မျိုးဆက်သစ်လူငယ်များကို ကောင်းမွန်စွာ လေ့ကျင့်သင်ကြားပေးရာတွင် လူငယ်များ၏ စူးစမ်းလိုစိတ်၊ တီထွင်ဖန်တီးလိုစိတ်၊ ကျိုးကြောင်းဆီလျော်စွာ စဉ်းစားဝေဖန်ပိုင်းခြားနိုင်စိတ်၊ မျိုးချစ်စိတ်၊ တိုင်းချစ်ပြည်ချစ်စိတ်များ ရှင်သန်ကိန်းအောင်းလာစေရန် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း နိုင်ငံတော်ဝန်ကြီးချုပ် ပြောကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မျိုးဆက်သစ်လူငယ်များကို ကောင်းမွန်စွာ လေ့ကျင့်သင်ကြားပေးရာတွင် လူငယ်များ၏ စူးစမ်းလိုစိတ်၊ တီထွင်ဖန်တီးလိုစိတ်၊ ကျိုးကြောင်းဆီလျော်စွာ စဉ်းစားဝေဖန်ပိုင်းခြားနိုင်စိတ်၊ မျိုးချစ်စိတ်၊ တိုင်းချစ်ပြည်ချစ်စိတ်များ ရှင်သန်ကိန်းအောင်းလာစေရန် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း နိုင်ငံတော်ဝန်ကြီးချုပ် ပြောကြား







MNP ၊ မေ ၁၈

မြန်မာနိုင်ငံလုံးဆိုင်ရာပညာရေးညီလာခံ (၂၀၂၃) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၂ ၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဦးတည်ချက်(၁၂)ရပ်၏ လူမှုရေးဦးတည်ချက်တွင်ပါဝင်သည့် “ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံတော်တည်ဆောက်ရေးအတွက် လိုအပ်သည့် လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်နိုင်ရန် ဘက်စုံပညာရေးကဏ္ဍ မြှင့်တင်ရေး” ဆိုသည့် ဦးတည်ချက်ကို အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းဖြစ်ပြီး မြန်မာနိုင်ငံ၏ အနာဂတ်ပညာရေး တိုးတက်ကောင်းမွန်စေရေး ရည်ရွယ်ချက်ဖြင့် ကျင်းပခြင်းပင်ဖြစ်ပါကြောင်း။

ပညာရေးကို အမျိုးမျိုးအဓိပ္ပာယ်ဖွင့်ဆိုကြပါကြောင်း၊ “ပညာရေးဆိုသည်မှာ အမျိုးမျိုးသော သင်ယူလေ့လာမှု နည်းလမ်းများမှတစ်ဆင့်ရရှိသည့် အသိပညာ၊ အတတ်ပညာ၊ ဗဟုသုတ၊ ကျွမ်းကျင်မှု၊ စွမ်းရည်၊ အရည်အသွေးနှင့် တန်ဖိုးများ” ဟု ဖွင့်ဆိုသည်ကိုလည်းတွေ့ရပါကြောင်း၊ လူတစ်ယောက်သည်ပညာကို မွေးကင်းစအရွယ်မှတည်းကစပြီး ဘဝတစ်သက်တာ သင်ယူလေ့လာနေကြရခြင်းဖြစ်ပါကြောင်း၊ ပညာကိုသင်ယူလေ့လာထားသည့် လူတစ်ဦးချင်းစီသည် မိမိတတ်မြောက်ထားသည့် ပညာနှင့်ဘဝကိုပြည့်စုံအောင်မြင်အောင် တည်ဆောက်နိုင်မည်ဖြစ်သကဲ့သို့ မိမိကိုယ်တိုင်နှင့် မိမိပတ်ဝန်းကျင် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေပြီး လူ့အသိုက်အဝန်းကို အထောက်အကူပြုစေနိုင်မည်ဖြစ်ပါကြောင်း။

ဘက်စုံပညာရေးသည် လူတစ်ဦးချင်းစီ၏ ဘာသာရပ်ဆိုင်ရာ၊ နည်းပညာဆိုင်ရာ တတ်မြောက်မှုကိုသာမက Personal Skills ဟုခေါ်သည့် ပင်ကိုအရည်အသွေးများ၊ ကိုယ်ရည်ကိုယ်သွေးများကို ဘက်စုံမြှင့်တင်ပေးပါကြောင်း၊ စဉ်းစားသုံးသပ်တွေးခေါ်မှု (Critical thinking)၊ ပြဿနာဖြေရှင်းမှု (Problem solving)၊ တီထွင်ဖန်တီးမှု (Creativity)၊ ဆန်းစစ်အကဲဖြတ်မှု (Evaluation)၊ ပိုင်းခြားစိတ်ဖြာသုံးသပ်မှု (Analytical skills)၊ ပူးပေါင်းဆောင်ရွက်မှု (Collaboration)၊ အလိုက်သင့်ဆောင်ရွက်တတ်မှု (Adaptability)၊ လူမှုဆက်ဆံရေး (Social skills)၊ စိတ်ခံစားချက်နားလည်မှု (Emotional intelligence)၊ တရားမျှတမှု (Justice)၊ လောကနီတိဆိုင်ရာအပြုအမူ (Ethical behavior) နှင့် ဦးဆောင်တတ်မှု (Leadership) အစရှိသည့်ဘက်စုံကျယ်ပြန့်သည့် အရည်အသွေးများ၊ စွမ်းရည်များ၊ ကိုယ်ရည်ကိုယ်သွေးများ၊ အသိပညာ၊ အတတ်ပညာများကို ဘက်စုံပညာရေးက ပြည့်စုံစေမည်ဖြစ်ပါကြောင်း။

ယနေ့ကျင်းပသည့် ပညာရေးညီလာခံမှ ပညာရေးတန်းစဉ်ကူးပြောင်းမှုနည်းပါးခြင်းကို ကုစားနိုင်မည့်နည်းလမ်းများရှာဖွေရေး၊ ကျောင်းတက်သူဦးရေ တိုးတက်လာစေမည့် နည်းလမ်းများရှာဖွေရေး၊ KG+9 ပညာရေးကို အမျိုးသားရေးကိစ္စတစ်ရပ်အဖြစ် တိုင်းဒေသကြီး၊ ပြည်နယ်အားလုံးဆောင်ရွက်ရေး၊ အသက်မွေးဝမ်းကျောင်း အခြေခံရရှိရေးအတွက် KG+10, 11, 12 တွင် စိုက်ပျိုးရေး၊ မွေးမြူရေး၊ စက်မှုနည်း ပညာရပ်များသင်ကြားရေး၊ လုပ်ငန်းခွင်လက်တွေ့အသုံးကျမယ့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုသိပ္ပံပညာရပ်များ ထိရောက်စွာသင်ကြားပြီး လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ရေး၊ အဆင့်မြင့်ပညာကို ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်မှုအပြင် လူမှုအသိုက်အဝန်းကိုပါ အထောက်အက ပြုစေမည့်ပတ်ဝန်းကျင်နှင့်သင်ကြားရေး၊ ဝိဇ္ဇာ-သိပ္ပံ ပညာရှင်များ၊ နည်းပညာရှင်များ မွေးထုတ်ရေးနှင့် လူငယ်လူရွယ်များ မျိုးချစ်စိတ်၊ တိုင်းပြည်ချစ်စိတ်များရှိရန် ဆောင်ရွက်နိုင်မည့် နည်းလမ်းများကို ဝိုင်းဝန်းဆွေးနွေးဖော်ထုတ်ပြီး တိုင်းကျိုးပြည်ပြုရှေ့လုပ်ငန်းစဉ် ရလဒ်ကောင်းများ ပေါ်ထွက်လာအောင် ဆောင်ကြဉ်းနိုင်လိမ့်မည်ဟု ယုံကြည်ပါကြောင်း။

ယနေ့ခေတ်ကာလ၏ ဆန်းသစ်သည့်နည်းပညာများနှင့်အတူ တိုးတက်ပြောင်းလဲလာသည့် ကမ္ဘာကြီးကိုလက်လှမ်းမီနိုင်ရန် မျိုးဆက်သစ်လူငယ်များကို ကောင်းမွန်စွာ လေ့ကျင့်သင်ကြားပေးရာတွင် လူငယ်များ၏ စူးစမ်းလိုစိတ်၊ တီထွင်ဖန်တီးလိုစိတ်၊ ကျိုးကြောင်းဆီလျော်စွာ စဉ်းစားဝေဖန်ပိုင်းခြားနိုင်စိတ်၊ မျိုးချစ်စိတ်၊ တိုင်းချစ်ပြည်ချစ် စိတ်များ ရှင်သန်ကိန်းအောင်းလာစေရန် ဆောင်ရွက်ပေးရမည်ဖြစ်သကဲ့သို့ ဥပဒေကိုသိရှိလေးစားလိုက်နာတတ်ရန်နှင့် သိက္ခာရှိစွာ ပြုမူနေထိုင်တတ်အောင်လည်း လမ်းပြသွန်သင်ပေးသွားကြရမည်ဖြစ်ပါကြောင်း၊ နောင်လာနောက်သား မျိုးဆက်သစ်များ၏ အနာဂတ်ကိုပုံဖော်ရာတွင် စာသင်ကျောင်းများ၊ သင်ရိုးညွှန်းတမ်း အရည်အသွေးများ၊ ဆရာဆရာမများ၏ ဘာသာရပ်တတ်ကျွမ်းမှုများ၊ သင်ကြားရေးကျွမ်းကျင်မှုများ၊ နာသုံးနာနှင့် ပြည့်ဝသည့် ဆရာ့ဂုဏ်နှင့် အသက်မွေးဝမ်းကြောင်းပြုသည့် အလုပ်အပေါ်ထားရှိသည့် သဘောထားများနှင့်တန်ဖိုးထားမှုများက အရေးပါနေမည်ပင်ဖြစ်ပါကြောင်း ထည့်သွင်းပြောကြားသွားသည်။

ဝန်ကြီးဌာနအားလုံး ပထမဆုံးအကြိမ် ပူးပေါင်းကျင်းပသည့် မြန်မာနိုင်ငံလုံးဆိုင်ရာပညာရေးညီလာခံ (၂၀၂၃)ကို မေ ၁၈ ရက်မှ ၂၀ ရက်အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)