မိတ္ထီလာမြို့နယ် ကံလှကျေးရွာအနီး မွေးမြူရေးဇုန် တည်ထောင်မည် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိတ္ထီလာမြို့နယ် ကံလှကျေးရွာအနီး မွေးမြူရေးဇုန် တည်ထောင်မည်


MNP ၊ ဇွန် ၁၈

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် တာဝန်ရှိသူများနှင့်အတူ ဇွန် ၁၆ ရက်က မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ် ကံလှကျေးရွာအနီး မွေးမြူရေးဇုန် တည်ထောင်မည့် မြေနေရာကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်

ဒုတိယဝန်ကြီးက မွေးမြူရေးဇုန် တည်ထောင်မည့်နေရာတွင် ရေရရှိရေး၊ တိရစ္ဆာန်အစာပင် စိုက်ပျိုးနိုင်မှုနှင့် ခြံလှောင်စနစ်ဖြင့် မွေးမြူနိုင်ရေးအတွက် လိုအပ်သည့် စီမံဆောင်ရွက်မှုများ၊ တစ်အုပ်တစ်မ မွေးမြူခြင်းမှ စီးပွားဖြစ်မွေးမြူထုတ်လုပ်ခြင်းအထိ မျှော်မှန်းပြီး စနစ်တကျဖြစ်စေရေးအတွက် သက်ဆိုင်ရာဌာနများ ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေးမှာကြားသည်။

ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မွေးမြူရေးအသုံးချသုတေသနနှင့် မျိုးထိန်းမျိုးပွားခြံ (သဖန်းခြံ)၏ ဒေသမျိုးဆိတ်များနှင့် နိုင်ငံခြားမျိုးဆိတ်များ မျိုးထိန်းခြင်း၊ မျိုးပွားခြင်းလုပ်ငန်း ဆောင်ရွက်နေမှု များကို ကြည့်ရှုစစ်ဆေးကြရာ မွေးမြူ ရေးနှင့် ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲထွန်းဝင်းနှင့် တာဝန်ရှိသူများက ဆိတ်မျိုးသစ် ထုတ်လုပ်ဖြန့်ဖြူးခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို ရှင်းလင်းတင်ပြကြသည်။

တင်ပြချက်များအပေါ် ဒုတိယဝန်ကြီးက တိရစ္ဆာန်မျိုးကောင်း မျိုးသန့်များ ပွားများဖြန့်ဖြူးခြင်းလုပ်ငန်းနှင့်အတူ အစာကျွေးမွေးမှုစနစ်၊ တိရစ္ဆာန်ကူးစက်ရောဂါကာကွယ်ရေးနှင့် ကျန်းမာရေးစောင့် ရှောက်မှုဆိုင်ရာနည်းပညာ အသိပညာပေးလုပ်ငန်းများကို တစ်ပါတည်း ဆောင်ရွက်ရန် ဆွေးနွေးမှာကြားပြီး ဘိုဝါဆိတ်ခြံ၊ ထိန်စမ်းဆိတ်ခြံနှင့်သိုးခြံများ ရေရရှိရေးအတွက် တည်ဆောက်ပြီး ရေကန်များ၊ ထပ်မံတည်ဆောက်မည့် ကန်အမှတ်(၃) မြေနေရာနှင့် ဆိုလာစနစ်ဖြင့် နေဗီယာမြက်စိုက်ပျိုးထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ယင်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မိတ္ထီလာမြို့နယ် ထမုန်ကန်အုပ်စု ညောင်ပင်သာ ကျေးရွာရှိ ကောင်းထက်စံ နို့စားနွားမွေးမြူရေးခြံတွင် မွေးမြူရေးတောင်သူများနှင့်တွေ့ဆုံ၍ နို့စားနွားမွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တစ်ပိုင်တစ်နိုင် ယူနစ်အလိုက် မွေးမြူရေးဆောင်ရွက်ခြင်း စီမံချက်များ အကောင်အထည်ဖော်ဆောင်ရွက်ရန်၊ အစားအစာ ဘေးကင်းလုံခြုံရေးအလေးထား ဆောင်ရွက်ရန်၊ သဘာဝအရင်းအမြစ်များကို ရေရှည် ထိန်းသိမ်းပြီး ဒေသတွင်းကူးစက်ရောဂါများကို စဉ်ဆက်မပြတ် စောင့်ကြည့်၍ ကြိုတင်ကာကွယ်ရန်တို့ကို ဆွေးနွေးမှာကြားပြီး နို့စားနွားများ မွေးမြူထားရှိမှုကို ကြည့်ရှုအားပေးသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးသည် မိတ္ထီလာမြို့ ခရိုင်စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် မန္တလေးတိုင်းဒေသကြီး၊ ခရိုင်နှင့် မြို့နယ်တာဝန်ခံများနှင့်တွေ့ဆုံ၍ စိုက်ပျိုးစွမ်းအား မြင့်မားလာစေရေးအတွက် စီမံဆောင်ရွက်ရန်လိုအပ်ချက်များကို ဆွေးနွေးမှာကြားသည်။

ညနေပိုင်းတွင် ဒုတိယဝန်ကြီးသည် မိတ္ထီလာမြို့ စက်မှုလယ်ယာဗဟိုသင်တန်းကျောင်း၏ လယ်ယာသုံးစက်ကိရိယာ ကျွမ်းကျင်မှုသင်တန်းများနှင့် လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု (အထူး)သင်တန်းများဖွင့်လှစ်၍ လေ့ကျင့်သင်ကြားပေးနေမှုကို ကြည့်ရှုအားပေးသည်။

ပြည်သူများ အသားစားသုံးမှုတိုးတက်ပြီး အာဟာရပြည့်ဝ၍ ကျန်းမာပျော်ရွှင်စွာ ရှင်သန်နိုင်ရေးနှင့် မွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်ငန်းများ အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးလာရေးအတွက် တိုင်းဒေသကြီး ပြည်နယ်အသီးသီးတွင် မွေးမြူရေးဇုန်များ တည်ထောင်ပေးနိုင်ရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့်ဒေသဆိုင်ရာ အစိုးရအဖွဲ့များက ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


#MyanmarNationalPost 

#မွေးမြူရေးဇုန် #မိတ္ထီလာ #ကံလှ

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)