MNP ၊ မေ ၂၉
အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံတင်းနစ် အဖွဲ့ ချုပ်တို့ ကြီးမှူးကျင်းပသော ၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး တင်းနစ်ပြိုင်ပွဲဆုပေးပွဲအခမ်းအနားကို ယမန်နေ့ ညနေပိုင်းအချိန်က ရန်ကုန်မြို့ရှိ သိမ်ဖြူတင်းနစ်အားကစားကွင်းအတွင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ တင်းနစ်အဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အားကစားသမားများနှင့် နည်းပြများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အားကစား နှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ တင်းနစ်အဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အားကစား သမားများနှင့်နည်းပြများ၊ တက်ရောက်လာကြသူများသည် ၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး တင်းနစ်ပြိုင်ပွဲ အပိတ်ပွဲစဉ်အဖြစ် ကချင်ပြည်နယ် ကိုယ်စားပြုတင်းနစ်အသင်းနှင့် ပဲခူးတိုင်းဒေသကြီး ကိုယ်စားပြုတင်းနစ်အသင်းတို့ အားပါးတရ ယှဉ်ပြိုင်နေမှုအား တစ်ခဲနက် ကြည့်ရှုအားပေးခဲ့ကြသည်။
ထို့နောက် ၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့် တိုင်း ဒေသကြီး တင်းနစ်ပြိုင်ပွဲ ကျင်းပနိုင်ရေးအတွက် အဘက်ဘက်မှ ကူညီပံ့ပိုးပေးခဲ့ကြသူများအား သက်ဆိုင်ရာတာဝန် ရှိသူများက ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီး ပြန်လည်ပေးအပ်ခဲ့ပြီး ဆုပေးပွဲကို ဆက်လက်ကျင်းပရာ ၂၀၂၃-ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးမှ ဆုရရှိကြသော ပြိုင်ပွဲဝင် တင်းနစ်အားကစားသမားများ ကွင်းအတွင်း၌ နေရာ ယူခဲ့ကြပြီး အမျိုးသား(တစ်ဦးချင်း)နှင့် အမျိုးသမီး(တစ်ဦးချင်း)ပြိုင်ပွဲတွင် ဆုရရှိကြသော အားကစားသမားများအား မြန်မာနိုင်ငံ တင်းနစ်အဖွဲ့ချုပ်မှ အလုပ်အမှုဆောင်များကလည်းကောင်း၊ အမျိုးသမီး(နှစ်ယောက်တွဲ)ပြိုင်ပွဲတွင် ဆုရရှိ ကြသော အားကစားသမားများအား မြန်မာနိုင်ငံ တင်းနစ်အဖွဲ့ချုပ်မှ ဥက္ကဋ္ဌ ဦးမျိုးသူရကလည်းကောင်း၊ အမျိုးသား (နှစ်ယောက်တွဲ)ပြိုင်ပွဲတွင် ဆုရရှိကြသော အားကစားသမားများအား အားကစားနှင့်ကာယပညာဦးစီးဌာန အားကစား နှင့်ကာယပညာသိပ္ပံ(ရန်ကုန်)မှ ကျောင်းအုပ်ကြီး ဦးအောင်နိုင်ဆွေကလည်းကောင်း၊ အမျိုးသားနှင့်အမျိုးသမီး (နှစ် ယောက်တွဲ) ပြိုင်ပွဲတွင် ဆုရရှိကြသော အားကစားသမားများအား ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာ ကော်မတီ ဥက္ကဋ္ဌ တိုင်းဒေသကြီးဥပဒေချုပ် ဦးဌေးအောင်ကလည်းကောင်း၊ အမျိုးသမီး(အသင်းလိုက်)ပြိုင်ပွဲတွင် ဆု ရရှိကြသော အားကစားသမားများအား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးမျိုးမြင့်အောင်က လည်းကောင်း၊ အမျိုးသား(အသင်းလိုက်)ပြိုင်ပွဲတွင် ဆုရရှိကြသော အားကစားသမားများအား ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး မြို့တော်ဝန် ဦးဗိုလ်ဌေးကလည်းကောင်း၊ အမျိုးသမီး(အကောင်းဆုံး) အားကစားသမားဆုရရှိသော အိဖြူ(မန္တလေး)နှင့် အမျိုးသား(အကောင်းဆုံး) အားကစားသမားဆုရရှိသော ဖီဆာဆဲ (ပဲခူး)တို့အား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင့်ကလည်း ကောင်း ဆုတံဆိပ်နှင့် ငွေသားဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်။ ယင်းနောက် ရွှေတံဆိပ်(၂)ခု၊ ငွေတံဆိပ် (၁)ခုဖြင့် အမျိုးသမီး တံခွန်စိုက်ဆု၊ ရွှေတံဆိပ်(၃)ခု၊ ငွေတံဆိပ်(၁)ခုဖြင့် အမျိုးသားတံခွန်စိုက်ဆုနှင့် ရွှေတံဆိပ်(၅)ခု၊ ငွေတံဆိပ်(၂)ခုဖြင့် စုပေါင်းတံခွန်စိုက်ဆုရရှိသော ပဲခူးတိုင်းဒေသကြီး ကိုယ်စားပြုအသင်းအား ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းက တံခွန်စိုက်ဆုများကို ပေးအပ်ချီးမြှင့်ခဲ့သည်။
အဆိုပါ ၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး တင်းနစ်ပြိုင်ပွဲကို ၂၀၂၃-ခုနှစ် မေလ(၂၂)ရက်မှ (၂၈)ရက် နေ့အထိ ရန်ကုန်မြို့ရှိ သိမ်ဖြူတင်းနစ်အားကစားကွင်းအတွင်းတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးမှ တင်းနစ်အားကစားသမားပေါင်း(၁၀၀)ကျော် ဝင်ရောက်ယှဉ်ပြိုင် ခဲ့ကြကြောင်း သတင်းရရှိပါသည်။
နိုင်လင်းအောင်
https://t.me/MyanmarNationalPost
No comments:
Post a Comment