MNP ၊ ဇွန် ၁၄
ဖိလစ်ပိုင်နိုင်ငံ၊ ပမ်ပန်ဂါပြည်နယ် (Pampanga)၊ မာဘလာကတ်မြို့ (Mabalacat City) အနီးရှိ အွန်လိုင်းဂိမ်းလုပ်ငန်းများ ဆောင်ရွက်နေသည့် ကုမ္ပဏီကြီးတစ်ခု၌ အတင်းအကျပ် စေခိုင်းခံနေရသည့် နိုင်ငံခြားသားများရှိကြောင်း သတင်းရရှိသဖြင့် လူကုန်ကူးမှုတိုက်ဖျက်ရေး စစ်ဆင်ရေးအဖြစ် ဖိလစ်ပိုင် အမျိုးသားရဲတပ်ဖွဲ့မှ ဦးဆောင်၍ ၄-၅-၂၀၂၃ ရက်၊ ညပိုင်းက ဝင်ရောက်စီးနင်းခဲ့ရာတွင် မြန်မာနိုင်ငံသား (၄၂) ဦး အပါအဝင် နိုင်ငံခြားသား စုစုပေါင်း (၁၁၃၇) ဦးအား ကယ်ထုတ်နိုင်ခဲ့ပါသည်။
မနီလာမြို့၊ မြန်မာသံရုံးအနေဖြင့် ဖိလစ်ပိုင် အမျိုးသားရဲတပ်ဖွဲ့မှ ကယ်တင်ပေးရာတွင် ပါဝင်သည့် မြန်မာနိုင်ငံသား (၄၂) ဦးအား မြန်မာနိုင်ငံသို့ အမြန်ဆုံးပြန်လည်ပို့ဆောင်ပေးနိုင်ရေးအတွက် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဖိလစ်ပိုင်အမျိုးသားရဲတပ်ဖွဲ့၊ ဖိလစ်ပိုင် လူဝင်မှုကြီးကြပ်ရေးဌာနတို့နှင့် ပူးပေါင်းဆောင်ရွက်ကာ မြန်မာနိုင်ငံသား (၂၀) ဦး (အမျိုးသမီး ၁၅ ဦးနှင့် အမျိုးသား ၅ ဦး) တို့အား ၂၇-၅-၂၀၂၃ ရက်တွင် ပထမအသုတ်အဖြစ် လည်းကောင်း၊ မြန်မာနိုင်ငံသား (၁၅) ဦး (အမျိုးသမီး ၆ ဦးနှင့် အမျိုးသား ၉ ဦး) တို့အား ၂-၆-၂၀၂၃ ရက်တွင် ဒုတိယအသုတ်အဖြစ် လည်းကောင်း ပြန်လည်ပို့ဆောင်ပေးခဲ့ပါသည်။
ယခုအခါ ကျန်ရှိသူ မြန်မာနိုင်ငံသား (၇) ဦးအနက် (၆) ဦး (အမျိုးသမီး ၄ ဦးနှင့် အမျိုးသား ၂ ဦး)တို့အား တတိယအသုတ်အဖြစ် ၁၄-၆-၂၀၂၃ ရက်တွင် အဆင်ပြေချောမွေ့စွာ ပြန်လည်ပို့ဆောင်ပေးနိုင်ခဲ့ပြီး၊ အဆိုပါ မြန်မာနိုင်ငံသားများအား မြန်မာသံရုံးမှ သံရုံးယာယီတာဝန်ခံနှင့် မြန်မာသံရုံး၊ စစ်သံရုံးမှ တာဝန်ရှိသူများ၊ ဖိလစ်ပိုင် လူဝင်မှုကြီးကြပ်ရေးဌာနနှင့် ဖိလစ်ပိုင်နိုင်ငံအခြေစိုက် International Organization for Migration (IOM) တို့မှ တာဝန်ရှိသူများက မနီလာမြို့ အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ လိုက်ပါကူညီပို့ဆောင်ပေးခဲ့ကြောင်း ထုတ်ပြန်ထားသည်။
ပြန်လည်ပို့ဆောင်ပေးရန် ကျန်ရှိနေသော မြန်မာနိုင်ငံသား (၁) ဦးမှာ လက်ရှိတွင် ဖိလစ်ပိုင်ရဲတပ်ဖွဲ့မှ အွန်လိုင်းကုမ္ပဏီအား တရားစွဲဆိုထားသည့် အမှု၌ အခြားနိုင်ငံခြားသားအချို့နှင့်အတူ သက်သေအဖြစ် တရားရုံးတွင် ထွက်ဆိုနေရပြီး၊ ၎င်းအား တရားရုံးက အပြီးသတ်ဆုံးဖြတ်ချက် ချမှတ်ပြီးမှသာ မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။
#MyanmarNationalPost

No comments:
Post a Comment