တွင်ကျယ်လာမည့် အောင်ဘာလေအွန်လိုင်းသိန်းဆုထီစနစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တွင်ကျယ်လာမည့် အောင်ဘာလေအွန်လိုင်းသိန်းဆုထီစနစ်












မညာတမ်းပြောရရင် ယခင်ကထက် နစက အစိုးရလက်ထက်မှာ ထီပိုထိုးဖြစ်ပါတယ်။ ဘာကြောင့် ပိုထိုးဖြစ်သလဲမေးရင် အလုံးစုံပျက်သုဉ်းရေးကို ဖော်ဆောင်နေတဲ့ NUG အမည်ခံ ပြည်ပြေး ဝရမ်းပြေး NLD ဦးဆောင်သူ နိုင်ငံရေးသမားတွေ၊ လော်ဘီတွေ၊ ပြည်ဖျက်မီဒီယာတွေက မဟုတ်မမှန်း ပေါက်ပန်းစေးတွေ လုပ်ကြံရေးသား ဖြန့်ဝေလွန်းလို့ကို ပိုထိုးတာ ဖြစ်ပါတယ်။ နိုင်ငံတော်တာဝန်များကို ဖွဲ့စည်းပုံအခြေခံဥပဒေအရ တာဝန်ယူဆောင်ရွက်နေတဲ့ နစက အစိုးရ တာဝန်ယူဆောင်ရွက်နေတဲ့ ကိစ္စမှန်သမျှ အခက်အခဲအကြပ်အတည်းဖြစ်အောင် သူတို့ ဖန်တီးတယ်။ ဆင်တူရိုးမှား တုပလုပ်ဆောင်တယ်။ ပြည်ပြေး ဝရမ်းပြေး NLD ဦးဆောင်သူ (နိုင်ငံရေးလုပ်စားသူ)တွေက NUG ခေါင်းစဉ်အောက်ကနေ နွေဦးထီ ဆိုပြီး လုပ်နေတာ ရှိပါသေးတယ်။ ထီတော့ထိုးခိုင်းတယ်။ ပေါက်တော့ မလျော်ဘူး။ တော်လှန်ရေးအတွက် လှူပါတဲ့။ ပညာသားပါပါ ဓားပြတိုက်ကြသူတွေပဲ။ အဲဒီလို လိမ်မှန်းသိပါလျက်နဲ့ ကြိတ်မှိတ်အလိမ်ခံမယ့်သူတွေ ရှိနေတော့လည်း ပြောရဆိုရ မလွယ်လှဘူးပေါ့ဗျာ။


နစက အစိုးရလက်ထက်မှာ အောင်ဘာလေထီ လစဉ်ထိုးတယ်။ ထီဆုကြီးကြီး မပေါက်ပေမယ့် ၅သောင်း၊ တစ်သိန်း၊ တစ်သောင်း က လစဉ်လိုလို ပေါက်နေတယ်။ ကိုယ်ကပဲ ကံတွေကောင်းနေလို့လားပေါ့။ တချီလောက်တော့ သိန်း ၅၀၀၀၊ သိန်း ၁၀၀၀ တည့်တည့်တိုးလိုက်မှ အဆင်ပြေမယ်။ ဒီလအတွက် ဒီ ၁သောင်းဆု ၂ဆု ရလို့ ထီဆိုင်မှာ သွားထုတ်တယ်။ ထီအက္ခရာက (က)ကနေ (စ)လုံး အထိပဲ ပါတော့ လျှော့တာလားလို့ မေးကြည့်တယ်။ ထီဆိုင်က Digital စနစ်နဲ့ လုပ်မယ်လို့ ကြားတယ်။ အဲဒါကြောင့် လျှော့တာ ဖြစ်မယ်။ သူ့ဆီက သတင်းစကားရလာလို့ သတင်းမှန် ပြန်ကြားရေးကိုတောင် အောင်ဘာလေ Digital စနစ်နဲ့ လုပ်မယ့်အစီအစဉ်ကို မေးမြန်းခဲ့ပါသေးတယ်။ ပြန်လည်ဖြေကြားခြင်း မရှိခဲ့ပါဘူး။


ဒီကနေ့ (၈-၆-၂၀၂၃) ရက်နေ့မှ ကျွန်တော့်မေးခွန်းရဲ့ အဖြေက ရပါတယ်။ အောင်ဘာလေအွန်လိုင်းသိန်းဆုထီစနစ်စတင်ခြင်း ဖွင့်ပွဲအခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားခဲ့တဲ့ သတင်းကို နံနက်ပိုင်းကတည်းက ထုတ်ပြန်ပေးခဲ့ပါတယ်။


အောင်ဘာလေအွန်လိုင်းသိန်းဆုထီစနစ်စတင်ခြင်း ဖွင့်ပွဲအခမ်းအနားကို နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၂ ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က အမှာစကား ပြောကြားရာတွင် ယနေ့ဖွင့်ပွဲပြုလုပ်ပြီး စတင်ဆောင်ရွက်မည့် “အောင်ဘာလေ” အွန်လိုင်းသိန်းဆုထီစနစ် အကောင်အထည်ဖော်ရခြင်း၏ ရည်ရွယ်ချက်မှာ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာနက လက်ရှိကျင့်သုံးဆောင်ရွက်နေသည့် အောင်ဘာလေသိန်းဆုထီလက်မှတ်များကို ပုံနှိပ်ပြီး ရောင်းချသည့်စနစ်အပြင် ပြောင်းလဲတိုးတက်လာသည့်ခေတ်စနစ်နှင့် လိုက်လျောညီထွေမှုရှိစေပြီး ထီကံစမ်းလိုသူ မိဘပြည်သူများအနေဖြင့် သတ်မှတ်ဈေးနှုန်းများအတိုင်း အွန်လိုင်းမှလွယ်ကူစွာ ထီကံစမ်းနိုင်ရန်အတွက်ဖြစ်ပါကြောင်း၊ ယနေ့ အခမ်းအနားတွင် မြန်မာနိုင်ငံ၏ ပထမဦးဆုံးတရားဝင်အသုံးပြုတော့မည့် အောင်ဘာလေ အွန်လိုင်းသိန်းဆုထီစနစ် အက်ပလီကေးရှင်းကို စတင်မိတ်ဆက်မည်ဖြစ်ပါကြောင်း။


အောင်ဘာလေဆိုသည်နှင့်ပတ်သက်၍ ရှေးရှေးမြန်မာများသည် ဆောင်ရွက်ရန် အလွန်ခက်ခဲသည့် ကုသိုလ်ကောင်းမှုကိစ္စရပ်တစ်ခုခုကို အောင်မြင်စွာ ဆောင်ရွက်နိုင်သည့်အခါ “အောင်ဘာလေ”ဟု ကျူးရင့်သည့်အလေ့အထ စွဲမြဲလာခဲ့သည်ကို တွေ့ရပါကြောင်း၊ အလားတူ ရပ်ထဲရွာထဲတွင် မဟာဒုက်မဲ၊ စာရေးတံမဲ၊ ကံစမ်းမဲပေါက်ကြသူများ၏ နာမည်နှင့်တွဲပြီး “အောင်ဘာလေ”ဟု ကြေညာလေ့ရှိသည်ကို သိရပါကြောင်း၊ ခက်ခဲသည့် အလုပ်တစ်ခုခုပြီးဆုံးသည်ဖြစ်စေ၊ ကုသိုလ်ကောင်းမှုတစ်ခုခု အောင်မြင်သည်ဖြစ်စေ အောင်အတိတ်အောင်နိမိတ်ဆောင်သည့် တေးသီချင်းတစ်ပုဒ်ကို ပျော်ရွှင်ဝမ်းမြောက်စွာ ကျူးရင့်ဟစ်ကြွေးလေ့ရှိရာ အဆိုပါသီချင်းမှာ “အောင်ဘာလေသပြေပန်းနှင့် ရေချမ်းလောင်း” ဟူ၍ ဖြစ်သည်ဟု သိရှိရပါကြောင်း။


ခေတ်အဆက်ဆက်တွင် ပြည်သူလူထု၏ ဝယ်ယူကံစမ်းမှု မြင့်တက်လာသည်နှင့်အမျှ ထီလက်မှတ်ဈေးနှုန်းများကို အောင်ဘာလေထီ (၂) ကျပ်တန်ထီစနစ်မှ ကျပ် ၁၀၀၀ တန်ထီစနစ်အထိ တိုးမြှင့်လာခဲ့သကဲ့သို့ ချီးမြှင့်သည့်ထီဆုငွေပမာဏများ တိုးမြင့်လာခဲ့ပြီး ဆုမဲအရေအတွက်များကိုလည်း တိုးချဲ့ချီးမြှင့်ခဲ့သည်ကို တွေ့ရှိရပါကြောင်း၊ ကျပ် ၁၀၀၀ တန်ထီကို ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့က စတင်ရောင်းချခဲ့ပြီး အမြင့်ဆုံးဆုမဲ တန်ဖိုးငွေကျပ် သိန်းတစ်သောင်းခွဲ (သန်း ၁၅၀၀) အထိ ချီးမြှင့်ပေးခဲ့ပါကြောင်း။


ထို့ပြင် လက်ရှိရောင်းချလျက်ရှိသည့် အောင်ဘာလေသိန်းဆုထီလက်မှတ်စနစ်၏ အားနည်းချက်များအပေါ် ပြည်သူလူထုက ဝေဖန်မှုများရှိနေသည်ကိုသိရှိရပြီး အထူးသဖြင့် ထီလက်မှတ်ဈေးနှုန်းသည် သတ်မှတ်ဈေးနှုန်းထက် ထီဆိုင်များကဈေးကြီးပြီး ဝယ်ယူကံစမ်းရနေကြရခြင်းအပေါ် ဖြေရှင်းဆောင်ရွက်ပေးရန် တောင်းဆိုမှုများရှိသည်ကို တွေ့ရှိရပါကြောင်း။


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော်၏တာဝန်ကို စတင်ထမ်းဆောင်စဉ်ကတည်းက ရှေ့လုပ်ငန်းစဉ်(၅)ရပ်ကို နိုင်ငံတော်နှင့်ပြည်သူလူထု၏ အကျိုးကိုရှေးရှုပြီး ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ “ရှေ့သို့လှမ်းချီ ပန်းတိုင်ဆီ” ဆိုသည့်ဆောင်ပုဒ်နှင့်အညီ ပြည်သူ့အကျိုးပြုလုပ်ငန်းများ အောင်မြင်စေရေး စနစ်တကျစီမံဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့ပြင် တိုင်းပြည်သာယာဝပြောရေး၊ စားရေရိက္ခာဖူလုံရေး၊ ပြည်သူတို့ကျန်းမာပျော်ရွှင်ရေး၊ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေးတို့အတွက် ပြည်သူလူထုဗဟိုပြု ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ၌ အောင်ဘာလေအွန်လိုင်းထီစနစ် အကောင်အထည်ဖော် ဆောင်ရွက်ခြင်းသည်လည်း ပြည်သူများအတွက် ရည်ရွယ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါကြောင်း။


နိုင်ငံတော်အစိုးရအနေဖြင့်လည်း ပြည်သူများ စိတ်အပန်းဖြေပျော်ရွှင်စေရေး၊ တရားမဝင်လောင်းကစားလုပ်ငန်းများကို လျှော့ချတားဆီးကာကွယ်ပေးနိုင်ရေးအတွက် အောင်ဘာလေသိန်းဆုထီကို စနစ်တကျဖြင့် စဉ်ဆက်မပြတ် ပုံမှန်ဖွင့်လှစ် ဆောင်ရွက်ပေးလျက်ရှိပါကြေင်း၊ မိမိတို့အစိုးရလက်ထက်တွင် ထီဆုငွေကိုလည်း ပြည်သူပြည်သားများ၏အကျိုးကိုရှေးရှုပြီး ယခင်ကထီလက်မှတ်ရောင်းရငွေ၏ ၆၀ ရာခိုင်နှုန်းကို ခွဲဝေထုတ်ပေးနေရာမှ ၇၀ ရာခိုင်နှုန်းအထိတိုးမြှင့်ပြီး ဆုမဲခွဲဝေချီးမြှင့်ခဲ့ပါကြောင်း။


လက်ရှိအောင်ဘာလေ သိန်းဆုထီလက်မှတ်များကို ပုံနှိပ်ရောင်းချသည့်စနစ်အပြင် ပြောင်းလဲတိုးတက်လာသည့် ခေတ်စနစ်နှင့်အညီ လိုက်လျောညီထွေမှုရှိစေရန် ထီကံစမ်းသူမိဘပြည်သူများ သတ်မှတ်ဈေးနှုန်းဖြင့် လွယ်ကူစွာ ထီကံစမ်းနိုင်ရန်အတွက် အောင်ဘာလေအွန်လိုင်း သိန်းဆုထီစနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်ရန် စီစဉ်ခဲ့ခြင်း ဖြစ်ပါကြောင်း။


ပြည်သူများအနေဖြင့် မိမိတို့၏မိုဘိုင်းတယ်လီဖုန်းများကို အသုံးပြုပြီး အောင်ဘာလေသိန်းဆုထီကို အွန်လိုင်းထီအက်ပလီကေးရှင်းမှတစ်ဆင့် အချိန်မရွေး၊ နေရာမရွေး သတ်မှတ်ဈေးနှုန်းအတိုင်း လွယ်ကူအဆင်ပြေစွာ ကံစမ်းနိုင်ကြမည်ဖြစ်ပါကြောင်း၊ မိမိတို့ မြန်မာနိုင်ငံအနေဖြင့် အခြားနိုင်ငံများနည်းတူ အီလက်ထရောနစ်ထီစနစ်ကို အကောင်အထည် မဖော်နိုင်မီစပ်ကြားတွင် အွန်လိုင်းထီစနစ်ကို အကောင်အထည်ဖော်နိုင်ရေးအတွက် ယခင်အစိုးရများ လက်ထက်ကတည်းကပင် လွှတ်တော်၌ ဆွေးနွေးမှုများပြုလုပ်ခဲ့ကြသည်ကို တွေ့ရပါကြောင်း၊ သို့သော် ထီဥပဒေပြဋ္ဌာန်းထားမှုမရှိခြင်းနှင့် အကြောင်းအမျိုးမျိုးကြောင့် ဆောင်ရွက်နိုင်မှုမရှိခဲ့သည်ကို တွေ့ရှိရပါကြောင်း။


မိမိတို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီလက်ထက်တွင် လက်ရှိအောင်ဘာလေသိန်းဆုထီလက်မှတ်များကို ပုံနှိပ်ဖြန့်ဖြူးရောင်းချသည့် စနစ်အပြင် ပြည်သူလူထုအားလုံး အွန်လိုင်းမှတစ်ဆင့် လွယ်ကူစွာထီကံစမ်းနိုင်ရန် ရည်ရွယ်ချက်ဖြင့် အခုကဲ့သို့ အွန်လိုင်းထီစနစ်ကို စတင်လုပ်ဆောင်ရခြင်းဖြစ်ပါကြောင်း။


နိုင်ငံတကာတွင် ခေတ်မီဆန်းသစ်သည့် Digital နည်းပညာများဖြင့် လုပ်ကိုင်လာသည့်အချိန်တွင် မိမိတို့နိုင်ငံ၌လည်း အွန်လိုင်းထီစနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြင့် ထီကံစမ်းသူများ အလွယ်တကူစိတ်ကြိုက်နံပါတ်များ ရွေးချယ်ဝယ်ယူနိုင်မည်ဖြစ်ပြီး မြို့ပြနှင့်ကျေးလက်နေပြည်သူများအားလုံး အဆင်ပြေလွယ်ကူစွာ ထီကံစမ်းနိုင်ကြတော့မည် ဖြစ်ပါကြောင်း။


အောင်ဘာလေအွန်လိုင်းသိန်းဆုထီ အက်ပလီကေးရှင်းကိုအသုံးပြုပြီး ကံစမ်းသူများအနေဖြင့် ထီလက်မှတ်ဝယ်ယူခြင်း၊ ထီဖိုးငွေပေးချေခြင်းမှစပြီး ဆုငွေရယူခြင်းအဆင့်အထိ ရိုးရှင်းလွယ်ကူစွာ ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ ထီဖွင့်ပွဲကျင်းပချိန်တွင်လည်း ထီတိုက်ရန်မလိုဘဲ ကံထူးသူများ၏ မိုဘိုင်းတယ်လီဖုန်းများကို SMS ပေးပို့ အကြောင်းကြားလာမည်ဖြစ်ပြီး ထီဆုငွေထုတ်ယူရာတွင်လည်း မှန်ကန်လွယ်ကူစေရေးအတွက် ပမာဏနည်းသည့်ဆုကြေးငွေများကို အွန်လိုင်းမှလွှဲပြောင်းပေးခြင်း၊ ထီကံထူးသူများ၏ ဘဏ်ငွေစာရင်းအကောင့်သို့ပေးပို့ခြင်းများကို အီလက်ထရောနစ်နည်းလမ်းဖြင့် ဆောင်ရွက်သွားမည်ဟု သိရှိရပါကြောင်း။


ယနေ့ အောင်ဘာလေအွန်လိုင်းသိန်းဆုထီ အက်ပလီကေးရှင်းကို စတင်နိုင်ခြင်းသည် ဒီဂျစ်တယ်နည်းပညာနှင့် မိုဘိုင်းငွေပေးချေမှုစနစ်များအသုံးပြုပြီး လွယ်ကူစွာထီကံစမ်းနိုင်သည့် Digital Lottery Platform စနစ်သစ်ကို စတင်မိတ်ဆက်အသုံးပြုနိုင်ခြင်းပင် ဖြစ်ပါကြောင်း၊ အကျိုးဆက်အဖြစ် အနာဂတ်တွင် နိုင်ငံတော်အခွန်ဘဏ္ဍာရရှိမှုတိုးတက်စေရေး၊ နိုင်ငံတော်၏ ဒီဂျစ်တယ်စီးပွားရေး အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်စေရေး၊ ငွေသားကိုင်တွယ်သုံးစွဲမှု လျော့ချစေရေး (Cashless Society) အစရှိသည့် ကောင်းကျိုးများစွာတို့အတွက် အထောက်အပံ့ဖြစ်စေနိုင်မည် ဖြစ်ပါကြောင်း။


အောင်ဘာလေ အွန်လိုင်းသိန်းဆုထီစနစ်အတွက် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၏ ဦးဆောင်မှုနှင့်အတူ သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ဦးစီးဌာနများနှင့် Telecom International Myanmar Co., Ltd တို့က ပူးပေါင်းပါဝင် ကြိုးပမ်းအားထုတ် အကောင်အထည်ဖော် ဆောင်ရွက်ထားသည်ကို တွေ့ရှိရပါကြောင်း၊ ယနေ့သည်လည်း Telecom International Myanmar Co., Ltd (Mytel) ၏ စတင် Launching Ceremony ဆောင်ရွက်ခဲ့သည့် (၅) နှစ်ပြည့် ရက်နှင့်တိုက်ဆိုင်နေသည့်အတွက်လည်း ဖြတ်သန်းလာခဲ့သည့် (၅)နှစ်တာကာလအတွင်း အောင်မြင်မှုများကိုလည်း အသိအမှတ်ပြုသည်ကို ပြောကြားလိုပါကြောင်း၊ စနစ်သစ်တစ်ခုကို ပြောင်းလဲဖော်ဆောင်ရာတွင် နိုင်ငံတော်ကိုကိုယ်စားပြု ဆောင်ရွက်ရသည့်အတွက် အလွန်တာဝန်ကြီးမားလှပါကြောင်း၊ နိုင်ငံတော်အတွက် အသစ်စတင်မိတ်ဆက်နိုင်ခဲ့သည့် ပြည်သူ့အကျိုးပြုလုပ်ငန်းတစ်ရပ်ဖြစ်သည့် အောင်ဘာလေအွန်လိုင်း သိန်းဆုထီစနစ်ကို တစ်ဆင့်ပြီးတစ်ဆင့် တိုးတက်အောင်မြင်အောင် အားလုံးဝိုင်းဝန်းကြိုးပမ်း ပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းလိုပါကြောင်းဖြင့်ပြောကြားခဲ့ပါတယ်။


အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ မြန်မာစီးပွားရေးကော်ပိုရေးရှင်းဥက္ကဋ္ဌ၊ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနကိုယ်စား Viettel Group မှတာဝန်ရှိသူများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ ဖိတ်ကြားထားသည့်ဧည့်သည်တော်များ၊ အနုပညာရှင်များနှင့်တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါတယ်။


အခမ်းအနားမှာ အောင်ဘာလေအွန်လိုင်း သိန်းဆုထီစနစ်နှင့်ပတ်သက်၍ Mytel မှ ပြင်ပဆက်ဆံရေး အရာရှိချုပ် ဒေါက်တာနီလာအေး အောင်ဘာလေအွန်လိုင်း သိန်းဆုထီစနစ် Mobile Application Download မှသည် သိန်းဆုထီများထုတ်ယူပုံအထိ မည်သို့မည်ပုံဆောင်ရွက်သွားရမည့် Procedure နှင့်အားသာချက်များကို တစ်ဆင့်ခြင်းရှင်းလင်းတင်ပြခဲ့တယ်လို့ သိရသပါတယ်။


ဒီစနစ်ဟာဆိုရင် အားလုံးလွယ်ကူစွာ Mobile Application ကို Download ယူထားပြီး မိမိကြိုက်နှစ်သက်ရာ ဒက္ခရာနဲ့ နံပါတ်ရွေးချယ်ပြီး ကံစမ်းနိုင်မှာ ဖြစ်တဲ့အတွက် ပြည်သူလူထုကြားထဲမှာ တွင်ကျယ်လာမယ့် စနစ်တစ်ခု ဖြစ်ပါတယ်။ ဒါကို လွယ်လင့်တကူ download ရယူနိုင်ဖို့နဲ့ ကျွမ်းကျင်စွာ အသုံးပြုတတ်သူများက မကျွမ်းကျင်သူများကို ကူညီဆောင်ရွက်ပေးခြင်းဖြင့် ပိုမိုကျယ်ပြန့်လာမှာ ဖြစ်ပါတယ်။


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရအနေနဲ့ ပြည်သူလူထုကြားမှာ လိုအပ်ချက်ဖြစ်ပေါ်နေတဲ့ အခန်းကဏ္ဍများကို ကြိုးစားဖြည့်ဆည်းပေးနေတာကို တွေ့မြင်ရပါတယ်။ ပြည်သူများကလည်း ပြည်ပကို ထွက်ပြေးတိမ်းရှောင်ပြီး အတုအယောင်တွေ ဖန်တီးကာ ပြည်သူလူထုရဲ့ အကျိုးစီးပွားကို မငဲ့ကွက်ဘဲ လှည့်စားနေသူတွေ နောက်ကို လိုက်မိခြင်းကြောင့် မိမိတို့ရဲ့ အသက်အိုးအိမ်စည်းစိမ်တွေပါ ပျက်စီးဆုံးရှုံးသည်အထိ ဖြစ်ခဲ့ရတာကို နားလည်သဘောပေါက်သင့်ပါပြီ။


ထီထိုး(ကံစမ်း)ချင်တယ်ဆိုရင် အောင်ဘာလေ ထီကိုထိုး။ အကြမ်းဖက်အားပေး နွေဦးထီကို သွားထိုးမိခြင်းကြောင့် ကိုယ့်ပြည်သူအချင်းချင်း သတ်ဖြတ်ဖို့ အားပေးရာ ရောက်တယ်ဆိုတာကိုလည်းသိကြပါ။ အောင်ဘာလေ ထီထိုးဖို့ ထီဆိုင်ကို သွားထိုးမှသာ မဟုတ်တော့ဘူး။ မိမိဖုန်းထဲမှာ အောင်ဘာလေ မိုဘိုင်းအပလီကေးရှင်းလေး ထည့်ထားမယ်။ mobile ငွေပေးချေစနစ်လည်း ရှိထားမယ်ဆိုရင် လွယ်လင့်တူ ထီထိုးလို့ရပြီ။ ထီလက်မှတ် အဟောင်းတွေနဲ့ ပုံမှားရိုက်ပြီးရောင်းတာ၊ ထီလက်မှတ် ဈေးပိုပေးရတာ အစရှိတဲ့ နစ်နာမှုတွေလည်း လျော့ပါးသွားမှာဖြစ်တဲ့အတွက် အောင်ဘာလေအွန်လိုင်း ထီစနစ်က တွင်ကျယ်လာမှာ ဖြစ်ပါတယ်။


နောင်တော်လေး (ဘိုကလေး)

#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)