ငလျင်အန္တရာယ် အသိကြွယ် ကြိုတင်ပြင်ဆင် ဆောင်ရွက်မယ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ငလျင်အန္တရာယ် အသိကြွယ် ကြိုတင်ပြင်ဆင် ဆောင်ရွက်မယ်

 


မြန်မာနိုင်ငံသည် ကမ်းရိုးတန်းရှည်လျားသည့်နိုင်ငံဖြစ်ခြင်း၊ မြစ်ချောင်းပေါများခြင်း၊ တောင်ကုန်းတောင်တန်းများပြားခြင်း၊ မြောက်မှတောင်အထိရှည်လျားသည့် သက်ရှင်ပြတ်ရွေ့ဖြစ်သော စစ်ကိုင်းပြတ်ရွေ့နှင့် အခြားသောပြတ်ရွေ့ငယ်များရှိခြင်း၊ နိုင်ငံ၏ရာသီဥတုအခြေအနေအရ မြို့ပြမီးနှင့် တောမီးလောင်ကျွမ်းခြင်း၊ ရေကြီးရေလျှံခြင်း၊ မြေပြိုခြင်း၊ တောင်ပြိုခြင်း၊ မုန်တိုင်းတိုက်ခတ်ခြင်း၊ လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြိုးပစ်ခြင်း၊ ငလျင်လှုပ်ခြင်း၊ ဆူနာမီဖြစ်ပေါ်ခြင်းစသည့် သဘာဝဘေးအန္တရာယ်မျိုးစုံဖြစ်ပွားနိုင်သည့် နိုင်ငံတစ်နိုင်ငံဖြစ်သည်။


အဆိုပါ သဘာဝဘေးများအနက် ကြိုတင်ခန့်မှန်းတွက်ဆ၍မရသော ဘေးအန္တရာယ်မှာ ငလျင်ဘေးအန္တရာယ်ဖြစ်သည်။ ၎င်းဘေးအတွက် ကြိုတင်ပြင်ဆင်ခြင်း (Preparedness)၊ ကြိုတင် ကာကွယ်ခြင်း(Prevention)၊ အမြဲအဆင်သင့်ဖြစ်အောင် စီမံဆောင်ရွက်ခြင်း(Readiness)ဖြင့်သာ လက်ဦးမှုရယူနိုင်မည်ဖြစ်သည်။ ငလျင်သည် အချိန် အခါမရွေး၊ ရာသီမရွေးဖြစ်ပေါ်နိုင်သော သဘာဝဘေး တစ်မျိုးဖြစ်သော်လည်း တွေးတောကြောက်ရွံ့နေ ရန်မလိုဘဲကြိုတင်ပြင်ဆင်မှု အစီအမံများ စနစ်တကျဆောင်ရွက်ထားခြင်းဖြင့် ငလျင်ဘေးကိုရင်ဆိုင်ဖြေရှင်းနိုင်မည်ဖြစ်သည်။


ငလျင်ဆိုတာဘာလဲ၊ ငလျင်ဘာကြောင့် လှုပ်ရသလဲ


ကမ္ဘာကြီးကို တစ်ဆက်တစ်စပ်တည်းမဟုတ် သည့် မြေလွှာချပ်ကြီးများ၊ ကျောက်ချပ်လွှာထုကြီးများဖြင့် ဖွဲ့စည်းထားသည်။ အဆိုပါမြေလွှာချပ်ကြီးများ၊ ကျောက်ချပ်လွှာထုကြီးများ ရွေ့လျားစဉ် ကျောက်ချပ်လွှာထု၊ မြေလွှာချပ်ကြီးများ အချင်းချင်း တိုက်မိတတ်ကြသည်။ ထိုအချိန်တွင် ငလျင်လှုပ် ခြင်းဟူသည့် တုန်ခါမှုကြီးဖြစ်လာသည်။ ထို့ပြင် မြေငလျင်လှုပ်ခြင်းသည် ကမ္ဘာမြေအတွင်းရှိ ပြတ်ရွေ့ကြောများ ရုတ်တရက်ရွေ့လျားမှုကြောင့်လည်း ဖြစ်ပေါ်လာတတ်သည်။ မြေသားထုများ၊ ကျောက်လွှာထုများ ကွဲအက်ပြတ်ရွေ့မှုနှင့် ပြတ်ရွေ့ကြောများ ရွေ့လျားမှုကြောင့် Elastic Strain Energy ခေါ် ကျုံ့နိုင်အား၊ ဆွဲဆန့်အားများစုစည်းကာ ငလျင်လှိုင်းများ(Seismic Waves) ဖြစ်ပေါ်စေပြီး မြေမျက်နှာပြင်လှုပ်ခတ်မှုအထိဖြစ်ပွားကာ ငလျင်ဖြစ်လာရသည်။ အဆိုပါ ကျောက်ချပ်လွှာထု၊ မြေလွှာချပ်ကြီးများ တွန်းမိ၊ တိုက်မိသည့်အရှိန်၊ ပြင်းအားပေါ်မူတည်၍ ပြင်းထန်သည့်ငလျင်လှုပ်နိုင် သကဲ့သို့ အားပျော့သည့်ငလျင်လည်း လှုပ်နိုင်သည်။ ငလျင်သည် သဘာဝကြောင့်ဖြစ်သည့်အပြင် လူသား တို့၏ လုပ်ဆောင်မှုကြောင့်လည်း ဖြစ်ပေါ်နိုင်သည်။ အဓိကအားဖြင့် ဘူမိဗေဒဆိုင်ရာ၊ သဘာဝဖြစ်စဉ် ဆိုင်ရာ ကျောက်ချပ်လွှာထုကြီးများ ရွေ့လျားခြင်း၊ မီးတောင်များ ပေါက်ကွဲခြင်း၊ မြေလွှာအတွင်းပိုင်း ပေါက်ကွဲခြင်း၊ လူသားတို့၏ တီထွင်စမ်းသပ်မှု၊ လုံ့လပယောဂကြောင့် (အဏုမြူဗုံး၊ အဖျက်စွမ်းအား မြင့် ဓာတုလက်နက်စမ်းသပ်ဖောက်ခွဲခြင်း၊ အလွန်ကြီးမားပြင်းထန်သည့် မိုင်းခွဲခြင်း စသည်) တို့ကြောင့် ငလျင်လှုပ်ခတ်ခြင်းဖြစ်တတ်သည်။ ကမ္ဘာပေါ်တွင် အဓိကအားဖြင့် ငလျင်ရပ်ဝန်းကြီး နှစ်ခုရှိ၍ ပစိဖိတ်ကမ်းရိုးတန်းတစ်လျှောက်ကို ပစိဖိတ်အနားပတ်လည်ရပ်ဝန်း (The Pacific Rim) ဟုခေါ်သည်။ မြေထဲပင်လယ်မှစတင်၍ ဟိမဝန္တာတောင်တန်းနှင့် အနောက်ရိုးမတို့ကိုဖြတ်ပြီးလျှင် အင်ဒိုနီးရှားကျွန်းစုများအထိ သွယ်တန်းနေသော ဒေသကို အယ်လဖိုက်ရပ်ဝန်း (Alphides Belt)ဟုခေါ်သည်။ ကမ္ဘာပေါ်တွင်လှုပ်ခဲ့ပြီးသော ငလျင်အားလုံး၏ ၉၀ ရာခိုင်နှုန်းသည် ပစိဖိတ်အနား ပတ်လည်ရပ်ဝန်း၌ ကျရောက်၍ ၁၀ ရာခိုင်နှုန်းမှာ အယ်လဖိုက်ရပ်ဝန်းတွင် ကျရောက်သည်။ မြန်မာ နိုင်ငံသည် အယ်လဖိုက်ငလျင်ရပ်ဝန်းထဲ၌ ကျရောက်နေသည်။


မြန်မာနိုင်ငံနှင့် ငလျင်ကြော


မြန်မာနိုင်ငံတွင် မြောက်လတ္တီတွဒ် ၂၂ ဒီဂရီ၏အထက်ကို မြောက်ပိုင်း၊ အောက်ကိုတောင်ပိုင်းဟူ၍ ပိုင်းခြားကြည့်လျှင် မြောက်ပိုင်း၌ မြန်မာနိုင်ငံတွင် လှုပ်သောငလျင်များ၏ ၇၇ ရာခိုင်နှုန်းလှုပ်သည်။ ယင်းသို့ လှုပ်ရာဒေသမှာ မြန်မာတစ်နိုင်ငံလုံးဧရိယာ၏ ၃၀ ရာခိုင်နှုန်းသာရှိသည်။ မြောက်ပိုင်း၌လှုပ်သော ငလျင်အားလုံး၏ ၈၅ ရာခိုင်နှုန်းသည် ရစ်ချ်တာစကေး ၅ ၏အထက်အထိ ပြင်းထန်သည်။ ငလျင်လှုပ်သောအကြိမ်ပေါင်းကို ဆန်းစစ်ကြည့်ပြန်လျှင်မူ မြန်မာနိုင်ငံတွင် ရစ်ချ်တာစကေး ၈ နှင့်အထက် ပြင်းထန်သော ငလျင်ကြီးမျိုးသည် နှစ်ပေါင်း ၁၃၇ နှစ်ကြာလျှင် တစ်ကြိမ်၊ ၇ မှ ၇ ဒသမ ၉ အထိ ပြင်းထန်သောငလျင် မျိုးသည် ရှစ်နှစ်လျှင်တစ်ကြိမ်၊ ၆ မှ ၆ ဒသမ ၉ အထိ ပြင်းထန်သော ငလျင်မျိုးသည် လေးနှစ်ခန့်လျှင် တစ်ကြိမ်စသည်ဖြင့် အသီးသီးလှုပ်တတ်သည်။ ကျန်ငလျင်ငယ်များမှာ နှစ်နှစ်တစ်ကြိမ်ခန့် လှုပ်တတ်သည်။


၁၉၀၄ ခုနှစ်မှ ၁၉၆၉ ခုနှစ်အထိ လှုပ်ခဲ့သော ငလျင်တို့ကို အတန်းခွဲ၍ကြည့်သောအခါ ရစ်ချ်တာ စကေး ၇ ဒသမ ၇၅ မှ ၈ ဒသမ ၅ အထိ အလွန်ပြင်းထန်သောငလျင်နှစ်ကြိမ်၊ ၇ မှ ၇ ဒသမ ၇ အထိ ပြင်းထန်သော ငလျင် ၁၃ ကြိမ်၊ ၆ မှ ၆ ဒသမ ၉ အထိ ပြင်းထန်သော အလတ်စားငလျင် ၁၅ ကြိမ်လှုပ်ခဲ့ သည်ဟု သိရသည်။ အနာဂတ်တွင် ငလျင်ဒဏ်ခံရဖွယ်ရှိသော မြန်မာနိုင်ငံအရပ်ဒေသတို့ကို ဘူမိဗေဒ ပညာရှင်တို့က ပြင်းထန်နှုန်း မှန်းဆတွက်ချက် ကြည့်ရာမြောက်ပိုင်းချင်းတောင်၊ နာဂတောင်တန်း၊ ပတ်ကွိုင်တောင်တန်း၊ စစ်ကိုင်း၊ မိုးကုတ်၊ ဝန်းသို စသောဒေသတို့သည် ရစ်ချ်တာစကေး ၆ ဒသမ ၉ အထက်ပြင်းသော ငလျင်ဒဏ်ကို ခံရဖွယ်ရှိသည်။ ပဲခူးရိုးမအလယ်ကြောနှင့် ရှမ်းကုန်းပြင်မြင့် အနောက်စွန်းကြားရှိ ဧရာဝတီမြစ်ဝှမ်းပိုင်းမှာ ရစ်ချ်တာစကေး၆ ဒသမ ၂ ခန့် (အိုင်ပီးအီးစကေး ၈ အထိ) ငလျင်ပြင်းထန်နိုင်သည်။ ရန်ကုန်ဒေသတွင် ရစ်ချ်တာစကေး ၅ ဒသမ ၅ မှ ၆ ဒသမ ၂ အထိ လှုပ်နိုင်သည်။ တနင်္သာရီတိုင်းသည် ငလျင်ရပ်ဝန်းနှင့် လွတ်သောအရပ်ဖြစ်သည်။ ရှမ်းကုန်းပြင်မြင့်သည် ငလျင်ဒဏ်ကိုအနည်းငယ်သာ ခံရဖွယ်ရှိသည်။ ၂၀ ရာစုနှစ်ဦးပိုင်းမှ ယခုအချိန်အထိ မြန်မာနိုင်ငံတွင် အားပျော့သော ငလျင်များမှတစ်ပါး ငလျင်ကြီး ငလျင်ငယ်ပေါင်း အကြိမ် ၄၀၀ ကျော်လှုပ်ခဲ့သည်။ ပညာရှင်တို့ အစောဆုံး မှတ်တမ်းတင်ထားသော ငလျင်မှာ ၁၇၆၂ ခုနှစ် ဧပြီ ၂ ရက် ညနေ ၅ နာရီတွင် လှုပ်သော ရခိုင်နှင့် ဘင်္ဂလားပင်လယ်ငလျင်ဖြစ် သည်။ မြန်မာနိုင်ငံတွင် အပြင်းထန်ဆုံးဟု ယူဆရ သောငလျင်မှာ ၁၉၁၂ ခုနှစ် မေ ၂၃ ရက် နံနက် ၃ နာရီခန့်တွင် လှုပ်သော မေမြို့ငလျင်ဖြစ်သည်။ ထိုငလျင်၏ ဗဟိုချက်မှာ တောင်ကြီးမြို့ဖြစ်၍ ရစ်ချ်တာစကေး ၈ အထိ ပြင်းထန်သည်။ ရှမ်းပြည် နယ်မြောက်ပိုင်းနှင့် မန္တလေး၊ စစ်ကိုင်း၊ မိုးကုတ်ခရိုင်များအတွင်း စတုရန်းမိုင်ပေါင်း ၃၇၅၀၀၀ ရှိ နယ်မြေများသည် ထိုငလျင်ဒဏ်ကို ခံလိုက်ကြရ သည်။ မိုးကုတ်တစ်မြို့တည်း၌ပင်လျှင် စေတီပုထိုး ပေါင်း ၆၀ မျှ ပြိုကျပျက်စီးသည်။ ငလျင်ဖြစ်ပွားမှုနှင့် စပ်လျဉ်း၍ ခရစ်မပေါ်မီ ဘီစီ ၄၄၃ ခုနှစ် ဒွတ္တဘောင်မင်း လက်ထက်တွင် လှုပ်ခဲ့သည့်ငလျင်မှသည် ခရစ်နှစ် ၁၇၁၄ စနေမင်းလက်ထက်တွင်လှုပ်ခဲ့သည့် ငလျင်များကို မှတ်တမ်းပြုစုထားခဲ့ ကြောင်းသိရှိရသည်။


ငလျင်လှုပ်ခြင်းများကို မြေငလျင်တိုင်းတာစက်၊ မြေငလျင်မှတ်စက်(Seismograph) ဖြင့် မှတ်တမ်း တင်သည်။ ငလျင်ပမာဏ(၃) သို့မဟုတ် ၎င်းအောက် ရှိသော ငလျင်များသည် အများအားဖြင့် သိရှိနိုင်ခြင်း မရှိဘဲ ပမာဏ(၇)ရှိသော ငလျင်များသည် ကြီးမားသော ဒေသတစ်ခုလုံးတွင် ပြင်းထန်သော ဆုံးရှုံးမှု များကို ဖြစ်ပွားစေသည်။ ငလျင်၏ပြင်းအား (Magnitude) ကို ရစ်ချ်တာစကေးဖြင့် တိုင်းတာသည်။ ငလျင်လှုပ်ခတ်မှုပြင်းအားကြောင့် ဖြစ်ပေါ်နိုင်သည့် ထိခိုက်ပျက်စီးနိုင်မှုကို Modified Mercalli Scale ဖြင့် အဆင့်သတ်မှတ်တိုင်းတာသည်။ ငလျင်၏ကနဦး ဖြစ်ပေါ်သည့်အမှတ်ကို ၎င်း၏ဆုံချက်(Epicenter) သို့မဟုတ် အောက်ဘက်ဗဟိုချက်ဟုခေါ်သည်။ ငလျင်ဗဟိုချက်ဟူသော အသုံးအနှုန်းသည် အောက်ဘက်ဗဟိုချက်၏အပေါ် တည့်တည့်တွင်ရှိသော မြေမျက်နှာပြင်ရှိအမှတ်ကို ရည်ညွှန်းပါသည်။


မြန်မာနိုင်ငံတွင် ငလျင်ဖြစ်ပေါ်စေသော အကြောင်းရင်း


မြန်မာနိုင်ငံတွင် ငလျင်လှုပ်ရှားမှုများကို ဖြစ်ပေါ်စေသော အဓိကအကြောင်းရင်းနှစ်ရပ်ရှိသည်။ ပထမအကြောင်းရင်းမှာ မြောက်- အရှေ့ မြောက်ဘက်သို့ ရွေ့လျားနေသည့် အိန္ဒိယမြေထုချပ် (India Plate) သည် ယူရေးရှားမြေထုချပ်(Eurasian Plate)၏ အောက်သို့ပျမ်းမျှတစ်နှစ်လျှင် လေးစင်တီ မီတာမှ ခြောက်စင်တီမီတာနှုန်းဖြင့် ငုပ်လျှိုး ဝင်ရောက်နေပြီး အဆိုပါ ငုပ်လျှိုးဝင်ရောက်နေသည့် Subduction Zone အစပိုင်းတစ်လျှောက်ရှိ Arakan Trench ၊ Andaman Trench, Sumatra Trench နှင့် Java Trench များကြောင့်ဖြစ်သည်။ ဒုတိယ အကြောင်းရင်းမှာ အနောက်ဘက်ချင်းတောင်တန်း၊ ရခိုင်ရိုးမဒေသမှ အရှေ့ဘက်စစ်ကိုင်းပြတ်ရွေ့အကြားရှိ မြန်မာမြေထုချပ်ငယ်သည် ကပ္ပလီပင်လယ်ရှိ ဖြန့်ကြက်ဗဟိုရပ်ဝန်း (Andaman Spreading Zone)မှ ပျမ်းမျှအားဖြင့် တစ်နှစ်လျှင် ၂ ဒသမ ၅ မှ ၃ ဒသမ ၀ စင်တီမီတာနှုန်းဖြင့် မြောက် ဘက်သို့ ဘေးတိုက်ရွေ့လျားမှုဖြစ်စဉ်ကြောင့် စစ်ကိုင်းပြတ်ရွေ့နှင့်အတူ ဆက်စပ်ဖြစ်ပေါ်သော ဘေးတိုက်ပြတ်ရွေ့(Strike-Slip Fault) များ ဖြစ်ပေါ်ခဲ့ခြင်းတို့ကြောင့် ဖြစ်သည်။ မြန်မာနိုင်ငံတွင် ငလျင်ကို ဖြစ်ပေါ်စေသော အဓိကသက်ရှင်ပြတ် ရွေ့ကြီးအဖြစ် စစ်ကိုင်းပြတ်ရွေ့အပြင် ကဘော်ပြတ်ရွေ့၊ ကျောက်ကြမ်းပြတ်ရွေ့၊ မိုးမိတ်ပြတ်ရွေ့၊ နန်းမ ပြတ်ရွေ့၊ ရွှေလီပြတ်ရွေ့၊ ဖာပွန်ပြတ်ရွေ့၊ မြောက်ဦးပြတ်ရွေ့ စသည့်ပြတ်ရွေ့များနှင့် ပြတ်ရွေ့ငယ်များစွာ တည်ရှိနေသည်။


စစ်ကိုင်းပြတ်ရွေ့သည် မြန်မာနိုင်ငံ၏ မြို့ကြီး များဖြစ်သည့် စစ်ကိုင်း၊ မန္တလေး၊ မိတ္ထီလာ၊ သာစည်၊ ရမည်းသင်း၊ ပျဉ်းမနား၊ နေပြည်တော်၊ တောင်ငူ၊ ဖြူးနှင့် ပဲခူးမြို့များကို ဖြတ်သန်းသွား၍ အဆိုပါ မြို့ကြီးများနှင့် အနီးတစ်ဝိုက်တွင် ငလျင်လှုပ်ရှားမှု ကို တွေ့ကြုံခံစားရနိုင်သည်။ အတိတ်ကာလ၏ သမိုင်းမှတ်တမ်းများအရ စစ်ကိုင်းပြတ်ရွေ့ကြောင့် လှုပ်ရှားခဲ့သော ငလျင်များသည် အင်အားများ၍ မြေပြင်ဗဟိုချက်အနက်တိမ်သောကြောင့် အခြားသောငလျင်များနှင့် နှိုင်းယှဉ်လျှင်ပျက်စီးမှုပိုမို များပြားသည်။ မြန်မာနိုင်ငံတွင် ငလျင်လှုပ်ရှားမှုသည် ပြတ်ရွေ့များရွေ့လျားမှု ဖြစ်စဉ်ကြောင့် ဖြစ်ပေါ် သည်သာမက အိန္ဒိယမြေထုချပ်သည် မြန်မာမြေထု ချပ်အောက်သို့ တိုးဝင်မှုဖြစ်စဉ်များကြောင့်လည်း ဖြစ်ပေါ်နိုင်သည်။ မြေထုချပ်(Plate)ဟု ခေါ်သော ကျောက်သားထုချပ်နှစ်ခုသည် တစ်ခုနှင့်တစ်ခု တွန်းတိုက်မိရာမှ တစ်ခုကအခြားတစ်ခုအောက်သို့ ငုပ်လျှိုးဝင်ရောက်ပြီး အပေါ်တစ်ခုသည် တွန်းတိုက် ခံရသည့်အတွက် တွန့်ခေါက်လာ၍ အဆိုပါတွန်းတိုက်သည့်နေရာတွင်အားများ တဖြည်းဖြည်း စုစည်းမိလာကာတစ်ချိန်တွင် စုစည်းမိသောအားများ (စွမ်းအင်များ) ရုတ်တရက် ရုန်းကန်၍ အဘက်ဘက်သို့ ပြန့်ထွက်သွားရာ လမ်းကြောင်း တစ်လျှောက်ရှိ ကြားခံအရာများအားလုံး တုန်ခါ၍ ငလျင်လှုပ်ခြင်းကို ဖြစ်ပေါ်စေသည်။ 


၂၀၁၀ ပြည့်နှစ်မှ ၂၀၂၀ ပြည့်နှစ်အတွင်း လှုပ်ရှားခဲ့သောငလျင်များကို ပြန်လည်ဆန်းစစ် ကြည့်ရာစုစုပေါင်း ၈၅၇ ကြိမ်လှုပ်ရှားခဲ့ပြီး အင်အားအနည်းငယ်ရှိသောငလျင် ၇၆၂ ကြိမ်၊ အင်အားအသင့်အတင့်ရှိသော ငလျင် ၈၈ ကြိမ်နှင့် အင်အား ပြင်းထန်သော ငလျင်ခုနစ်ကြိမ် လှုပ်ရှားခဲ့ရာ စစ်ကိုင်းတိုင်းဒေသကြီးသည် အခြားသောတိုင်း ဒေသကြီးနှင့် ပြည်နယ်များထက် ငလျင်လှုပ်ရှားမှု ပိုမိုကြုံတွေ့နေရသည့်အပြင် မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ရှမ်းပြည်နယ် တို့တွင်လည်း ငလျင်လှုပ်ရှားမှုများပြားပြီး တနင်္သာရီ တိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့တွင် ငလျင် လှုပ်ရှားမှုအလွန်နည်းပါးသည်ကို တွေ့ရှိရသည်။ 


ငလျင်ဘေးဒဏ်ကင်းဝေးဖို့ ကြိုတင်သတိပြု ပြင်ဆင်စို့


မြေထုချပ်တိုးဝင်မှုကြောင့် ဖြစ်ပေါ်သောငလျင်များ၏ မြေပြင်ဗဟိုချက်သည် နက်သောကြောင့် ပြတ်ရွေ့များရွေ့လျားပြီး လှုပ်ရှားသောငလျင်များ လောက်ပျက်စီးမှုမရှိနိုင်သော်လည်း ဆောက်လုပ် ထားသော အဆောက်အအုံများသည် ဆောက်လုပ်ထားသည့် သက်တမ်းကြာမြင့်ခြင်းနှင့် ကြံ့ခိုင်မှု အားနည်းခြင်းတို့ကြောင့် မြေပြင်ဗဟိုချက်နက်သော အင်အားပြင်းငလျင်အချို့တွင် ပျက်စီးမှုများရှိနိုင် သည်။ ငလျင်လှုပ်ရှားမှုသည် အခြားသောသဘာဝဘေးများကဲ့သို့ ကြိုတင်မသိရှိနိုင်ခြင်း၊ သတိပေးနိုင် ခြင်းမရှိသည့်အတွက် မိမိတို့နေထိုင်သောဒေသများတွင် ငလျင်ဒဏ်ခံနိုင်သည့် အဆောက်အအုံများ တွက်ချက်ဆောက်လုပ်သင့်သည်။ ငလျင်သည် ကြိုတင်မခန့်မှန်းနိုင်သော သဘာဝဘေးတစ်မျိုးဖြစ် သော်လည်း ယနေ့အချိန်တွင် ခေတ်မီဖွံ့ဖြိုးတိုးတက် လာသည်နှင့်အမျှ ငလျင်ကြောင့် အတိတ်ကာလက ဖြစ်ပေါ်ခဲ့သောဖြစ်စဉ်များကို ပြန်လည်လေ့လာတွက်ချက်သည့် နည်းပညာ(Paleoseismology)ဖြင့် ငလျင်လှုပ်ရှားနိုင်သည့် အလားအလာအားလေ့လာနိုင်၍ ၂၀၁၁ ခုနှစ်တွင် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနသည် မြန်မာနိုင်ငံငလျင်ကော်မတီ၊ ဂျပန်နိုင်ငံ ကျိုတိုတက္ကသိုလ်တို့နှင့် ပူးပေါင်း၍ ၁၉၃၀ ပြည့်နှစ်တွင် အင်အားပမာဏ ၇ ဒသမ ၃ ဖြင့် လှုပ်ရှားခဲ့သော ပဲခူးငလျင်ဖြစ်စဉ်ကို သုတေသနပြု လေ့လာခဲ့ကြသည်။ ငလျင်သည် နှစ်ပေါင်း ၁၆၀ အတွင်း တစ်ကြော့ပြန် လှုပ်ရှားနိုင် သည့်အပြင် ယခုအခါ ငလျင်လှုပ်ခဲ့သည်မှာ နှစ်ပေါင်း ၉၀ ကျော်ကြာလာပြီဖြစ်၍ ငလျင်ဘေး ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ထားသင့်သည်။


၁၉၃၀ ပြည့်နှစ် ပဲခူးငလျင်လှုပ်ရှားခဲ့စဉ်က ပဲခူးမြို့တွင် လူဦးရေ ၅၀၀ ခန့်သေဆုံးခဲ့ပြီး လူနေအိမ် အများအပြားပြိုကျ၍ ရန်ကုန်မြို့တွင်လည်း အဆိုပါ ပဲခူးငလျင်ကြောင့် လူနေအိမ်အချို့ ပျက်စီးကာ လူငါးဦးခန့် သေဆုံးခဲ့သည်။ ရန်ကုန်မြို့အနေဖြင့် ပဲခူးငလျင် တစ်ကြော့ပြန်လည် လှုပ်ရှားနိုင်၍ ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ထားသင့်သကဲ့သို့ ရခိုင်ပြည်နယ် စစ်တွေမြို့အနီးတွင်လည်း ၁၇၆၂ ခုနှစ်က အင်အားပြင်းထန်သော ငလျင်ကြီးတစ်ခု လှုပ်ရှားခဲ့ပြီး အဆိုပါငလျင်ကြီးကြောင့် ဆူနာမီ ရေလှိုင်းများလည်းဖြစ်ပေါ်ခဲ့၍ ယခုအခါ နှစ်ပေါင်း ၂၆၀ ခန့်ရှိပြီဖြစ်သဖြင့် အဆိုပါ ဒေသအနီးတစ်ဝိုက် တွင်လည်း ငလျင်ဘေးကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ထားသင့်သည်။ ထို့ပြင် ငလျင်လှုပ် နိုင်သည့်ဒေသ သို့မဟုတ် ငလျင်ပြတ်ရွေ့တည်ရှိရာ ဒေသတွင် နေထိုင်ကြသူများအနေဖြင့် ငလျင်သတိ အမြဲရှိနေကြရန်နှင့် ငလျင်ကြောင့် ထိခိုက်ဆုံးရှုံးမှုများမရှိရစေရန် ကြိုတင်ပြင်ဆင်ကြရမည်ဖြစ် သည်။ ငလျင်မလှုပ်မီ၊ ငလျင်လှုပ်စဉ်နှင့် ငလျင်လှုပ်ပြီးချိန်များတွင် ဆောင်ရွက်ရန်အချက်များကို လူတိုင်းသိရှိထားသင့်သည်။ ၎င်းတို့ကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနက အခမဲ့ဖြန့်ဝေသည့်ပိုစတာ၊ လက်ကမ်း စာစောင်၊ Myanmar Disaster Alert Appနှင့် Bill Board များ၊ Website များတွင် အလွယ်တကူ လေ့လာမှတ်သားနိုင်ပါသည်။


ငလျင်လှုပ်တဲ့အခါ ဘာတွေဖြစ်နိုင်သလဲ


ငလျင်၏သက်ရောက်မှုကြောင့် လူ့အသက်သေကျေခြင်း၊ လမ်း၊ တံတားများနှင့် အခြေခံ အဆောက်အအုံများ ပြိုလဲပျက်စီးခြင်း၊ လူနှင့်တိရစ္ဆာန်များ ထိခိုက်ဒဏ်ရာရခြင်း၊ ဆက်သွယ်ရေးနှင့် ထောက်ပံ့ပို့ဆောင်ရေးလုပ်ငန်းများ ပြတ်တောက်ပျက်စီးခြင်း၊ လျှပ်စစ်လိုင်းများ၊ ဓာတ်ငွေ့ပိုက်၊ ရေနံပိုက်၊ ရေပိုက်လိုင်းများ ပေါက်ကွဲခြင်း၊ မီးတောင်ပေါက်ကွဲခြင်း၊ တောင်ပြိုမြေပြိုခြင်း၊ သောက်သုံးရေတွင် ကူးစက် ရောဂါပိုးများ ဝင်ရောက်ခြင်း၊ စီးပွားရေး၊ လူမှုရေးနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများသာမက ဂေဟစနစ်နှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ယိုယွင်း ခြင်းတို့ ဖြစ်ပွားတတ်သည်။ ငလျင်သည် ပင်လယ် သမုဒ္ဒရာအတွင်း သတ်မှတ်ထားသည့်မြေလွှာ အနက်၊ ပြင်းအား (Magnitude) ၇ ဒသမ ၅ အထက် ငလျင်လှုပ်ပါက သမုဒ္ဒရာရေလှိုင်းကြီးများ (Tsunami) ဖြစ်ပွားကာ နီးစပ်ရာ ကမ်းရိုးတန်း တစ်လျှောက်ရှိသက်ရှိ၊ သက်မဲ့များ၏အသက်ပေါင်းများစွာ သေကျေပျက်စီးစေနိုင်သည်။ ပင်လယ်သမုဒ္ဒရာအတွင်း လှုပ်ခတ်သည့် ငလျင်ကြောင့် ဆူနာမီခေါ် သမုဒ္ဒရာရေလှိုင်းကြီးများ (Series of Ocean Waves) သည် အမြင့်ပေ ၁၀၀ မှ ပေ ၁၈၀ အထိမြင့်မားနိုင်ကာ ဂျက်လေယာဉ်၏ အမြန်နှုန်းတစ်နာရီလျှင် မိုင် ၅၀၀ (၈၀၅ ကီလို မီတာ) အရှိန်အဟုန်ဖြင့် ကမ်းခြေသို့ ရောက်ရှိနိုင် သည်။ ဆူနာမီအများစု ၈၀ ရာခိုင်နှုန်းသည် ပစိဖိတ်သမုဒ္ဒရာအတွင်း ဖြစ်ပွားတတ်သည်။ The National Earthquake Information Center အဆိုအရကမ္ဘာပေါ်တွင် သိသာထင်ရှားသည့် ငလျင်တစ်နေ့လျှင် ၅၅ ကြိမ်၊ တစ်နှစ်လျှင်အကြိမ်ပေါင်း ၂၀၀၀၀ ကျော် လှုပ်ခတ်ကြောင်း သိရသည်။


အိန္ဒိယသမုဒ္ဒရာဆူနာမီ ၂၀၀၄ သို့မဟုတ် The Boxing Day Tsunami


အိန္ဒိယသမုဒ္ဒရာဆူနာမီသည် ၂၀၀၄ ခုနှစ် ဒီဇင်ဘာ၂၆ ရက် နံနက်အစောပိုင်းတွင်(The Pacific Ring of Fire ခေါ် ငလျင်ရပ်ဝန်းအတွင်း ကျရောက် နေသည့် ) အင်ဒိုနီးရှားနိုင်ငံ ဆူမတြားကျွန်းအနောက် မြောက်ပိုင်း အိန္ဒိယသမုဒ္ဒရာကြမ်းပြင်အနက် ၁၈ ဒသမ ၆ မိုင် (၃၀ကီလိုမီတာ) အနက်တွင်ပြင်းအား ရစ်ချ်တာစကေး ၉ ဒသမ ၁ ဖြင့် လှုပ်ခဲ့ပြီး အရှေ့ အာဖရိက ကမ်းခြေအထိ သက်ရောက်မှုရှိခဲ့သည်။ အဆိုပါဆူနာမီသည် အိန္ဒိယကျောက်ချပ်လွှာထုနှင့် ဗမာကျောက်ချပ်လွှာထုတို့ ဆန်ဒါချောက်တွင် ထိတွေ့ပွတ်တိုက်မှုဖြစ်ပွားရာမှ (the Indian Plate and the Burma Plate, collided at the Sunda Trench) ဟီရိုရှီးမားမြို့ပေါ်သို့ ကြဲချခဲ့သည့် အဏုမြူဗုံးထက် အဆပေါင်း ၂၃၀၀ ပြင်းအားရှိသည့် မြေငလျင်လှုပ်မှုကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်သည်။ ငလျင်ကြောင့် ဖြစ်ပေါ်လာသည့် ဆူနာမီ၏ ဘေးဒဏ်ကို သမုဒ္ဒရာကမ်းရိုးတန်းနိုင်ငံ ၁၂ နိုင်ငံ အထိခံစားခဲ့ရပြီး လူပေါင်း ၂၃၀၂၇၃ ဦးသေဆုံးခဲ့ကြ ရကြောင်း မှတ်တမ်းများအရ သိရသည်။ ယင်းငလျင် သည် နှစ်ပေါင်း ၄၀ အတွင်း အမြင့်မားဆုံးနှင့် ၂၀၀၀ ပြည့်နှစ် နောက်ပိုင်းလှုပ်ခဲ့သည့် မြေငလျင်များ အနက် အပြင်းထန်ဆုံးငလျင်အဖြစ် မှတ်တမ်း ဝင်ခဲ့သည်။ ခရစ္စမတ်အပြီး နောက်တစ်ရက် ဖြစ်ပွားခဲ့ခြင်းကြောင့် The Boxing Day Tsunami ဟု ထင်ရှားသည်။ ငလျင်ကြောင့် ဖြစ်ပေါ်လာသည့် ဆူနာမီခေါ် သမုဒ္ဒရာရေလှိုင်းကြီးများ၏ အဖျက်စွမ်းအားကြီးမားပုံကို သတိပြုမိစေခြင်းငှာ နှစ်စဉ် နိုဝင်ဘာ ၅ ရက်ကို ကမ္ဘာ့ဆူနာမီနေ့ (World Tsunami Awareness Day) အဖြစ် ကုလသမဂ္ဂက သတ်မှတ်ခဲ့ပါသည်။


တူကီယဲနှင့် ဆီးရီးယားငလျင်


တူကီယဲ (တူရကီ) နိုင်ငံနှင့် ဆီးရီးယားတို့တွင် ယခုနှစ် ဖေဖော်ဝါရီ ၆ ရက်က လှုပ်ခဲ့သည့် ပြင်းအား ၇ ဒသမ ၈ ရှိငလျင်သည် ကျောက်လွှာချပ် ထုသုံးခုဆုံရာ တူကီယဲနိုင်ငံ Gaziantep မြို့ အနောက်ဘက် မိုင်၂၀ ကျော်အကွာရှိဒေသ အနက် ၁၁ မိုင်တွင် တစ်မိနစ်မှ တစ်မိနစ်ခွဲအချိန်ကာလ အတွင်း လှုပ်သွားခြင်းဖြစ်သည်။ အဆောက်အအုံပေါင်း ၆၀၀၀ ကျော်ပြိုကျပျက်စီးခဲ့ရကာ လူ ပေါင်း ၅၀၀၀၀ကျော်အထိ (တူကီယဲတွင် ၄၅၉၆၈ ဦးနှင့် ဆီးရီးယားတွင် ၇၂၅၉ဦး) သေဆုံးခဲ့ရသည်။ ထိုမျှမက ၇ ဒသမ ၄ ပြင်းအားရှိ နောက်ဆက်တွဲ ငလျင်နှင့် ငလျင်ငယ်ပေါင်း ၄၀၀၀ ကျော် အထိခံစား ခဲ့ရ၍ ရာစုနှစ်အတွင်း ဥရောပ၏ အဆိုးရွားဆုံး သဘာဝဘေးကြီးဖြစ်ကြောင်းနှင့် တူကီယဲရှိ လူဦးရေ ၁၅ သန်းနှင့် ဆီးရီးယားရှိ လူဦးရေ ၁၁ သန်း၊ စုစုပေါင်း လူဦးရေ ၂၆ သန်းအပေါ် သက်ရောက်မှု ရှိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ခန့်မှန်း ထုတ်ပြန်ထားသည်။


ငလျင်မလှုပ်မီ သဘာဝအလျောက် ကြိုတင်သိရှိနိုင် သည့် အခြေအနေများ


ငလျင်ကို ခေတ်မီနည်းစနစ်များဖြင့် ခန့်မှန်းတွက်ချက်၍ မရနိုင်သေးသော်လည်း ငလျင်မလှုပ်မီ သဘာဝအလျောက် ကြိုတင်သိရှိနိုင်သည့် အချက်များကိုသတိထားရန် လိုအပ်ပါသည်။ ဥပမာအားဖြင့် တိရစ္ဆာန်များသည် ပုံမှန်မဟုတ်သောအပြုအမူများ ပြုမူခြင်း၊ ဆူညံစွာအော်ဟစ်ခြင်း၊ နေရာရွှေ့ပြောင်း ခြင်း၊ ဆိုးရွားသော အနံ့များရခြင်း၊ ရေတွင်းများပုံမှန် မဟုတ်ဘဲ ရေခန်းသွားခြင်း၊ မြစ်၊ ချောင်းမှ ရေများ ရုတ်တရက် ကျဆင်းသွားခြင်း၊ ရေမျက်နှာပြင် မြင့်တက်လာခြင်းနှင့် အပူချိန်တိုးလာခြင်း၊ Foreshocks ခေါ် အကြိုငလျင်ငယ်များလှုပ်ခြင်း၊ ငလျင်လှုပ်မည့်ဒေသအနီးတွင် တော်လဲသံများ ကြားရခြင်းတို့ကိုတွေ့ရှိရပါက ငလျင်ကြီးများလှုပ်ခတ်နိုင်၍ ကြိုတင်ပြင်ဆင်ရန် လိုအပ်မည်ဖြစ် သည်။ ငလျင်လှုပ်ရှားမှုကို ဖြစ်ပေါ်စေသည့်ပြတ်ရွေ့များ အနီးတစ်ဝိုက်နှင့် မြေထုချပ်တိုးဝင်မှု ဖြစ်ပေါ်စေနိုင်သောဒေသများတွင် နေထိုင်သူများ အနေဖြင့် ငလျင်နှင့်ပတ်သက်၍ ကြိုတင်ပြင်ဆင်မှု များ ဆောင်ရွက်ထားသင့်ပါသည်။


ငလျင်အန္တရာယ်အသိကြွယ် ဂရုပြုလို့ ဆောင်ရွက်မယ်


မြို့ပြများ၌အထပ်မြင့် အဆောက်အအုံများ တည်ဆောက်ရာတွင် မြေငလျင်ဒဏ်ခံနိုင်စေရန် Building Code နှင့်အညီ စနစ်တကျတွက်ချက် ဆောက်သင့်ပါသည်။ နံရံကပ်ဗီရိုကြီးများ၊ စာအုပ်စင်များ၊ ပန်းချီကားချပ်များ စသည့် ပြိုလဲကျနိုင်သည့် ပစ္စည်းများကို ခိုင်ခံ့အောင် ပြုလုပ်ထားရပါမည်။ လေးလံ၊ ကွဲရှနိုင်သည့်ပစ္စည်းများကို စင်အောက် အဆင့်များတွင်သာ ထားသင့်ပါသည်။ အမြင့်တွင် မတင်ထားသင့်ပါ။ မိမိတို့အိမ်တွင် ခြကိုက်ဆွေးမြည့် နေသည့်နေရာများရှိပါက သေချာပြုပြင်သင့်သည်။ ဓာတ်မီး၊ လျှပ်စစ်မီးအိမ်၊ ဆေးသေတ္တာစသည့် အရေးပေါ်ပစ္စည်းများကို အဆင်သင့်ဆောင်ထားရမည်။ ငလျင်ကြောင့် မိသားစုတကွဲတပြားဖြစ်ခဲ့ပါက ပြန်ဆုံရမည့်ဆုံမှတ်(Meeting Points) ကြိုတင် သတ်မှတ်ထားသင့်ပါသည်။


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနသည် သဘာဝဘေးကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးအတွက် သဘာဝဘေးအသိပညာပေးလုပ်ငန်းများ၊ သင်တန်း ဖွင့်လှစ်ပို့ချခြင်းများ ဆောင်ရွက်ပေးနေသကဲ့သို့ ငလျင်ဘေးအပါအဝင် မုန်တိုင်းဘေးသဏ္ဌာန်တူ သရုပ်ပြလေ့ကျင့်ခန်း၊ ရေဘေးသဏ္ဌာန်တူ သရုပ်ပြလေ့ကျင့်ခန်းတို့ကို ဆက်စပ်ဦးစီးဌာန များ၊ ဒေသခံပြည်သူများနှင့် ပူးပေါင်းကာ စဉ်ဆက် မပြတ် ပြုလုပ်လျက်ရှိသည်။ ငလျင်ဘေးနှင့်စပ်လျဉ်း၍ အမျိုးသားအဆင့်ငလျင်ဘေးအန္တရာယ် ကြိုတင်ပြင်ဆင်ရေးနှင့် တုံ့ပြန်ရေးစီမံချက်ကို လည်း ၂၀၁၉ ခုနှစ်တွင် ရေးဆွဲထုတ်ပြန်ခဲ့သည်။ ထို့ပြင် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနသည်လည်း ငလျင်ဆိုင်ရာဟောပြောပို့ချမှုများ၊ ကြိုတင်သရုပ်ပြလေ့ကျင့်မှုများ ဆောင်ရွက်နေသကဲ့သို့ နိုင်ငံတကာနှင့်ပူးပေါင်း၍ ငလျင် သုတေသနစီမံကိန်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။


ငလျင်ဘေးကို တုံ့ပြန်ဖို့ ကြိုတင်ပြင်ဆင် ဆောင်ရွက်စို့


မြန်မာနိုင်ငံသည် ငလျင်အပါအဝင် သဘာဝဘေးများစွာ တွေ့ကြုံခံစားရသည့် နိုင်ငံတစ်နိုင်ငံဖြစ်ပြီး အင်အားပြင်းငလျင်ကြီးများ လှုပ်ရှားခဲ့သကဲ့သို့ ကမ်းရိုးတန်းဒေသများတွင် ဆူနာမီရေလှိုင်း ရိုက်ခတ်ခြင်းများ တွေ့ကြုံခံစားခဲ့ရသည်။ သဘာဝဘေးအန္တရာယ်များသည် လူသားအားလုံးနှင့် သက်ဆိုင်သည်။ တစ်ဦးတစ်ယောက်တည်း၊ တစ်ဌာန၊ တစ်ဖွဲ့တည်းက ဆောင်ရွက်၍မရပါ။ လူတိုင်းပါဝင်ဆောင်ရွက်မှသာ အရေးကြုံလာပါက ဘေးဒဏ်ကြံ့ကြံ့ခံနိုင်မည်ဖြစ်သည်။ သို့ဖြစ်၍ ပြည်သူများအား ငလျင်ဆိုင်ရာအသိပညာပေးခြင်း၊ ကြိုတင်ပြင်ဆင်မှုများ ကျယ်ပြန့်စွာ ဆောင်ရွက် ခြင်း၊ ငလျင်ဘေးဆိုင်ရာ သုတေသနပြုလေ့လာ ဆန်းစစ်ခြင်းဖြင့် ငလျင်ဘေးအန္တရာယ်လျော့ပါးရေး လုပ်ငန်းများ ဆောင်ရွက်နိုင်မည်ဖြစ်သည်။ ယခုအခါ ငလျင်ဘေးအန္တရာယ်နှင့် ပတ်သက်၍ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ ညွှန်ကြားမှုဖြင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာနဆက်စပ်ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများ၊ တိုင်းဒေသကြီး/ ပြည်နယ်သဘာဝဘေး​​စီမံခန့်ခွဲရေး အဖွဲ့များ၊ ဒေသခံပြည်သူလူထုအားလုံး ပါဝင်သည့် ငလျင်ဘေး အရေးပေါ်တုံ့ပြန်မှုနှင့် သရုပ်ပြ လေ့ကျင့်မှုတို့ကို ငလျင်ဘေးကျရောက်နိုင်ခြေရှိ သည့် တိုင်းဒေသကြီး/ ပြည်နယ်များတွင်ဆောင်ရွက်နေသကဲ့သို့ စဉ်ဆက်မပြတ်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။ သို့ဖြစ်ပါ၍ သဘာဝဘေးအသိပညာပေးလုပ်ငန်းများနှင့် သဏ္ဌာန်တူ သရုပ်ပြလေ့ကျင့်မှုများ၊ အထူးသဖြင့် ကြိုတင် သတိပေးချက် ထုတ်ပြန်နိုင်ခြင်းမရှိသည့် ငလျင် ဘေးအန္တရာယ်နှင့်စပ်လျဉ်း၍ “ငလျင်အန္တရာယ် အသိကြွယ် ကြိုတင်ပြင်ဆင်ဆောင်ရွက်မယ်” ဟူသည့်အတိုင်း ငလျင်ဘေးကြောင့် ထိခိုက်ဆုံးရှုံး မှုလျော့ပါးစေရေးအတွက် ငလျင်ဘေးသဏ္ဌာန်တူသရုပ်ပြလေ့ကျင့်မှုများတွင် ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနနှင့်အတူ တတ်စွမ်းသမျှ ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ကြပါရန် တိုက်တွန်း ရေးသားလိုက်ရပါသည်။ ။


မောင်လူမွန်(သုတေသန)


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)