MNP ၊ မေ ၂၉
ရခိုင်ပြည်နယ်အတွင်း သဘာဝဘေးသင့်ပြည်သူများအား ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) ဆေးဝန်ထမ်းတပ်ဖွဲ့ ညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက်မှ အထူးဆေး အဖွဲ့များ၊ အနောက်ပိုင်း တိုင်းစစ်ဌာနချုပ်၊ နယ်မြေခံဆေးကုသရေးအဖွဲ့များနှင့် ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများက ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ဆေးကုသရေးအဖွဲ့က ယနေ့တွင် စစ်တွေမြို့နယ်၊ ခေါင်းဒုက္ခာ ကျေးရွာအုပ်စုနှင့် အနီးပတ်ဝန်းကျင် ကျေးရွာများမှ ကျေးရွာသူ၊ ကျေးရွာသားများအား သွေးတိုးရောဂါ၊ ဝမ်းပျက်ဝမ်းလျှောရောဂါ၊ အရိုး/အကြောရောဂါ၊ အထွေထွေရောဂါတို့နှင့်ပတ်သက်၍ လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက် ပေးသည်။ ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်၊ တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦး နှင့် တာဝန်ရှိသူများက သွားရောက် ကြည့်ရှုအားပေးပြီး အာဟာရဖြည့် စားသောက်ဖွယ်ရာများပေးအပ်သည်။ ထို့နောက် ကျေးရွာမှ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ ကျေးရွာသူ၊ ကျေးရွာသားများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ဆက်လက်၍ ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများ သည် စစ်တွေမြို့နယ် အတွင်းမုန်တိုင်းကြောင့် ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့် အဆောက် အဦများ ပြန်လည်ပြုပြင် တည်ဆောက်နေမှု၊ ယာယီနေထိုင်ရန်စီစဉ်ထားသည့် အဆောက်အဦများ ဆောင်ရွက်ထားရှိမှု၊ သောက်သုံးရေလုံလောက်စွာ ရရှိရေး အတွက် အဝီစိတွင်းများ တူးဖော်ထားရှိမှုတို့ကို လှည့်လည်ကြည့်ရှု စစ်ဆေးရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသကြသည်။ ၎င်းနောက် ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများသည် စစ်တွေမြို့ ရွှေစေတီပရိယတ္တိစာသင် တိုက်နှင့် နန္ဒာရာမ ပရိယတ္တိစာသင်တိုက်များသို့ သွားရောက်၍ သံဃာတော်များအား ဖူးမြှော်ကြည်ညိုပြီး လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။
#MyanmarNationalPost
No comments:
Post a Comment