MNP ၊ မေ ၃
၃၂ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ အမျိုးသမီးဘောလုံးပြိုင်ပွဲ အုပ်စု (က) အဖွင့်ပွဲစဉ်အဖြစ် မြန်မာအသင်းနှင့် ဖိလစ်ပိုင်အသင်းတို့ မေလ ၃ ရက် မြန်မာစံတော်ချိန် ၇:၃၀ မိနစ် ကမ္ဘောဒီးယားနိုင်ငံ Army Stadium တွင် ယှဉ်ပြိုင်ကစားခဲ့ရာ မြန်မာအသင်းက ၁-၀ ဂိုး ဖြင့် အနိုင်ရရှိခဲ့သည်။
မြန်မာအသင်းသည် ဖိလစ်ပိုင် အသင်းနဲ့ ပွဲစဉ်အတွက် ပွဲထွက်လူစာရင်းတွင် မျိုးမြမြငြိမ်း (ဂိုး) ၊ မိုးမမစိုး၊ ဇွန်ယုယဦး၊ မေသက်မွန်မြင့်၊ ဖြူဖြူဝင်း၊ နော်ထက်ထက်ဝေ၊ ခင်မိုမိုထွန်း၊ ခင်မာလာထွန်း၊ စန်းသော်သော်၊ ဝင်းသိင်္ဂီထွန်း ၊ ဂျူလိုင်ကျော် တို့ကိုအသုံးပြုခဲ့ပြီး လူစားလဲလှယ်မှုများ အဖြစ် မိုးမမစိုးအစား ခင်သန်းဝေ၊ မေသက်မွန်မြင့်အစား ရူပါခိုင် ၊ ခင်သန်းဝေအစား ခင်မျိုးဝင်းတို့ကို လဲလှယ်အသုံးပြုခဲ့သည်။
မြန်မာအသင်းအတွက် အဖိုးတန်အနိုင်ဂိုးကို ဝင်းသိင်္ဂီထွန်းက ပွဲချိန် ၈၇ မိနစ်တွင် ရရှိခဲ့သည့် ပင်နယ်တီကို အမှားအယွင်းမရှိ ကန်သွင်းပြီး မြန်မာအသင်း အဖိုးတန် အနိုင်ရလဒ်ကို ရရှိခဲ့သည်။
"ဒီနေ့ပွဲမှာ အသင်းသားတွေနဲ့အတူတူ ပွဲချိန် မိနစ် ၉၀ အပြည့် အာရုံစိုက် ကစားခဲ့ပါတယ်။ ဖိလစ်ပိုင်အသင်းက ကမ္ဘာ့ဖလား ပြိုင်ပွဲဝင်ခွင့်ရတဲ့ အသင်းဖြစ်လို့ တလေးတစားနဲ့ ကျွန်တော်တို့ ယှဉ်ပြိုင်ခဲ့ကြပါတယ်။ နောက်ဆုံးကန်ခဲ့တဲ့ ပင်နယ်တီလွဲထားတဲ့ ကျွန်တော့်ကို ယုံယုံကြည်ကြည် ကန်သွင်းခွင့်ပေးခဲ့တဲ့ အသင်းဖော်တွေ အားလုံးကြောင့် ဒီဂိုးကို သွင်းနိုင်ခဲ့တာပါ။ ကျွန်တော်တို့ နည်းပြဆရာအဖွဲ့နဲ့ ကစားသမားတွေ အတူတူ အနိုင်ရလဒ် ကိုရယူနိုင်ခဲ့လို့ အရမ်းပျော်ပါတယ်ဟု အကောင်းဆုံး ကစားသမားဆုရရှိခဲ့သည့် ဝင်းသိင်္ဂီထွန်းက ပွဲပြီး သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
"ဖိလစ်ပိုင်အသင်းကို အနိုင်ရခဲ့လို့ တကယ်ကို ဝမ်းသာပါတယ်" တီဗီကနေကြည့်ရူ့နေမယ့် ပရိသတ်ရော ကွင်းအထိ လာအားပေးတဲ့ ပရိသတ်တွေ အကုန်လုံးကို အထူးကျေးဇူးတင်ပါတယ်။ ဒီနိုင်ပွဲရဲ့နောက်မှာ ထောက်ပံ့ကူညီမှုတွေ အများကြီးပေးခဲ့တဲ့ နည်းပြအဖွဲ့နဲ့ အဖွဲ့ချုပ်က ဝန်ထမ်းတွေရဲ့ အားတွေကြောင့် အခုလို အနိုင်ရခဲ့တယ်လို ယုံကြည်ပါတယ်။ ဒီပွဲအပြီးမှာ ကစားသမားတွေကိုပြန်ပြီး Recovery ဖြစ်ဖို့ကို အရင်ဆုံး အာရုံစိုက်ပါမယ်။ ဗီယက်နမ် အသင်းနဲ့ ပွဲအတွက်ကိုတော့ ဒီနေ့ပွဲလိုပဲ နည်းပြအဖွဲ့တွေ ထောက်ပံ့ပေးမယ့် အချက်အလက်တွေ အပေါ်မှာ ကစားသမားတွေ ကိုက်ညီတဲ့ စနစ်တခုနဲ့ ချဉ်းကပ်သွားပါမယ်" ဟု မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း နည်းပြချုပ် Uki Tetsuro က ပြောကြားခဲ့သည်။
#MyanmarNationalPost



No comments:
Post a Comment