်းပါ။ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ (၂) ရက်နေ့နောက်ပိုင်း အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေပါ ပေါင်းရင် PDF အကြမ်းဖက်အဖွဲ့နဲ့ ပူးပေါင်းအဖွဲ့တွေရဲ့ သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ ရဟန်းရှင်လူပြည်သူ (၆၀၀၀)နီးပါး အသက်ဆုံးရှုံးခဲ့ရပြီး ဖြစ်ပါတယ်။ NLD ဦးဆောင်သူတွေရဲ့ လှုံ့ဆော်မှုကြောင့် ဆရာဝန်၊ သူနာပြုတွေ CDM လုပ်ကြတဲ့အချိန်မှာ ဆေးဝါးကုသမှုခံယူဖို့ လိုအပ်နေတဲ့ လူနာတွေဟာ ဆေးဝါးကုသမှု ခံယူခွင့် မရဘဲ သေဆုံးခဲ့ရတဲ့ သွေးအေးလူသတ်သမားတွေရဲ့ လက်ချက်ကြောင့် သေဆုံးခဲ့ရတာလည်း (၆၀၀၀) ဝန်းကျင်ခန့် ရှိပါတယ်။ လုံခြုံရေးတပ်ဖွဲ့တွေအနေနဲ့ ပြန်လည်နှိမ်နင်းမှုကြောင့် PDF အကြမ်းဖက်သမားတွေ သေဆုံးရတဲ့ စာရင်းလည်း ရှိပါသေးတယ်။
ဦးတိုးလွင်၊ ဒေါ်စန္ဒာမင်း တို့ အနေနဲ့ အကြမ်းမဖက် လမ်းစဉ်အတိုင်း ရပ်တည်နေတယ်ဆိုတဲ့ ပြောဆိုချက်အပေါ်မှာ ကျေးဇူးတင်မိသော်လည်း (၂)နှစ်တာ ကာလ ပြည်ပြေး ဝရမ်းပြေး CRPH, NUG အကြမ်းဖက်အဖွဲ့တွေရဲ့ လှုံ့ဆော်မှုနဲ့ PDF အကြမ်းဖက်သမားတွေက အပြစ်မဲ့ ရဟန်းရှင်လူပြည်သူတွေအပေါ် ဒလန်၊ ပျူစောထီး၊ စစ်ခွေး အမည်မျိုးစုံသုံးပြီး အပြစ်မဲ့ ရဟန်းရှင်လူပြည်သူတွေကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့တဲ့ လုပ်ရပ်တွေအပေါ် နှုတ်ဆိတ်နေခဲ့ကြတဲ့ အပေါ်မှာတော့ တာဝန်မကင်းဘူးလို့ ယူဆမိပါတယ်။ သို့ပေသော်လည်း သူတို့အနေနဲ့ CRPH, NUG, PDF အကြမ်းဖက်အဖွဲ့တွေရဲ့ အကြမ်းဖက်လှုပ်ရှားမှုအပေါ် ဝေဖန်ထောက်ပြပြောဆိုမယ်ဆိုရင် အသတ်ခံရတဲ့ အခြေအနေမျိုးလည်း ရှိနေပါတယ်။
NLD ပါတီ ဆက်လက်ရပ်တည်မယ်၊ ဆက်လက်ရပ်တည်မှု မရှိဘူးဆိုတဲ့ အခြေအနေကိုတော့ တစ်ပတ်အတွင်း အဖြေသိရတော့မှာ ဖြစ်ပါတယ်။ ယခု မတ်လ (၂၈) ရက်နေ့ မတိုင်မီမှာ NLD ဦးဆောင်သူတွေက နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ(၂၀၂၃) ပုဒ်မ ၂၅ အရ တင်ပြလာမယ်ဆိုရင်တော့ဖြင့် ဆက်လက်ရပ်တည်မယ်ဆိုတဲ့ သဘောကို မြင်တွေ့ကြရမှာ ဖြစ်ပါတယ်။ ဆက်လက်ရပ်တည်မယ်လို့ တင်ပြလာခဲ့ရင်ရော ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) အနေနဲ့ ဥပဒေအရ စစ်ဆေးဖို့ခေါ်ယူစဉ်က စစ်ဆေးမှုမခံခဲ့တာ၊ NLD ဦးဆောင်သူတွေက ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ဆန့်ကျင်ပြီး အကြမ်းဖက်လုပ်ရပ်တွေ ကျူးလွန်ခဲ့တာနဲ့ ပတ်သက်လို့ ဘယ်လို အရေးယူဆောင်ရွက်မှာလဲဆိုတာ စောင့်ကြည့်ရအုံးမှာ ဖြစ်ပါတယ်။
မတ်လ (၂၈) ရက်နေ့ မတိုင်မီ NLD အနေနဲ့ ဆက်လက်တင်ပြလာတာမျိုး မရှိဘူးဆိုရင်တော့ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ(၃) အရ ပါတီသစ်အနေနဲ့ အကြမ်းဖက်မဖက်လမ်းစဉ်အတိုင်း ရပ်တည်နေပါတယ် ဆိုသူတွေ က မှတ်ပုံတင်လာနိုင်ပါတယ်။ ဒီလို မှတ်ပုံတင်လာခဲ့မယ်ဆိုရင်လည်း NLD ထဲကပဲ ပြည်ပြေး ဝရမ်းပြေးတွေရဲ့ ကန့်ကွက်သံတွေ ထွက်လာနိုင်ပါတယ်။ ပြည်ပြေး ဝရမ်းပြေးတွေ ဆီက ကန့်ကွက်မှုတွေ ဖြစ်ပေါ်လာခဲ့ရင်လည်း ပြည်ပြေး ဝရမ်းပြေးများထဲက တချို့သော ပုဂ္ဂိုလ်များကို နိုင်ငံသားစာရင်းထဲက ပယ်ဖျက်ပြီး ဖြစ်တဲ့အတွက်ကြောင့် ကန့်ကွက်မှုတွေဟာ အကြုံးဝင်မှာ မဟုတ်ပါဘူး။
မြန်မာ့နိုင်ငံရေးက ရှုပ်ထွေးနေတာတော့ မဟုတ်ပါဘူး။ ထမီနားခိုပြီး အာဏာရမ္မက်ထသူတွေ ပွက်လောညံနေခြင်းသာ ဖြစ်ပါတယ်။ ထမီနားခိုပြီး အာဏာရမ္မက်ထသူတွေ ဖော်ဆောင်ခဲ့တဲ့ အကြမ်းဖက်လမ်းစဉ်ကြောင့် အပြစ်မဲ့ ရဟန်းရှင်လူပြည်သူ အမြောက်အများ သေဆုံးခဲ့ရတဲ့ နစ်နာဆုံးရှုံးမှုတွေကတော့ ဘာနဲ့မှ ပြန်ပြီး အစားထိုးလို့ မရပါဘူး။ မြန်မာ့နိုင်ငံရေးနယ်ပယ်မှာ NLD ဦးဆောင်သူများကဲ့သို့သော သူယုတ်မာများ၊ အာဏာရမ္မက်ထသူများ၊ ပြည်သူလူထုတစ်ရပ်လုံးကို သေကြောင်းကြံခဲ့ကြသူများ နောက်နောင် ဘယ်တော့မှ မပေါ်ပေါက်ပါစေနဲ့လို့ ဆုတောင်းရင်းနဲ့သာ . . . ။
နောင်တော်လေး (ဘိုကလေး)
#MyanmarNationalPost

No comments:
Post a Comment