လယ်ဝေးမြို့နယ်အတွင်းမှ လေဘေးသင့် ကျေးရွာများတွင် လမ်းဖောက်လုပ်ခြင်း၊ ရေရရှိရေး၊ သာသနိကအဆောက်အဦများ ပြန်လည်တည်ဆောက်ပေးခြင်း၊ လျှပ်စစ်မီးနှင့် နေအိမ်များ ပြန်လည်တည်ဆောက်နိုင်ရေး နိုင်ငံတော်မှ ကူညီပံ့ပိုးဆောင်ရွက်ပေးမည် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လယ်ဝေးမြို့နယ်အတွင်းမှ လေဘေးသင့် ကျေးရွာများတွင် လမ်းဖောက်လုပ်ခြင်း၊ ရေရရှိရေး၊ သာသနိကအဆောက်အဦများ ပြန်လည်တည်ဆောက်ပေးခြင်း၊ လျှပ်စစ်မီးနှင့် နေအိမ်များ ပြန်လည်တည်ဆောက်နိုင်ရေး နိုင်ငံတော်မှ ကူညီပံ့ပိုးဆောင်ရွက်ပေးမည်














MNP ၊ ဧပြီ ၂၃

(၂၁-၄-၂၀၂၃) ရက်နေ့ ညနေပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ၊ လယ်ဝေးမြို့နယ်အတွင်း လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် တံတားဦးကျေးရွာနှင့် အောင်မြင်ကုန်းကျေးရွာများတွင် ပြိုကျပျက်စီးအိမ်ခြေ (၂၃၅)လုံး၊ သေဆုံး(၆)ဦး၊ ဒဏ်ရာရ (၁၁၃)ဦးနှင့် ဘေးသင့်သူစုစုပေါင်း (၉၆၇)ဦး ထိခိုက်ခံစားခဲ့ရပြီး သာသနိကအဆောက်အဦများ၊ စာသင်ကျောင်းများ ထိခိုက်ပျက်စီးခဲ့သည်။ 

အဆိုပါဖြစ်စဉ်နှင့် စပ်လျဉ်း၍ ယမန်နေ့နံနက်ပိုင်းတွင် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီနှင့် နေပြည်တော်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့မှ  တာဝန်ရှိသူများသည် ဖြစ်စဉ်ဖြစ်ပွားရာ တံတားဦးကျေးရွာနှင့် အောင်မြင်ကုန်းကျေးရွာများသို့ သွားရောက်ခဲ့ပြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့သည့် ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုး၊ စုစုပေါင်း အိမ်ထောင်စု (၂၃၅)စုအတွက် ထောက်ပံ့ခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အလားတူ ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း၊ အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးတင်ဦးလွင် ဦးဆောင်သော နေပြည်တော်သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ တာဝန်ရှိသူများသည်  လေဘေးသင့်ပြည်သူများ တက်ရောက် ကုသမှုခံယူလျက်ရှိသည့် ဒက္ခိဏသီရိမြို့နယ်၊ ကုတင် (၅၀)ဆံ့ ပြည်သူ့ဆေးရုံသို့ရောက်ရှိပြီး အောင်မြင်ကုန်းကျေးရွာနှင့် တံတားဦးကျေးရွာတို့မှ ဒဏ်ရာရလူနာ (၃၄)ဦးတို့အတွက် အားဖြည့်အစားအစာများ၊ ထောက်ပံ့ကြေးငွေများ ပေးအပ်ထောက်ပံ့ခဲ့ပြီး ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက် အားပေးစကားပြောကြားကာ ကျေးရွာအတွက် လမ်းဖောက်လုပ်ခြင်း၊ ရေရရှိရေး၊ သာသနိကအဆောက်အဦများ ပြန်လည်တည်ဆောက်ပေးခြင်း၊ လျှပ်စစ်မီးနှင့် နေအိမ်များ ပြန်လည်တည်ဆောက်နိုင်ရေး နိုင်ငံတော်မှ ကူညီပံ့ပိုးဆောင်ရွက်ပေးမည့်အခြေအနေများအား ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးတင်ဦးလွင် တို့ဦးဆောင်သော တာဝန်ရှိသူများသည် လေဘေးသင့်ပြည်သူများ တက်ရောက်ကုသမှု ခံယူလျက်ရှိသည့် လယ်ဝေးမြို့နယ်၊ ကုတင် (၁၀၀)ဆံ့ ပြည်သူ့ဆေးရုံသို့ရောက်ရှိပြီး အောင်မြင်ကုန်းကျေးရွာနှင့် တံတားဦးကျေးရွာတို့မှ ဒဏ်ရာရလူနာ (၂၈)ဦးတို့အတွက် အားဖြည့်အစားအစာများ၊ ထောက်ပံ့ကြေးငွေများ၊ ပေးအပ်ထောက်ပံ့ခဲ့ပြီး ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက် အားပေးစကားပြောကြားခဲ့သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးတင်ဦးလွင် တို့ဉီးဆောင်သော တာဝန်ရှိသူများသည် လယ်ဝေးမြို့နယ် မိုးလုံလေလုံအားကစားရုံအတွင်း အောင်မြင်ကုန်းကျေးရွာနှင့် တံတားဦးကျေးရွာတို့မှ ဘေးသင့်ပြည်သူများအား ယာယီနေရာချထား နိုင်ရေးအတွက် တည်းခိုနေထိုင်စားသောက်ရေး အခြေခံလိုအပ်ချက်များအား ဖြည့်ဆည်းဆောင်ရွက် ပေးနိုင်ရေးအတွက် သွားရောက်ကြည့်ရှုခဲ့ပြီး ဆောင်ရွက်ရမည့်အချက်များအား ခရိုင်၊ မြို့နယ် ဌာနဆိုင်ရာများ၊ စေတနာ့ဝန်ထမ်းများ ပေါင်းစပ်ဆောင်ရွက်နိုင်ရေး လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။


#MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)