အိန္ဒိယသမ္မတနိုင်ငံ ကော်လ်ကတ္တားမြို့၌ ကျင်းပပြုလုပ်ခဲ့သည့် BIMSTEC Business Conclave သို့ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး ဂုဏ်ထူးဆောင်ဧည့်သည်‌တော်အဖြစ် တက်ရောက်အမှာစကား ပြောကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အိန္ဒိယသမ္မတနိုင်ငံ ကော်လ်ကတ္တားမြို့၌ ကျင်းပပြုလုပ်ခဲ့သည့် BIMSTEC Business Conclave သို့ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး ဂုဏ်ထူးဆောင်ဧည့်သည်‌တော်အဖြစ် တက်ရောက်အမှာစကား ပြောကြား


MNP ၊ ဇွန် ၁၄

အိန္ဒိယသမ္မတနိုင်ငံ ကုန်သည်များအသင်း (Indian Chamber of Commerce- ICC) ၏ ဖိတ်ကြားချက်အရ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးသည် ယမန်နေ့က အိန္ဒိယသမ္မတနိုင်ငံ ကော်လ်ကတ္တားမြို့ရှိ Hytta Regency Kolkata Hotel ၌ ကျင်းပပြုလုပ်ခဲ့သည့် ဘင်းမ်စတက် စီးပွားရေးလုပ်ငန်းဆွေးနွေးပွဲ (BIMSTEC Business Concla- ve) သို့ ဂုဏ်ထူး‌ဆောင်ဧည့်သည်တော်အဖြစ် တက်ရောက်အမှာစကား ပြောကြားသည်။

ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ဒေသစံ‌တော်ချိန် နံနက် ၁၀ နာရီတွင် ကျင်းပရာ ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံနှင့်ဘင်းမ်စတက် အဖွဲ့ဝင်နိုင်ငံများအကြား ကုန်သွယ်မှုနှင့်ရင်းနှီး မြှုပ်နှံမှုဆိုင်ရာ ဆောင်ရွက်နေမှုအခြေအနေများနှင့် ပိုမိုတိုးမြှင့် ဆောင်ရွက်နိုင်မည့် အလားအလာ ကောင်းများ၊ ကုန်သွယ်မှုပိုမို မြှင့်တင်ရေးအတွက် ဘင်းမ်စတက် အဖွဲ့ဝင်နိုင်ငံများအကြား အပြန်အလှန် ကုန်သွယ်နိုင်မည့် အလားအလာရှိသော ကုန်ပစ္စည်းများ ရှာဖွေရန်နှင့် ပို့ကုန်လုပ်ငန်းရှင် များနှင့် သွင်းကုန်လုပ်ငန်းရှင်များအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ယုံကြည်မှု တည်ဆောက်ရန်တို့အတွက် စီးပွားရေးလုပ်ငန်းများမှ စီးပွားရေးလုပ်ငန်းများသို့ (B 2 B) ထိတွေ့ဆက်ဆံမှုများကို အားပေး သွားရန်၊ မြန်မာနိုင်ငံတွင် ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံများမှ ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရေးကိစ္စရပ်များ၊ နှစ်နိုင်ငံငွေကြေးများကို သုံးစွဲနိုင်ရေးကိစ္စရပ်များ၊ နှစ်ဖက်ကုန်သည်များအကြား ပိုမိုထိတွေ့ ပူးပေါင်းဆောင်ရွက်ရေးကိစ္စနှင့် ခရီးသွားလုပ်ငန်းများ ပိုမိုတိုးမြှင့်ဆောင်ရွက်နိုင်‌‌ရေး စသည်တို့ကို ဆွေးနွေးပြောကြားသည်။

ထို့ပြင် ဘင်းမ်စတက်နိုင်ငံများအကြား လမ်းပန်းဆက်သွယ်မှု၊ ဘဏ္ဍာရေးဆိုင်ရာ ဆက်သွယ်ဆောင်ရွက်မှုနှင့် ပြည်သူများအချင်းချင်း ထိတွေ့ဆက်ဆံမှု မြှင့်တင်ရေးတို့ကို ရှေ့လုပ်ငန်းစဉ် များအဖြစ် ထည့်သွင်းစဉ်းစားနိုင် ရေးတို့ကိုပါ အကြံပြုဆွေးနွေးခဲ့သည်။

အခမ်းအနား အပြီးတွင် ပြည်ထောင်စုဝန်ကြီးသည် ဘင်းမ်စတက်နိုင်ငံများမှ ထုတ်ကုန် ပြပွဲများ ခင်းကျင်းပြသထားရာနေရာသို့ သွားရောက်ကြည့်ရှုခဲ့ပြီး မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်မှ ခင်းကျင်းပြသထားသော ပြခန်းအား ကြည့်ရှု အားပေးသည်။

ထို့နောက် ပြည်ထောင်စု ဝန်ကြီးသည် ဒေသစံတော်ချိန် မွန်းလွဲ ၁ နာရီ ၄၅ မိနစ်တွင် Ballroom One ၌ ကျင်းပပြုလုပ် သည့် အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှု - အခွင့်အရေးနှင့်အတားအဆီးများဖိုရမ်သို့ တက် ရောက်အားပေးသည်။

အဆိုပါဆွေးနွေးပွဲသို့ မြန်မာနိုင်ငံမှ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဦးအေးဝင်းက Panellist အဖြစ် ပါဝင်ဆွေးနွေးသည်။


ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးသည် Ballroom Two တွင် ကျင်းပပြုလုပ်သည့် ဘင်းမ်စတက် ရင်းနှီးမြှုပ်နှံမှုဖိုရမ် - စိန်ခေါ်မှုနှင့် အခွင့်အလမ်းသို့ ဆက်လက်တက်ရောက် အားပေးသည်။

အဆိုပါဆွေးနွေးပွဲသို့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်က Panellist အဖြစ် ဆွေးနွေးပြောကြားသည်။

ဆွေးနွေးပွဲသို့ ပြည်ထောင်စု ဝန်ကြီးနှင့်အတူ အိန္ဒိယသမ္မတနိုင်ငံ ကုန်သည်များအသင်းဥက္ကဋ္ဌ Mr. MehulMohanka ၊ အိန္ဒိယ နိုင်ငံအစိုးရ ပြည်ပ‌ရေးရာနှင့် ပညာရေးဝန်ကြီး ဌာနဝန်ကြီး Dr. Rajkumar Ranjan Singh ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ စက်မှုဝန်ကြီး ဌာန ဝန်ကြီး Mr. Nurul Majid Mahmud Humayun ၊ နီပေါနိုင်ငံ စက်မှု၊ ကူးသန်းရောင်းဝယ်ရေးနှင့် ထောက်ပံ့ရေးဝန်ကြီးဌာန ဝန်ကြီး Mr. Ramesh Rizal ၊ သီရိလင်္ကာနိုင်ငံ စက်မှုဝန်ကြီးဌာန ဝန်ကြီး Dr. Ramesh Pathirana ၊ ထိုင်းနိုင်ငံနိုင်ငံခြားရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီး Mr. Vija-vatIsarabhakdi ၊ ဘူတန်နိုင်ငံ စက်မှု၊ ကူးသန်းရောင်းဝယ်ရေးနှင့် အလုပ်အကိုင်ဝန်ကြီးဌာန အတွင်းရေးဝန် Ms. Tashi Wan-gmo၊ အိန္ဒိယသမ္မတနိုင်ငံ ကုန်သည်များအသင်း ဒုတိယဥက္ကဋ္ဌ Mr. Ameya Prabhu ၊ ဘင်းမ်စတက် အဖွဲ့ဝင်နိုင်ငံများမှ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် မြန်မာကိုယ်စားလှယ်အဖွဲ့မှ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်၊ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်မှ ဥက္ကဋ္ဌဦးအေးဝင်း၊ မြန်မာနိုင်ငံပဲမျိုးစုံနှင့် နှမ်းကုန်သည် များအသင်းဥက္ကဋ္ဌ ဦးထွန်းလွင်၊ မြန်မာနိုင်ငံ အမျိုးသမီးစီးပွား‌ရေး စွမ်းဆောင်ရှင်များအသင်းဥက္ကဋ္ဌ ‌ဒေါ်ကြွယ်ကြွယ်ဇင်၊ မြန်မာနိုင်ငံ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးမြင့်ဟန်တို့အပါအဝင် ကိုယ်စားလှယ်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)