MNP ၊ မေ ၂၅
နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဒေသများကို သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၁၁ အရ သဘာဝဘေးအန္တရာယ် ကျရောက်သော ဒေသများ အဖြစ်ကြေညာချက်များ ထုတ်ပြန်၍ ယင်းကြေညာချက်များပါ ဒေသများတွင် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ဒေသအလိုက် တပ်မတော်အရာရှိကြီးများကို ခန့်အပ်တာဝန် ပေးထားပြီးဖြစ်သည်။
ထိုသို့ ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ခန့်အပ် တာဝန်ပေးအပ်ထားရှိရာ မေ ၂၄ ရက်တွင် ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ဝုန်ဆွန်းထန်နှင့် ဟားခါးမြို့နယ်သို့ ရောက်ရှိနေသော ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင် သည် အနောက်မြောက်တိုင်း စစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် မျိုးထွဋ်လှိုင်၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ပြည်နယ်အစိုးရအဖွဲ့ရုံးရှိ ပြည်နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနခန်းမ၌ ပြုလုပ် သည့် ချင်းပြည်နယ်၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ကြသည်။
ဦးစွာ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင် က ပြန်လည်ထူထောင်ရေး လုပ်ငန်းများနှင့် ပတ်သက်၍ အမှာစကား ပြောကြားသည်။ ထို့နောက် သက်ဆိုင်ရာ ကဏ္ဍအသီးသီးမှ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မှု အခြေအနေများနှင့် ပတ်သက်၍ ဆွေးနွေးတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်နှင့် တာဝန်ရှိ သူများက တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးပြီး လေဘေးသင့်ပြည်သူများအတွက် စားသောက်ဖွယ်ရာ ပစ္စည်းများထောက်ပံ့ ပေးအပ်ရာ တာဝန်ရှိသူတစ်ဦးက လက်ခံရယူခဲ့သည်။
ထို့အတူ ယနေ့တွင် ရသေ့တောင်မြို့သို့ ရောက်ရှိနေသော ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ ဗိုလ်ချုပ် အောင်မျိုးထွန်းသည် တာဝန်ရှိသူများနှင့်အတူ မုန်တိုင်း တိုက်ခတ်မှုကြောင့် ပြိုလဲသွားသည့်သစ်ပင်ကြီးများအား ခုတ်ထွင်ရှင်းလင်း ဆောင်ရွက်နေမှုနှင့် ဓာတ်အားလိုင်းများ ပြင်ဆင်ဆောင်ရွက်နေမှုများကို ကြည့်ရှု အားပေးပြီး လိုအပ်သည်မှာကြားကာ ညှိနှိုင်းဆောင်ရွက်ပေးသည်။
အလားတူ မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ်သို့ ရောက်ရှိနေသော ဗိုလ်မှူးချုပ် ခင်ဇော် သည် တာဝန်ရှိသူများနှင့်အတူ မုန်တိုင်းတိုက်ခတ်မှုကြောင့် ပျက်စီးခဲ့သည့် မင်းပြားမြို့ရှိ အမျိုးသမီး အိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်း၊ နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များ ဖွံ့ဖြိုးရေး သင်တန်းကျောင်းနှင့် အမှတ်(၂) အခြေခံပညာအထက်တန်း ကျောင်းတို့၌ မြို့နယ်ရှိ ကူညီကယ်ဆယ်ရေး အဖွဲ့များက စုပေါင်းသန့်ရှင်းရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်နေမှုများကို ကြည့်ရှု အားပေးပြီး လိုအပ်သည်မှာကြားကာ ညှိနှိုင်းဆောင်ရွက်ပေးသည်။
ထို့အတူ ကျောက်တော်မြို့သို့ ရောက်ရှိနေသော ဗိုလ်မှူးချုပ် အောင်သူဦး သည် တာဝန်ရှိသူများနှင့်အတူ မြို့နယ်အတွင်းရှိ မုန်တိုင်းတိုက်ခတ်မှုကြောင့် ပျက်စီးခဲ့သည့် စာသင်ကျောင်းများ၊ ဆေးရုံ၊ ဆေးပေးခန်းများ၊ သာသနိက အဆောက်အဦများနှင့် ဌာနဆိုင်ရာ အဆောက်အဦများ ပျက်စီးဆုံးရှုံးမှုအခြေအနေ များအား သွားရောက်ကြည့်ရှု စစ်ဆေးပြီး ပြိုလဲသွားသည့်သစ်ပင်ကြီးများအား ခုတ်ထွင်ရှင်းလင်း ဆောင်ရွက်နေမှုများကို ကြည့်ရှုအားပေးကာ လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက်ပေးသည်။
အလားတူ မြောက်ဦးခရိုင်၊ မာန်အောင်မြို့နယ်သို့ ရောက်ရှိနေသော ဗိုလ်မှူးချုပ် ကျော်ကျော်ဦး သည် တာဝန်ရှိသူများနှင့်အတူ မုန်တိုင်းဒဏ်ကြောင့် ပျက်စီးခဲ့သည့် ခအုန်းမော်ကျေးရွာ အုပ်စုအတွင်းရှိ စာသင်ကျောင်းများ ပြန်လည် ပြုပြင်ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရှိ အစည်းအဝေးခန်းမ၌ မြို့နယ်သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှု အဖွဲ့ဝင်များနှင့် အစည်းအဝေးပြုလုပ်ကာ ပြည်နယ်အစိုးရအဖွဲ့ သဘာဝဘေး ကြိုတင်ထုတ်ပေးငွေနှင့် အလှူရှင်များက လှူဒါန်းထားသည့် သွပ်များကို စာသင် ကျောင်းများကို ထောက်ပံ့ပေးအပ်ရာ တာဝန်ရှိသူများက အသီးသီးလက်ခံ ရယူခဲ့ကြကြောင်း သတင်းရရှိသည်။
#MyanmarNationalPost
No comments:
Post a Comment