နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း (၇၅)ကြိမ်မြောက် စိန်ရတုတိပိဋကဓရ တိပိဋကကောဝိဒ စာအောင် သာသနာ့အာဇာနည် အရှင်သူမြတ်တို့အား အောင်လက်မှတ်နှင့် ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း (၇၅)ကြိမ်မြောက် စိန်ရတုတိပိဋကဓရ တိပိဋကကောဝိဒ စာအောင် သာသနာ့အာဇာနည် အရှင်သူမြတ်တို့အား အောင်လက်မှတ်နှင့် ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်း











MNP ၊ မေ  ၂၃

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာ ရေးဦးစီးဌာနက ကြီးမှူးကျင်းပသော (၇၅)ကြိမ်မြောက် စိန်ရတုတိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲတွင် အောင်မြင်တော်မူကြသည့် သာသနာ့အာဇာနည် အရှင်သူမြတ် အပါး (၁၅၂)ပါးတို့အား ချီးကျူးပူဇော်ပွဲနှင့် အောင်လက်မှတ် ဆက်ကပ်လှူဒါန်းပွဲ မဟာမင်္ဂလာ အခမ်းအနားကို ယမန်နေ့က ရန်ကုန်မြို့၊ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေရှိ မဟာပါသာဏလိုဏ်ဂူသိမ်တော်ကြီး၌ ကျင်းပသည်။


အခမ်းအနားသို့  နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင် သန်လျင်မြို့၊ မင်းကျောင်းပထမပြန်စာသင်တိုက် ဦးစီးပဓာနနာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ  ဒေါက်တာ ဘဒ္ဒန္တစန္ဒိမာဘိဝံသ အမှူးပြုသော ဆရာတော်ကြီးများ၊ တိပိဋက ဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးအဖွဲ့၏ သြဝါဒါစရိယဆရာတော်ကြီးများ၊ တိပိဋကဓမ္မ ဘဏ္ဍာဂါရိက ဆရာတော်ကြီးများ၊ တိပိဋကဓရ တိပိဋကကောဝိဒဆရာတော်များ၊ တိပိဋက ပုစ္ဆကဆရာတော်များ၊ ကြီးကြပ်ရေးဆရာတော်များ၊ (၇၅)ကြိမ်မြောက် စိန်ရတု တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲတွင် အာဂုံသဘောရေးဖြေအောင်မြင် တော်မူကြသည့် သာသနာ့အာဇာနည်အရှင်သူမြတ်များ ကြွရောက်တော်မူကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ် ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့်ဇနီး ဒေါ်သန်းသန်းနွယ်၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဒေါက်တာ ကျော်ထွန်း၊ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဦးကိုကို၊ ဦးမြင့်ကြိုင် နှင့်ဒေါက်တာ သက်ခိုင်ဝင်း၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး နှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဖိတ်ကြား ထားသူများ တက်ရောက် ကြည်ညိုကြသည်။


ရှေးဦးစွာ တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲ သြဝါဒါစရိယအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့ ၊ မိုးကောင်းကျောင်းတိုက် ပဓာနနာယက အဘိဓဇမဟာရဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဘဒ္ဒန္တ သုဓမ္မာစာရာဘိဝံသ မဟာထေရ် မြတ်ကြီးထံမှ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း အမှူးပြုသော ဧည့်ပရိသတ်များက ငါးပါးသီလ ခံယူဆောက်တည်ကြသည်။


ထိုနောက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင် သန်လျင်မြို့၊ မင်းကျောင်းပထမပြန်စာသင်တိုက် ဦးစီးပဓာနနာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ  ဒေါက်တာ ဘဒ္ဒန္တစန္ဒိမာဘိဝံသ က  သာရဏီယဩဝါဒကထာကို ဖတ်ကြားချီးမြှင့်တော်မူသည်။


ယင်းနောက် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို က သာသနာရေးဆိုင်ရာများကိုလျှောက်ထားသည်။


ထို့နောက်  (၇၅)ကြိမ်မြောက် စိန်ရတု တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေး စာမေးပွဲတွင် အောင်မြင်တော်မူကြသည့် သာသနာ့အာဇာနည်အရှင်မြတ်များအား ဘွဲ့တံဆိပ် တော်နှင့် အောင်လက်မှတ်များ ဆက်ကပ်ကြရာ မူလအာဘိဓမ္မိက အောင်မြင်တော်မူကြသည့် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ မိုးမိတ်ကုန်းမြေ၊ မင်းကွန်း တိပိဋကနိကာယကျောင်း တိုက်မှ ဆရာတော် အရှင်ဇောတိကာလင်္ကာရနှင့် အရှင်ဝါသဝါလင်္ကာရ တို့အား နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ဘွဲ့တံ ဆိပ်တော်နှင့် အောင်လက်မှတ် တို့ကို ဆက်ကပ်လှူဒါန်းသည်။


ဆက်လက်၍ မူလအာဘိဓမ္မိက အောင်မြင်တော်မူကြသည့်  ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ တိပိဋကမဟာဂန္တဝင် နိကာယ်ကျောင်းတိုက်မှ အရှင်ဝိသုဒ္ဓ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ မိုးမိတ်ကုန်းမြေ၊ မင်းကွန်း၊ တိပိဋကနိကာယကျောင်း တိုက်မှ အရှင်ဣန္ဒကာလင်္ကာရနှင့်  ဒီဃနိကာယကောဝိဒ  အောင်မြင်တော်မူကြသည့် မိုးမိတ် ကုန်းမြေ၊ မင်းကွန်း၊ တိပိဋကနိကာယကျောင်းတိုက်မှ အရှင်ဂန္ဓမာ တို့အား  နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာ ကျော်ထွန်း က ဘွဲ့တံဆိပ်တော်နှင့် အောင်လက်မှတ် တို့ကို ဆက်ကပ်လှူဒါန်းသည်။


ထို့နောက် ဒီဃနိကာယကောဝိဒ ဘွဲ့တံဆိပ်တော်ရ သာသနာ့အာဇာနည် အရှင်မြတ် ၂ ပါး၊ ဒီဃဘာဏက ဘွဲ့တံဆိပ်တော်ရ သာသနာ့အာဇာနည်အရှင်မြတ် ၈ ပါး၊ ဝိနယကောဝိဒ  ဘွဲ့တံဆိပ်တော်ရ သာသနာ့အာဇာနည်အရှင်မြတ် ၈ ပါး၊ ဝိနယဓရ ဘွဲ့တံဆိပ်တော်ရ သာသနာ့အာဇာနည်အရှင်မြတ် ၃၇ ပါး၊ ဥဘတောဝိဘင်္ဂကောဝိဒ ဘွဲ့တံဆိပ်တော်ရ သာသနာ့ အာဇာနည်အရှင်မြတ် ၇ ပါး၊ ဥဘတောဝိဘင်္ဂဓရ ဘွဲ့တံဆိပ်တော်ရ သာသနာ့အာဇာနည် အရှင်မြတ် ၈၅ ပါးတို့အား ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဦးကိုကို၊ ဦးမြင့်ကြိုင်နှင့် ဒေါက်တာ သက်ခိုင်ဝင်း၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူ များက ဘွဲ့တံဆိပ်တော်နှင့် အောင်လက်မှတ်များ အသီးသီး ဆက်ကပ်လှူဒါန်းကြသည်။


ယင်းနောက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌဆရာတော် မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ် မဟာနာယကချုပ် အဂ္ဂမဟာပဏ္ဍိတ ၊ အဂ္ဂမဟာသဒ္ဒမ္မဇောတိကဓဇ ဘဒ္ဒန္တ     ကေသရာဘိဝံသ ထံမှ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ဧည့်ပရိသတ်များက အနုမောဒနာတရားနာယူကြပြီး လှူဒါန်းမှု အစုစုတို့ အတွက် ရေစက်သွန်းလောင်း အမျှပေးဝေကြကာ သံဃာတော်များအား  လှူဖွယ်ဝတ္ထုပစ္စည်း များ ဆက်ကပ် လှူဒါန်းကြသည်။


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ် ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူး ကြီးစိုးဝင်းနှင့်ဇနီး ဒေါ်သန်းသန်းနွယ်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဒေါက်တာ ကျော်ထွန်း၊ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဦးကိုကို၊ ဦးမြင့်ကြိုင် နှင့်ဒေါက်တာ သက်ခိုင်ဝင်း၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ၎င်းတို့၏ ဇနီးများနှင့် အလှူရှင်များက တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေး စာမေးပွဲတွင် အောင်မြင်တော်မူကြသည့် သာသနာ့အာဇာနည် အရှင်သူမြတ်များအား ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ဝတ္ထု ပစ္စည်းများ လောင်းလှူကြသည်။


(၇၅)ကြိမ်မြောက် စိန်ရတု တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲကြီး တွင် သုတ္တန္တပိဋက ဒီဃနိကာယ်ရေးဖြေအောင် ဒီဃနိကာယကောဝိဒ ဘွဲ့ရသာသနာ့ အာဇာနည်အရှင်မြတ် ၃ ပါး၊ ဝိနယပိဋက ဝိနည်းတစ်ပုံရေးဖြေအောင် ဝိနယ ကောဝိဒဘွဲ့ရ သာသနာ့အာဇာနည်အရှင်မြတ် ၈ ပါး၊ ဝိနယပိဋက ဝိနည်း(ပထမပိုင်း) ရေးဖြေအောင် ဉဘတောဝိဘင်္ဂကောဝိဒဘွဲ့ရ သာသနာ့အာဇာနည်အရှင်မြတ် ၇ ပါး၊ အဘိဓမ္မဝိဋက အဘိဓမ္မာ (ပထမပိုင်း)ငါးကျမ်းအာဂုံအောင် မူလအာဘိဓမ္မိကဘွဲ့ရ သာသနာ့အာဇာနည်အရှင်မြတ် ၄ ပါး၊ သုတ္တန္တပိဋက ဒီဃနိကာယ်အာဂုံအောင် ဒီဃဘာဏကဘွဲ့ရ သာသနာ့အာဇာနည်  အရှင်မြတ် ၈ ပါး၊ ဝိနယပိဋက ဝိနည်း(ဒုတိယပိုင်း) အာဂုံအောင် ဝိနယဓရဘွဲ့ရ သာသနာ့အာဇာနည် အရှင်မြတ် ၃၇ ပါး၊ ဝိနယပိဋကဝိနည်း(ပထမပိုင်း) အာဂုံအောင် ဉဘတော ဝိဘဂံဓရဘွဲ့ရ သာသနာ့အာဇာနည်အရှင်မြတ် ၈၅ ပါး ၊ စုစုပေါင်း ၁၅၂ ပါး အောင်မြင်တော်မူခဲ့ကြောင်း သိရှိရသည်။


ယခု ကျင်းပပြီးစီးခဲ့သည့် (၇၅)ကြိမ်မြောက် စိန်ရတု တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေး စာမေးပွဲအထိ (၇၅) နှစ်တာကာလအတွင်း တိပိဋကဓရ တိပိဋကကောဝိဒဘွဲ့ တံဆိပ်တော်ရ သာသနာ့အာဇာနည်အရှင်သူမြတ်(၁၅)ပါး၊ တိပိဋကဓရ ပိဋကတ်သုံးပုံအာဂုံ‌ဆောင် သာသနာ့အာဇာနည်အရှင်သူမြတ်(၇)ပါး ပေါ်ထွန်းခဲ့ပြီး သာသနာ့အကျိုးကို ဆက် လက်သယ်ပိုး ဆောင်ရွက်တော်မူလျက်ရှိကြောင်း သတင်းရရှိသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)