ရခိုင်ပြည်နယ်အတွင်း သဘာဝဘေးအန္တရာယ် ကျရောက်ခံစားခဲ့ရသည့် ဒေသများတွင် ပြည်ခိုင်ဖြိုးပါတီမှ လုပ်အားပေးကူညီမှုများပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ်အတွင်း သဘာဝဘေးအန္တရာယ် ကျရောက်ခံစားခဲ့ရသည့် ဒေသများတွင် ပြည်ခိုင်ဖြိုးပါတီမှ လုပ်အားပေးကူညီမှုများပြုလုပ်





MNP ၊ မေ ၂၅

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက တိုက်ခတ်ခဲ့သော မိုခါမုန်တိုင်းဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သည့် ရခိုင်ပြည်နယ်အတွင်းတွင် ကူညီကယ်ဆယ် ရေးလုပ်ငန်းများဆောင်ရွက်ရန် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ပါတီဝင်အင်အား (၂၀၅)ဦးအား စေလွှတ်ခဲ့ကြောင်းသိရသည်။ 

အဆိုပါ(၂၀၅)ဦး တွင်  ရခိုင်ပြည်နယ် သံတွဲမြို့နယ်မှ (၂၀)ဦး၊ တောင်ကုတ်မြို့နယ်မှ (၂၂)ဦး၊ ဂွမြို့ နယ်မှ (၂၅)ဦး၊ စစ်တွေမြို့နယ်မှ (၃၈)ဦးနှင့် ၂၃-၅-၂၀၂၂ ရက်နေ့ညနေတွင်ရောက် ရှိခဲ့သည့် မန္တလေးတိုင်းဒေသကြီးမှ (၁၀၀)ဦးတို့ ပါဝင်ကြောင်းသိရပါသည်။ 

ပါတီဝင်အဖွဲ့များသည် ညနေပိုင်းအချိန်တွင် ရခိုင်ပြည်နယ် ပါတီရုံးဝန်းအတွင်း၌ မုန်တိုင်းဒဏ်ကြောင့် ပြိုလဲနေသည့် သစ်ပင်များ ရှင်းလင်းခြင်း၊ အမှိုက်များ ရှင်းလင်းခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ လုပ်အားပေးပါတီဝင်များ သည် ၂၄-၅-၂၀၂၂ ရက်နေ့တွင် ပြည်နယ်ပါတီဥက္ကဋ္ဌ ဒေါက်တာစန်းရွှေ၊ ပြည်နယ်ပါတီအတွင်းရေးမှူး ဦးသန်းဝေတို့ဦးဆောင်ပြီး အဖွဲ့များခွဲ၍ နိုင်ငံတော်အစိုးရ၊ တပ်မတော်၊ ကြက်ခြေနီတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ ပရဟိတအသင်းအဖွဲ့များနှင့်အတူ စစ်တွေလေဆိပ်တွင် ကယ်ဆယ်ရေးပစ္စည်းများ ကူညီသယ်ယူပို့ဆောင်ခြင်း၊ သာ သနာ့ဗိမ္မာန်တွင် ကယ်ဆယ်ရေးပစ္စည်းများ နေရာချထားရေး ကူညီဆောင်ရွက်ခြင်း၊ စစ်တွေတက္ကသိုလ်ကျောင်းဝင်းအတွင်း အပျက်အစီးများ ဖယ်ရှားရှင်းလင်းခြင်း၊ လဲကျနေသောသစ်ပင်များ ဖယ်ရှားရှင်းလင်းခြင်း၊ အမှိုက်၊ ခြုံနွယ်ရှင်းလင်းခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီအနေဖြင့် ယခုလိုကူညီလုပ်အား ပေးခြင်းများအပြင် မေလ ၁၉ ရက်နေ့တွင် ပါတီဥက္ကဋ္ဌ ဦးခင်ရီနှင့် အထွေထွေ အတွင်းရေးမှူး ဦးသောင်းအေးတို့သည် စစ်တွေပြည်နယ်ပါတီရုံးသို့  သွားရောက် ခဲ့ပြီး ပြည်နယ်ပါတီရုံးခန်းမ၌ စစ်တွေမြို့ပေါ်ရပ်ကွက် (၂၅) ရပ်ကွက်၊ ကျေးရွာ (၁၅)ရွာမှ လေဘေးသင့်ပါတီဝင်အိမ်ထောင်စု(၂၀၀)ကျော်တို့အား ထောက်ပံ့မှုများ ပြုလုပ်ခဲ့ပြီး မေလ ၂၀ ရက်နေ့တွင် ရန်ကုန်တိုင်းစစ်ဌာနချုပ် ကုန်းမြင့်သာရှိ ဇေယျာသီရိဗိမာန် ဧည့်ခန်းမဆောင်တွင် “မိုခါ” မုန်တိုင်းဒဏ်သင့်ဒေသများ အတွက် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် အသုံးပြုရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌထံသို့ အလှူငွေ သိန်း(၃၀၀)ကျပ် ကိုလည်း လှူဒါန်းထားသည်။ 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ လုပ်အားပေးပါတီဝင်အဖွဲ့များအနေဖြင့် နောက်ရက်များတွင်လည်း အဖွဲ့အစည်းအသီးသီးနှင့် ချိတ်ဆက်ပြီး မုန်တိုင်းဒဏ်ခံရသည့် နေရာဒေသအသီးသီးကို သွားရောက်၍ ကူညီကယ်ဆယ်လုပ်အားပေးခြင်းများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)