MNP ၊ မေ ၃၀
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က အ.ထ.က(ဂန့်ဂေါ) ပုံညာခန်းမ၌ ပြုလုပ်ခဲ့သည်။
အခမ်းအနားကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်လွင်ဦးက အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့ခေတ် ကျောင်းသား/သူလေးများကို အရည်အသွေးပြည့်ဝသော နိုင်ငံသားကောင်းရတနာများ ဖြစ်ပေါ်လာစေရေး၊ ပညာခေတ်ဖြစ်သောကြောင့် ပညာတတ်မှသာ ကမ္ဘာနှင့်ရင်ဘောင်တန်းနိုင်မည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်ပညာရေးမှူး ဦးအောင်ဝင်းက ကျောင်းအပ်နှံရေးနေ့အခမ်းအနားပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များနှင့် ကျောင်းအပ်နှံရေးအတွက် ဆောင်ရွက်နေမှုအခြေအနေများအား ရှင်းလင်းပြောကြား၍ မြို့နယ်အတွင်း ထက်၊ လယ်၊ မူကျောင်း ပေါင်း(၂၁)ကျောင်း ဖွင့်လှစ်နိုင်ခဲ့ပြီး မေလ(၂၃)ရက်နေ့မှ (၂၉)ရက်နေ့အထိ စုစုပေါင်းကျောင်းသား/သူ (၆၄၅၉)ဦးအပ်နှံခဲ့သောကြောင့် ယခင်နှစ်ကထက် ကျောင်းသား/သူ(၁၀၅၃)ဦးပို၍ အပ်နှံနိုင်ခဲ့ကြောင်း ရှင်းလင်းပြောကြားသည်။
နိုင်ငံတော်မှ ထောက်ပံ့လှူဒါန်းထားသော ထောက်ပံ့ပစ္စည်းများကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်လွင်ဦး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး ရဲရန်ပိုင်တို့က ပေးအပ်လှူဒါန်းခဲ့ရာ သက်ဆိုင်ရာ ကျောင်းသား/သူများတို့က လက်ခံရယူခဲ့ကြောင်း သိရသည်။
ထို့နောက် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပြင်ဆင်ထားရှိမှုအခြေအနေ၊ ကျောင်းအပ်လက်ခံနေမှုအခြေအနေ၊ နိုင်ငံတော်မှ ထောက်ပံ့လှူဒါန်းထားသော ကျောင်းသုံးပုံနှိပ်စာအုပ်များ၊ ဗလာစာအုပ်များ၊ ခဲတံ၊ ဘောပင်များ၊ နှာခေါင်းစည်းများနှင့် ကျောင်းဝတ်စုံများအား မြို့နယ်အတွင်းရှိ ကျောင်းများသို့ အချိန်မီ ပို့ဆောင်ပြီးစီးမှုအခြေအနေများအား လိုက်လံစစ်ဆေးဆွေးနွေးပြောကြားခဲ့ပြီး “ကျောင်းနေအရွယ် ကလေးအားလုံး ပညာရေးမဝေးဖို့ ကျောင်းအမြန်အပ်နှံစို့” ဗီနိုင်းရှေ့၌ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြောင်း သိရှိရသည်။
ထင်အောင်နိုင်
https://t.me/MyanmarNationalPost
No comments:
Post a Comment