MNP ၊ ဧပြီ ၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ နွေဦးပွင့်လင်းရာသီတွင် ရှမ်းရိုးရာဓလေ့ထုံးတမ်းများနှင့်အညီ မွေတော်ရပ်ကွက်ရှိ မြို့နယ်သံဃာ့နာယကဥက္ကဋ္ဌ အောင်မင်္ဂလာမွေတော် ကျောင်းဆရာတော်မှ ကြီးမှူးကျင်းပသည့် ရှမ်းလူမျိုးတို့၏ဓလေ့အစဉ်အလာများနှင့်အတူ ရှမ်းရိုးရာစုပေါင်း ရှင်ပြုနားသ အလှူတော်မင်္ဂလာပွဲများကို ကျေးရွာအလိုက်၊ ရပ်ကွက်အလိုက် ရှေးမူရှေးဓလေ့မပျက်နှစ်စဉ် တပေါင်းလဆန်းမှ တန်းခူးလအထိ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။
ရှမ်းရိုးရာစုပေါင်းရှင်ပြုနားသ အလှူတော်မင်္ဂလာပွဲများကို စိုက်ပျိုးသီးနှံများ ရိတ်သိမ်းပြီးချိန် ဆောင်းအကုန်နွေအကူး မိုးလေကင်းလွတ်ချိန်တွင် စတင်ကျင်းပရာ ဤအလှူတော်တွင် ဧပြီလ ၂ ရက်နေ့ နံနက်ပိုင်း၌ အောင်မင်္ဂလာမွေတော် ကျောင်းဆရာတော်ဘုရားထံ ရတနာသုံးပါးကန်တော့၍ ငါးပါးသီလခံယူပြီး မြို့ပေါ်ရပ်ကွက်များ အတွင်းရှိဘုန်းတော်ကြီးကျောင်းများ လှည့်လည်ကန်တော့ကြသည်။ ရှင်လောင်းပွဲတော်ကို လေးရက်တာဖိတ်ကြားထားသော ဒေသခံပြည်သူများသာမက ရပ်ဝေးရပ်နီးဧည့်သည်များအား စားသောက်ဖွယ်ရာများ၊ အချိုရည်များ ဖြင့်ဧည့်ခံကျွေးမွေးကြပြီး ပျော်ပွဲရွှင်ပွဲများပါ ထည့်သွင်းသီဆို ဖျော်ဖြေခဲ့ရာ ယမန်နေ့ညနေ ၄နာရီတွင် အလှဆင်ထားသည့်ရှင်သာမဏေလောင်းများ (၂၄) ပါးကို ပုခုံးပေါ်ထမ်း၍ ဒေသခံတိုင်းရင်းသားပြည်သူများ၊ အလှူဒါယကာ/ ဒါယိကာမများတို့က ရှမ်းရိုးရာဝတ်စုံများဝတ်ဆင်၍ လှူဖွယ်ဝတ္တုပစ္စည်းများ ကိုင်ဆောင်လှည့်လည်ကြပြီး ရှမ်းရိုးရာအက အလှများ ရှမ်းအိုးစည်ဗုံမောင်းများ တီးခတ်ပြီး ပျော်ပျော်ရွှင်ရွှင်စီတန်းလှည့်လည်ကျင်းပကြသည်။
ထို့အပြင် ရှမ်းရိုးရာဝတ်စုံများ ဝတ်ဆင်ထားသော ရှမ်းလှပျိုဖြူများကလည်း ရှင်ပြုနားသအလှူ တော်မင်္ဂလာအတွက် လှူဖွယ်ပစ္စည်းများ ကိုင်ဆောင်၍ အလှူတော်မင်္ဂလာကျင်းပမည့် ဘုန်းတော်ကြီးကျောင်းသို့စု၍ မြို့ပတ်ကာစုပေါင်းလှည့်လည်ခဲ့ကြပြီး ယနေ့နေ့လယ်(၂)နာရီတွင် ရှင်သာမဏေလောင်းများအား ရှင်သာမဏေအဖြစ်ရဟန်းဘဝသို့ သွပ်သွင်း၍ ပင့်ဖိတ်ထားသောဆရာတော် သံဃာတော်များ ထံတွင်ရတနာသုံးပါးကန်တော့၍ ငါးပါးသီလခံယူကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှ ပေးဝေကြမည်ဖြစ်ကြောင်းသိရသည်။
အဆိုပါ ရှမ်းရိုးရာရှင်ပြုနားသ အလှူတော်မင်္ဂလာပွဲများသည် ရှမ်းလူမျိုးတို့၏ ချစ်စဖွယ်ရိုးရာ ဓလေ့အစဉ်အလာတစ်ခုဖြစ်ပြီး ရှေးမူရှေးဓလေ့မပျက် ရှမ်းရိုးရာယဉ်ကျေးမှုတစ်ခုအနေဖြင့် နှစ်စဉ် နှစ်တိုင်းစဉ်ဆက်မပျက် ကျင်းပလျက်ရှိကြောင်း သိရသည်။
စိုင်းမျိုးသန့်
https://t.me/MyanmarNationalPost
No comments:
Post a Comment