ကျောင်းသား၊ ကျောင်းသူများ အမိုးအကာ အ‌အောက် လုံလုံခြုံခြုံဖြင့် စိတ်အေးချမ်းသာစွာ ပညာသင်ကြားနိုင်ရန်အတွက် မုန်တိုင်းကြောင့် ထိခိုက်ပျက်စီးခဲ့သည့် စာသင်ကျောင်းများအား အမြန်ဆုံး ပြန်လည်ပြုပြင်ရန် ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း မှာကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောင်းသား၊ ကျောင်းသူများ အမိုးအကာ အ‌အောက် လုံလုံခြုံခြုံဖြင့် စိတ်အေးချမ်းသာစွာ ပညာသင်ကြားနိုင်ရန်အတွက် မုန်တိုင်းကြောင့် ထိခိုက်ပျက်စီးခဲ့သည့် စာသင်ကျောင်းများအား အမြန်ဆုံး ပြန်လည်ပြုပြင်ရန် ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း မှာကြား















MNP ၊ မေ ၁၉

ရခိုင်ပြည်နယ်၊ စစ်တွေမြို့သို့ ရောက်ရှိနေသော အမျိုးသားသဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း သည် ဇနီး ဒေါ်သန်းသန်းနွယ်၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးချုပ်၊ ကာကွယ်ရေးဉီးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများ လိုက်ပါ၍ ယနေ့ နံနက်ပိုင်းတွင် ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)ကျရောက်မှုကြောင့် ပျက်စီးမှုများဖြစ်ပေါ် ခဲ့သည့်  ကျောက်တော်မြို့နှင့် ရသေ့တောင်မြို့များသို့ သွားရောက်ကြည့်ရှုပြီး ဒေသခံတိုင်းရင်းသားပြည်သူများ၊ ဌာနဆိုင်ရာများ၊ တပ်မတော်သားများနှင့် မိသားစုဝင်များအား သီးခြားစီ တွေ့ဆုံအားပေးစကားပြောကြားသည်။


ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် အဖွဲ့ဝင်များသည် ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)ကျရောက်ခဲ့ရသည့် ကျောက်တော်မြို့နှင့် ရသေ့တောင် မြို့များသို့ သွားရောက်၍ မုန်တိုင်းတိုက်ခိုက်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့မှု အခြေ အနေများ၊ ကူညီကယ်ဆယ်ရေးလုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေး ဆောင်ရွက်နေမှု အခြေအနေများကို မော်တော်ယာဉ်များဖြင့် လိုက်လံကြည့်ရှု ကြသည်။


ထို့နောက် အဆိုပါမြို့များရှိ မုန်တိုင်းသင့် ဒေသခံတိုင်းရင်းသားပြည်သူများ နှင့် ဌာနဆိုင်ရာများအား သက်ဆိုင်ရာခန်းမများတွင် သီးခြားစီတွေ့ဆုံ၍  အားပေး စကားပြောကြားရာတွင် နိုင်ငံတော်ဝန်ကြီးချုပ် လမ်းညွှန်မှုအရ သဘာဝဘေး အန္တရာယ်ကျရောက်ခဲ့သည့် ဒေသများ၌ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကိုယ်တိုင်မျက်မြင်တွေ့ရှိနိုင်ရန် ယခုကဲ့သို့ လာရောက်ခြင်း ဖြစ်ကြောင်း၊ ဒေသခံတိုင်းရင်းသားပြည်သူများအနေဖြင့် မိမိမြို့၊ ရပ်ကွက်၊ ကျေးရွာ များအား မိမိအသိစိတ်ဓာတ်ဖြင့် ကိုယ်ထူကိုယ်ထ ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို ဆောင်ရွက်နေသည်ကို တွေ့ရှိရသည့်အတွက် ဝမ်းသာမိပါကြောင်း၊ ကူညီကယ်ဆယ်ရေးအဖွဲ့များ လာရောက်၍ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း မြို့နေဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာများအနေဖြင့် မိမိ မြို့/ရွာ သန့်ရှင်းသာယာလှပရေးအတွက် အင်တိုက်အားတိုက် ဝိုင်းဝန်းစုပေါင်း ဆောင်ရွက်ပေးရန်လိုကြောင်း။


မကြာမီ ဇွန်လ ၁ ရက်တွင် တက္ကသိုလ်များနှင့် အခြေခံပညာကျောင်းများ ပြန်လည် ဖွင့်လှစ်တော့မည်ဖြစ်သဖြင့် ကျောင်းသား၊ ကျောင်းသူများ အမိုးအကာ အ‌အောက် လုံလုံခြုံခြုံဖြင့် စိတ်အေးချမ်းသာစွာ ပညာသင်ကြားနိုင်ရန်အတွက်  မုန်တိုင်းကြောင့် ထိခိုက်ပျက်စီးခဲ့သည့် စာသင်ကျောင်းများအား အမြန်ဆုံး ပြန်လည်ပြုပြင်ရန်လိုကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် ကျောင်းသား၊ ကျောင်းသူ တက်ရောက်မှု အများဆုံးဖြစ်သည့် အထက်တန်းကျောင်းများအား ဉီးစားပေးအဖြစ် အမြန်ဆုံးပြုပြင် ဆောင်ရွက်ပေးရန်လိုကြောင်း၊ အလားတူ မြို့နယ်ဆေးရုံကြီး (ကုတင်-၅၀)ကိုလည်း အမြန်ဆုံး ပြုပြင် ဆောင်ရွက်ရန်လိုကြောင်း။


ပြန်လည်ထူထောင်ရေးလုပ်ငန်းများ စနစ်တကျ မြန်ဆန်စွာ ဆောင်ရွက် နိုင်ရန် စာရင်းဇယားမြန်ဆန်မှန်ကန်စွာ ကောက်ယူနိုင်ရန် လိုအပ်ကြောင်း၊ ယင်း အတွက် ဌာနဆိုင်ရာအဖွဲ့များအနေဖြင့် မြို့နယ်အလိုက် စနစ်တကျမှန်မှန်ကန်ကန် မြန်မြန်ဆန်ဆန် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ သို့မှသာ လိုအပ်သည့် ကူညီ ကယ်ဆယ်ရေးပစ္စည်းများကို သက်ဆိုင်ရာတာဝန်ရှိသူများက စနစ်တကျ စီမံခန့်ခွဲ ၍ ပို့ဆောင်ပေးနိုင်မှာဖြစ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် မုန်တိုင်းကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဒေသများကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၁၁ အရ သဘာဝဘေးအန္တရာယ်ကျရောက်သော ဒေသများ အဖြစ်ကြေညာချက်များ ထုတ်ပြန်၍ ယင်းကြေညာချက်များပါ ဒေသများတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ဒေသအလိုက် တပ်မတော် အရာရှိကြီးများကို ခန့်အပ်တာဝန်ပေးထားပြီးဖြစ်ကြောင်း၊ ယခုမုန်တိုင်းလွန်ပြီး နောက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အမြန်ဆုံးမူလ အခြေအနေထက် သာလွန်ကောင်းမွန်စေရေးအတွက် သက်ဆိုင်ရာ မြို့နယ်များ အလိုက်  အားလုံးဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောကြား သည်။


ထို့နောက် တက်ရောက်လာကြသည့် မြို့နယ်အလိုက် ဌာနဆိုင်ရာ တာဝန်ရှိ သူများနှင့် မြို့မိ၊ မြို့ဖများက ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)တိုက်ခိုက်မှုကြောင့် နေအိမ် အဆောက်အဦများ၊ စာသင်ကျောင်းများ၊ ဆေးရုံများနှင့် ဌာနဆိုင်ရာအဆောက်အဦ များ ပျက်စီးဆုံးရှုံးခဲ့မှုအခြေအနေများနှင့် အခြားလိုအပ်သည်များကို ရှင်းလင်း တင်ပြကြရာ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးပြီး  မုန်တိုင်းသင့်ပြည်သူများနှင့်  ဌာနဆိုင်ရာဝန်ထမ်းများအတွက် ဆန်၊ ဆီ၊ ပဲ၊ ငပိ စသည့် အခြေခံစားသောက်ကုန်ပစ္စည်းများနှင့် စားသောက် ဖွယ်ရာများကို ထောက်ပံ့ပေးအပ်သည်။


ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ရသေ့တောင်မြို့အတွင်း ကူညီကယ်ဆယ်ရေး လုပ်ငန်းများ လာရောက်ဆောင်ရွက်ပေးနေသည့် ပဲခူးတိုင်းဒေသကြီးမှ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဝင်များအား ထောက်ပံ့ငွေများ ပေးအပ်သည်။


ထို့အပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ၊ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် အဖွဲ့ဝင်များ သည် ခရီးစဉ်အတွင်း ကျောက်တော်နှင့် ရသေ့တောင်တပ်နယ်များသို့ သွားရောက် ၍ သဘာဝဘေးအန္တရာယ်သင့်ခဲ့သည့် အရာရှိ၊ စစ်သည်၊ မိသားစုဝင်များအား သီးခြားစီတွေ့ဆုံ အားပေးစကား ပြောကြားပြီး အရာရှိ၊ စစ်သည်၊ မိသားစု ဝင်များ၏ တစ်ဦးချင်းတင်ပြချက်များအပေါ် လိုအပ်သည် များ ညှိနှိုင်းဆောက်ရွက် ပေးကာ စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ပြီး ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)