ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဗလာဒီဗော့စတော့ခ်ဆိပ်ကမ်းမှ မြန်မာနိုင်ငံရှိ ဆိပ်ကမ်းများသို့ ရေကြောင်းလမ်းအသုံးပြု ဆက်သွယ်နိုင်မည့် အလားအလာများ ဆွေးနွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဗလာဒီဗော့စတော့ခ်ဆိပ်ကမ်းမှ မြန်မာနိုင်ငံရှိ ဆိပ်ကမ်းများသို့ ရေကြောင်းလမ်းအသုံးပြု ဆက်သွယ်နိုင်မည့် အလားအလာများ ဆွေးနွေး




နေပြည်တော် ဇွန် ၁၇

ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဝင်းရှိန်ဦးဆောင်၍ ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသောင်းဟန်နှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေတို့ပါဝင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၏ သမ္မတအကြံပေးနှင့် (၂၆) ကြိမ် မြောက်နိုင်ငံတကာစီးပွားရေး ဖိုရမ်ကျင်းပရေးကော်မတီ၏ အမှုဆောင်အတွင်းရေးမှူးဖြစ်သူ မစ္စတာအန်တွန်ကိုဗျာကော့ဗ်၏ ဖိတ်ကြားချက်အရ ရုရှားဖက်ဒရေးရှင်းနိုင်ငံစိန့်ပီတာစဘတ်မြို့တွင် ဇွန် ၁၄ရက်မှ ၁၇ ရက်အထိ ကျင်းပသည့် (၂၆) ကြိမ်မြောက်စိန့်ပီတာစဘတ်နိုင်ငံတကာ စီးပွားရေးဖိုရမ်သို့ တက်ရောက် လျက်ရှိသည်။


ဇွန် ၁၄ ရက် နံနက်ပိုင်းတွင်ကျင်းပသည့် ဖိုရမ်ပထမနေ့တွင် ဒုတိယဝန်ကြီးချုပ်နှင့်ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာကံဇော်နှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေတို့ပါဝင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၏ အရှေ့ဖျားဒေသ ရေကြောင်းသယ်ယူပို့ဆောင်ရေးနှင့် ထောက်ပံ့ပို့ဆောင်ရေးကုမ္ပဏီ FESCO Transportation and Logistics ကုမ္ပဏီမှတာဝန်ရှိသူများနှင့်တွေ့ဆုံကာ ကုန်စည်ထောက်ပံ့ပို့ဆောင်ရေးနှင့် သယ်ယူပို့ဆောင်ရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှု အလားအလာများနှင့် ဗလာဒီဗော့စတော့ခ်ဆိပ်ကမ်းမှ မြန်မာနိုင်ငံရှိဆိပ်ကမ်းများသို့ ရေကြောင်းလမ်းအသုံးပြုဆက်သွယ်နိုင်မည့်အလားအလာများကို ဆွေးနွေးခဲ့ကြသည်။


ထို့နောက် ဒုတိယဝန်ကြီးချုပ်နှင့်ပြည်ထောင်စုဝန်ကြီးဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၏သမ္မတအကြံပေး၊ ရော့စ်ကွန်ဂရက်ဖောင်ဒေးရှင်း၏ ဒုတိယဥက္ကဋ္ဌနှင့်အမှုဆောင်အတွင်းရေးမှူးဖြစ်သူ မစ္စတာအန်တွန်ကိုဗျာကော့ဗ်နှင့် ရော့စ်ကွန်ဂရက်ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအဖွဲ့မှ ညွှန်ကြားရေးမှူးမစ္စတာအလက်ဇန်းဒါးဆာဂီးအ်ဗစ်ရှ် ရှာတီရော့ဗ်နှင့်ကိုယ်စားလှယ်အဖွဲ့နှင့်တွေ့ဆုံကာ မြန်မာနိုင်ငံတွင်ရေနံချက်စက်ရုံ၊ ဆိုလာစက်ရုံနှင့်စက္ကူပျော့ဖတ်စက်ရုံတည်ဆောက်ရေးနှင့် စက်သုံးဆီဝယ်ယူ ရေးဆိုင်ရာကိစ္စရပ်များ၊ နှစ်နိုင်ငံအကြားကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး၊ ခရီးသွားကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍ၊ သတ္တုကဏ္ဍ၊ စက်မှုကဏ္ဍ၊ လျှပ်စစ်ကဏ္ဍ၊ စွမ်းအင်ကဏ္ဍ၊ ယဉ်ကျေးမှုနှင့်ပညာရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များအား ဆွေးနွေးခဲ့ကြသည်။


ညနေပိုင်းတွင်မြန်မာ ကိုယ်စားလှယ်အဖွဲ့သည် ဥရောပ-အာရှစီးပွားရေးကော်မရှင်၊ မေခရိုစီးပွားရေးနှင့်ပေါင်းစည်းရေးဝန်ကြီး မစ္စတာဆီးဂေးရီယူရီရယ် ဗိချ်ဂလာဇီးရပ်စ်ကတည်ခင်းဧည့်ခံသည့် အလုပ်သဘောညစာစားပွဲသို့တက်ရောက်၍ မြန်မာနိုင်ငံနှင့် ဥရောပ-အာရှစီးပွားရေး သမဂ္ဂ(Eurasian Economic Union - EAEU) အဖွဲ့ဝင်နိုင်ငံများအကြား ကုန်သွယ်ရေး၊ စီးပွားရေးနှင့်ရင်းနှီးမြှုပ်နှံမှု ဖွံ့ဖြိုးတိုးတက်ရေး၊ ပူးပေါင်းဆောင်ရွက်မှု အရှိန်အဟုန်မြှင့် ဆောင်ရွက်ရေးနှင့် EAEU ၏ ဒေသတွင်းစီးပွားရေးပေါင်းစည်းဆောင်ရွက်မှုများအား လေ့လာရေးဆိုင်ရာ ကိစ္စရပ်များ ကို အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ ကြသည်။


ဇွန် ၁၅ ရက်နံနက်ပိုင်းက ကျင်းပသည့် ဖိုရမ်ဒုတိယနေ့တွင် မြန်မာကိုယ်စားလှယ်အဖွဲ့သည် On the Road to Recycling: From Waste to Resources ဆွေးနွေးမှုအစီအစဉ်သို့ ပါဝင် တက်ရောက်ခဲ့သည်။


ယင်းအစီအစဉ်တွင်ရင်းနှီး မြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ကံဇော်ကဆွေးနွေးသူအဖြစ် ပါဝင်ဆောင်ရွက်ခဲ့ပြီးစွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုဆိုင်ရာ ပြုပြင် ပြောင်းလဲရေးကိစ္စရပ်များ၊ စွန့်ပစ် ပစ္စည်းမှ အရင်းအမြစ်အဖြစ် ပြောင်းလဲရန်အခြေခံအဆောက် အအုံ လိုအပ်ချက်များ၊ မြန်မာနိုင်ငံ၏သဘာဝပတ်ဝန်းကျင် ဆိုင်ရာစဉ်ဆက်မပြတ်ဖွံ့ဖြိုး တိုးတက်ရေး ဆောင်ရွက်မှုများ၊ ဥပဒေနှင့်လုပ်ထုံးလုပ်နည်းများ၊ စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုမဟာဗျူဟာနှင့်စီမံကိန်းများ၊ ရင်းနှီးမြှုပ်နှံမှုဥပဒေပါသဘာဝပတ်ဝန်း ကျင်ဆိုင်ရာကိစ္စရပ်များ၊ စိန်ခေါ်မှုများနှင့်ရှေ့ဆက်လက် ဆောင်ရွက်မည့်အစီအစဉ်များကို ဆွေးနွေးခဲ့သည်။


ယင်းနောက် မြန်မာကိုယ်စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံနှင့်ဥရောပ-အာရှစီးပွားရေး ကော်မရှင်တို့အကြားပူးပေါင်း ဆောင်ရွက်မှုစာချွန်လွှာ (Memorandum of Cooperation) လက်မှတ်ရေးထိုးပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ကြပြီး ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ဥရောပ-အာရှ စီးပွားရေးကော်မရှင်၊ မေခရိုစီးပွားရေးနှင့်ပေါင်းစည်းရေး ဝန်ကြီးတို့ကစာချွန်လွှာကိုလက်မှတ်ရေးထိုး၍ လဲလှယ်ခဲ့ကြသည်။


ထို့နောက်မြန်မာကိုယ်စား လှယ်အဖွဲ့သည် အီးအေအီးယူ-အာဆီယံ စီးပွားရေးဆိုင်ရာဆွေးနွေးပွဲ (EAEU-ASEAN Business Dialogue)သို့ပါဝင် တက်ရောက်ခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက အီးအေအီးယူနှင့် အာဆီယံအကြားစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအခွင့်အလမ်းများနှင့် ရည်မှန်းချက်များ၊ အခြေခံအဆောက်အအုံဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းများ၊ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေးဆိုင်ရာကိစ္စ ရပ်များနှင့် မြန်မာနိုင်ငံ၏ ရင်းနှီး မြှုပ်နှံမှု အခွင့်အလမ်းများကို ပါဝင်ဆွေးနွေးခဲ့သည်။


မွန်းလွဲပိုင်းတွင် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန ဝန်ကြီးမစ္စတာမာ့က်ခ်ဆင်ရယ် ရှယ်နီကို့ဗ်နှင့်တွေ့ဆုံကာ ရုရှား-မြန်မာနှစ်နိုင်ငံအကြားစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်များနှင့်ရှေ့ဆက်လက် ပူးပေါင်း ဆောင်ရွက်သွားမည့် ဦးစားပေးကဏ္ဍများကိုရင်းနှီး ပွင့်လင်းစွာအမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပြီး တတိယအကြိမ် ရုရှား-မြန်မာအစိုးရအချင်းချင်း ကုန်သွယ်ရေးနှင့်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ကော်မရှင် အစည်းအဝေးတွင် ဆွေးနွေးခဲ့ သည့်ကိစ္စရပ်များ၏ ဖြစ်ပေါ်တိုးတက်မှုအခြေအနေများနှင့် စတုတ္ထအကြိမ်ကော်မရှင်အစည်းအဝေးကို ၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၌ ကျင်းပရေးကိစ္စရပ်များကို ညှိနှိုင်း ဆွေးနွေးခဲ့ကြသည်။


ဆက်လက်၍မြန်မာ ကိုယ်စားလှယ်အဖွဲ့သည်ဖိုရမ်၏ Governor’s Lounge ရှိ Center-Inform JSCသို့ သွားရောက်လေ့လာခဲ့ပြီး သတင်းအချက်အလက်ဝန်ဆောင်မှုလုပ်ငန်း၊ သတင်းအချက်အလက်ဝန်ဆောင်မှုနှင့် သတင်းအချက်အလက်လုံခြုံရေးလုပ်ငန်းများ၊ မြန်မာနိုင်ငံတွင် လုပ်ငန်းလုပ်ကိုင်နိုင်မည့်အခွင့်အလမ်းများနှင့် လုပ်ထုံးလုပ်နည်းများ၊ မြန်မာနိုင်ငံမှ ကုန်ပစ္စည်းများတင်သွင်းရေးကိစ္စများနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)