တိုင်းဒေသကြီးအတွင်း အခြေခံစားကုန်ပစ္စည်းများ တိုးမြှင့်ထုတ်လုပ်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တိုင်းဒေသကြီးအတွင်း အခြေခံစားကုန်ပစ္စည်းများ တိုးမြှင့်ထုတ်လုပ်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ



MNP ၊ ဇွန် ၁၅

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ ဇွန်လ(၁၃)ရက်နေ့၊ မွန်းလွဲပိုင်းက တိုင်းဒေသကြီးအတွင်း အခြေခံစားကုန်ပစ္စည်းများ တိုးမြှင့်ထုတ်လုပ်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ဒေသတွင်း အခြေခံစားကုန်ပစ္စည်းများ သင့်တင့်သောဈေးနှုန်းများဖြင့် ရောင်းဝယ်နိုင်ရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုများ တိုးမြှင့်ဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ အဓိကအားဖြင့် ဒေသတွင်း စားရေရိက္ခာဖူလုံပိုလျှံနိုင်ရေး စိုက်ပျိုးသီးနှံအလိုက် ပန်းတိုင်အထွက်နှုန်း ရရှိနိုင်ရေးသည် အရေးကြီးကြောင်း၊ မြို့နယ်အလိုက် အခြေခံလူတန်းစားများ ကုန်ဈေးနှုန်းကြီးမြှင့်မှု သက်သာနိုင်စေရေး ကိုယ်တိုင်စိုက်ပျိုးမွေးမြူထုတ်လုပ်သူများ တိုက်ရိုက်ရောင်းချနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသွားရမှာဖြစ်ကြောင်း၊ စီးပွားရေးကုန်သည်များအနေဖြင့် အခြေခံစားကုန်များဖြစ်သည့် ဆန်၊ ဆီနှင့် ဆေးဝါးများ သိုလှောင်မှုမရှိစေရေး ကြီးကြပ်စစ်ဆေးဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ဈေးကွက်အတွင်း အခြေခံစားကုန်များအလိုက် ရည်ညွှန်းဈေးနှုန်း သတ်မှတ်ဆောင်ရွက်ရန်နှင့် အချိန်အတွယ် မှန်ကန်မှုရှိစေရေး ကြီးကြပ် ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ အသားဈေးနှုန်း တည်ငြိမ်မှုရှိစေရေး တိုင်းဒေသကြီးအတွင်း ကျွဲ/နွား သယ်ဆောင်မှု ခွင့်ပြုထားခြင်းမရှိ၍ ကျွဲ/နွား မှောင်ခိုသယ်ဆောင်မှုများအား အရေးယူ ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ တိုင်းဒေသကြီးအတွင်း အခြေခံစားကုန်များ လက်လီအဆင့်ဆင့် ပြန်လည်ရောင်းချမှုလျော့ချနိုင်မှသာ ဈေးနှုန်းသက်သာနိုင်မည်ဖြစ်၍ သက်ဆိုင်ရာ ကုန်စည်ဒိုင်များနှင့် ချိတ်ဆက်ကာ မြို့နယ်များအရောက် မီးရထားဖြင့် သယ်ယူပို့ဆောင်နိုင်ရေး စီစဉ်ဆောင်ရွက်ပေးသွားရမှာဖြစ်ကြောင်း၊ မြို့နယ်များအလိုက် စားဖိုဆောင်သီးနှံ တိုးချဲ့စိုက်ပျိုးနိုင်ရေးနှင့် ကုန်ထုတ်လမ်းများ ကောင်းမွန်မှုရှိစေရေး ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း၊ တိုင်းဒေသကြီးအတွင်း အခြေခံစားကုန်ပစ္စည်းများ တိုးမြှင့်ထုတ်လုပ်ရေးနှင့် ဒေသတွင်း ကုန်ဈေးနှုန်းကြီးမြင့်မှု လျှော့ချနိုင်ရေး ဆန်စက်လုပ်ငန်းရှင်များ၊ ဆီစက်လုပ်ငန်းရှင်များ၊ ငါးလုပ်ငန်းရှင်အသင်းချုပ်နှင့် သက်ဆိုင်ရာကုန်စည်ဒိုင်များအား တိုက်ရိုက်ချိတ်ဆက်ကြီးကြပ်မည့် တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် လုပ်ငန်းကြီးကြပ်မှု ကော်မတီ (၁) ခုအား ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း၊ သားသတ်လိုင်စင်(စီ) လုပ်ငန်းရှင်များ အနေဖြင့် သား/ငါးများ ထိုက်သင့်သည့် ဈေးနှုန်းဖြင့် ရောင်းချနိုင်ရေးနှင့် ဒေသထွက်ကုန်များ ဈေးနှုန်းသက်သာစွာ ဝယ်ယူနိုင်ရေး ပွင့်ပွင့်လင်းလင်း အကြံပြုတင်ပြ ပေးစေလိုကြောင်း ပြောကြားခဲ့သည်။

ထို့နောက် အစိုးရအဖွဲ့ဝင်ဝန်ကြီးများက အခြေခံစားကုန်ပစ္စည်းများ တိုးမြှင့်ထုတ်လုပ်ရေးနှင့် ဒေသတွင်း ကုန်ဈေးနှုန်းကြီးမြင့်မှုလျှော့ချနိုင်ရေး ဝိုင်းဝန်းအကြံပြုတင်ပြခဲ့ကြရာ၊ တိုင်းဒေသကြီး အဆင့် ဌာနဆိုင်ရာများက သက်ဆိုင်ရာကဏ္ဍအလိုက် အပြန်အလှန် ဆွေးနွေးတင်ပြခဲ့ကြသည်။

ယင်းနောက် Online Zoom Meeting ဖြင့် တက်ရောက်လာသည့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌများက မြို့နယ်အလိုက် အခြေခံစားကုန်ပစ္စည်းများ တိုးမြှင့်ထုတ်လုပ်ရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ နှစ်အလိုက် တိုးချဲ့ဆောင်ရွက်သွားမည့် အစီအမံများအား အသီးသီး တင်ပြဆွေးနွေးခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်လမ်းညွှန်မှာကြား ခဲ့ကြောင်း သိရသည်။


သက်ဖြိုးကြိုင် 

#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)