MNP ၊ ဧပြီ ၆
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ နွေရာသီကာလ ကျောင်းများပိတ်ချိန်တွင် ကျောင်းသား၊ ကျောင်းသူ၊ လူငယ်များအား အချိန်ကိုအကျိုးရှိစွာအသုံးချတတ်စေရန်၊ ဗုဒ္ဓဘာသာဆိုင်ရာ ယဉ်ကျေးမှုနှင့် ကိုယ်ကျင့်တရားများကို သိရှိနားလည်စေရန်နှင့် လိမ္မာယဉ်ကျေးသည့် နိုင်ငံ့သား ကောင်းရတနာများဖြစ်လာစေရန်ရည်ရွယ်၍ ကျောက်ဖြူမြို့ရှိ အခြေခံပညာကျောင်း(၇)ကျောင်း နှင့် ဘုန်းတော်ကြီးကျောင်း(၄)ကျောင်းတို့တွင် ပြည်သူ့နီတိနှင့် ယဉ်ကျေးလိမ္မာသင်တန်းကို ဖွင့်လှစ် ပြသလျက်ရှိသည်။
ထိုသို့ ပြည်သူ့နီတိနှင့် ယဉ်ကျေးလိမ္မာသင်တန်းကို ဖွင့်လှစ်ပြသလျက်ရှိရာ ယနေ့နံနက်ပိုင်းက ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဉက္ကဋ္ဌ ဒေါ်ရတနာဝင်းမောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များက သင်တန်းဖွင့်လှစ်ပြသနေသည့် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းနှင့် အောင်မင်္ဂလာဘုန်းတော်ကြီးကျောင်းသို့သွားရောက်ပြီး ကျောင်းသား၊ကျောင်းသူများကို ယဉ်ကျေးလိမ္မာသင်တန်း ဖွင့်လှစ်ရခြင်း၏ရည်ရွယ်ချက်နှင့် သင်တန်းတက်ရောက်ခြင်းဖြင့် ရရှိလာမည့်အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားကာ တာဝန်ရှိ သူများနှင့် ကျောင်းသား၊ကျောင်းသူများကို အဟာရပြည့်မုန့်များနှင့် စာအုပ်များထောက်ပံ့ပေးအပ်ခဲ့ သည်။
အဆိုပါ ပြည်သူ့နီတိနှင့် ယဉ်ကျေးလိမ္မာသင်တန်းကို ကျောက်ဖြူမြို့ရှိ အထက-၁၊ အထက (စနဲ)၊ အထက (ဆင်ဘုတ်ကျွန်းချောင်)၊ အထက(ငွေတွင်းတူး)၊ အထက(မြို့ချောင်း)၊ အထက ပန်းတောပြင်၊ အထက(အောက်မဒေးကျွန်း)နှင့် ဘုန်းတော်ကြီးကျောင်းများဖြစ်သည့် အောင်မင်္ဂလာ ဘုန်းတော်ကြီးကျောင်း၊ ဓမ္မိကာရုံဘုန်းတော်ကြီးကျောင်း၊ ကုန်ဘွေဘုန်းတော်ကြီးကျောင်း၊ မင်းပြင် ဘုန်းတော်ကြီးကျောင်း တို့တွင်ပြသလျက်ရှိပြီး သင်တန်းကာလမှာ ဧပြီလ(၁)ရက်နေ့မှ (၇)ရက် နေ့အထိ ဖွင့်လှစ်ပြသသွားမည်ဖြစ်ကြောင်း သိရသည်။
တင်ထွန်းဦး
https://t.me/MyanmarNationalPost





No comments:
Post a Comment