MNP ၊ မေ ၃
ယနေ့တွင် ကျရောက်သည့် မြန်မာသက္ကရာဇ် ၁၃၈၅-ခုနှစ် ကဆုန်လပြည့်နေ့သည် ဗုဒ္ဓဘာသာဝင် မြန်မာ လူမျိုးတို့၏ နေ့ထူးနေ့မြတ်ဖြစ်သည်နှင့်အညီ “ ဗျာဒိတ်ဖွားမြင် ဗောဓိပင် ၊ စံဝင်နိဗ္ဗာန်နန်း ” ဆိုသည့်စကားအတိုင်း ယနေ့နံနက်ပိုင်းအချိန်မှစတင်ကာ ရွှေတိဂုံစေတီတော်မြတ်ကြီး အပါအဝင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဘုရား စေတီပုထိုးများ၌ ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ပွဲများကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်လျက်ရှိရာ ကဆုန်ညောင်ရေသွန်းလောင်း ပူဇော်ကြသူများ၊ ဥပုဒ်သီလစောင့်တည်ကြသူများ၊ ဆွမ်း၊ ပန်း၊ ရေချမ်း၊ ဆီမီး ကပ်လှူ ၍ ကုသိုလ်ကောင်းမှုပြုသူများ၊ စတုဒီသာ ကျွေးမွေးလှူဒါန်းကြသူများဖြင့် အထူးပင် စည်ကားလျက်ရှိကြောင်း သိရ သည်။
“ကဆုန်လပြည့်နေ့ဟာ ကျွန်မတို့ဗုဒ္ဓဘာသာဝင်တွေအတွက် တစ်ခြားသော နေ့ထူးနေ့မြတ်တွေထက် ပိုပြီး ထူးခြားလှတဲ့ နေ့တစ်နေ့လည်း ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီကဆုန်လပြည့်နေ့ဟာ ဂေါတမမြတ်စွာ ဘုရားရှင်သာလျှင် မကဘဲ အခြားနှစ်ကျိပ်ရှစ်ဆူကုန်သော မြတ်စွာဘုရားတို့၏ ဖွားမြင်တော်မူသောနေ့၊ ဘုရားဖြစ် တော်မူသောနေ့၊ ပရိနိဗ္ဗာန် ပြုသောနေ့များမှာလည်း ကဆုန်လပြည့်နေ့ဖြစ်တာကြောင့် ‘ ဗုဒ္ဓနေ့ ’ ဟုလည်း သတ်မှတ် ခေါ်တွင်ကြတယ်လို့ ရှေးလူကြီးတွေ ပြောစကားအရ သိရပါတယ်။ အဲဒါကြောင့် ဒီနေ့လို ထူးခြားလှတဲ့ ကဆုန် လပြည့်နေ့မှာ အလုပ်ကလည်း ပိတ်ထားတော့ ဘုရားမှာ ကုသိုလ်ကောင်းမှုတွေပြုလုပ်ရင်း ဒီတစ်နေ့တာကို ဖြတ်သန်း ချင်ပါတယ် ” ဟု လှည်းကူးမြို့နယ်မှ ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော်မြတ်ကြီးကို လာရောက် ဖူးမြော်ကုသိုလ်ယူသူ တစ်ဦးက ဆိုသည်။
ကဆုန်လပြည့်နေ့သည် ဂေါတမဘုရားအလောင်းတော် သုမေဓာရှင်ရသေ့အား “ ဘဒ္ဒကမ္ဘာတွင် ဘုရားရှင် အဖြစ်ကို ရလိမ့်မည် ” ဟု ဒီပင်္ကရာ မြတ်စွာဘုရားက ဗျာဒိတ်တော်စကား မိန့်ကြားတော်မူသောနေ့၊ ဘုရားအလောင်း တော် သိဒ္ဓတ္ထမင်းသား ဖွားမြင်သောနေ့၊ ဘုရားအဖြစ်ကို ရတော်မူသောနေ့၊ ဂေါတမမြတ်စွာဘုရား ပရိနိဗ္ဗာန် စံတော်မူ သောနေ့ စသည့်နေ့များဖြစ်သဖြင့် “ ဖွားမြင်ပွင့်စံ၊ ဗျာဒိတ်ခံ၊ မှတ်ရန်ကဆုန်၊ လပြည့်ကြုံ ”ဟု“ ကဆုန်လပြည့်ဗုဒ္ဓနေ့ ” ကို ဗုဒ္ဓဘာသာဝင်များက ယနေ့ထိတိုင် အထွတ်အမြတ်ထားလျက်ရှိကြောင်း၊ ကဆုန်ညောင်ရေသွန်းပွဲတော်သည် မြန်မာလူမျိုးတို့၏ (၁၂)လရာသီပွဲတော်များထဲမှ ကုသိုလ်ယူဖွယ်ရာ၊ ဝမ်းသာကြည်နူးဖွယ်ရာ ဘာသာရေးဆိုင်ရာ ပွဲတော်တစ်ခုဖြစ်သည့်အပြင် မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်တစ်ရပ်အဖြစ် မြန်မာနိုင်ငံတစ်ဝှမ်းလုံးတွင် နှစ်စဉ် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်လျက်ရှိကြောင်း သိရသည်။
မြန်မာသက္ကရာဇ် ၁၃၈၅-ခုနှစ် ကဆုန်လပြည့်နေ့(ဗုဒ္ဓနေ့)တွင် ရွှေတိဂုံစေတီတော်မြတ်ကြီးအပါအဝင် ရန်ကုန် တိုင်းဒေသကြီးအတွင်းရှိ ဘုရားစေတီပုထိုးများအား အများပြည်သူဖူးမြော်ကြည်ညိုနိုင်ရေးအတွက် စနေ၊ တနင်္ဂနွေ နှင့် နေ့ထူးနေ့မြတ် အစိုးရရုံးပိတ်ရက်များ၌ နေ့စဉ်နံနက်(၅)နာရီခွဲမှ ည(၈)နာရီအချိန်အထိ ဖွင့်လှစ်ပေးထားပြီး မည်သူ မဆို စိတ်အေးချမ်းသာစွာ လာရောက်ဖူးမြော်၍ ကုသိုလ်ယူနိုင်ကြောင်း သတင်းရရှိပါသည်။
နိုင်လင်းအောင်
https://t.me/MyanmarNationalPost





No comments:
Post a Comment