တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဒေသတွင်း မွေးမြူရေးကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဒေသတွင်း မွေးမြူရေးကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းကြည့်ရှုစစ်ဆေး




MNP ၊    ဇွန်   ၁၆

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဇွန်လ(၁၄)ရက်နေ့၊ နံနက်ပိုင်းက အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ လိုက်ပါလျက် ဒေသတွင်း မွေးမြူရေး ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။


ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပဲခူးမြို့၊ သာယာအေးကျေးရွာရှိ ဦးတင်ဦး၏ အသားတိုးဝက်(DYL) အကောင်ရေ(၂၁၀၀) မွေးမြူထားရှိမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ကျေးလက်နေပြည်သူ များနှင့် အကျိုးတူပူးပေါင်း၍ ကျယ်ကျယ်ပြန့်ပြန့် မွေးမြူနိုင်ရေး ဆောင်ရွက်ရန်၊ ပဲခူးမြို့နယ်တွင် မွေးမြူရေးဇုန်တစ်ခု ဖော်ထုတ်မည်ဖြစ်၍ မွေးမြူရေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများရှိပြီး တိရိစ္ဆာန်အစာအား ဒေသထွက် ကုန်ကြမ်းပစ္စည်းများကို အခြေခံပြီး ကိုယ်တိုင်ထုတ်လုပ်နိုင်ရေး ဆောင်ရွက်ပေးရန်နှင့် ကူးစက်ရောဂါ ကျရောက်မှုမရှိစေရေး ပံ့ပိုးကူညီဆောင်ရွက်ပေးရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။


ထို့နောက်တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကဝမြို့နယ်၊ ဇွဲဘာကျေးရွာသို့ ရောက်ရှိခဲ့ပြီး နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် မိုးစပါး(ဆင်းသုခ) Drum Seeder ဖြင့် အစေ့ချ စိုက်ပျိုးနေမှုအား ကြည့်ရှုအားပေးခဲ့ပြီး ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် ပျိုးထောင် စိုက်ပျိုးခြင်းနှင့် အစေ့ချစိုက်ပျိုးနည်းစနစ်များ တွယ်တွယ်ကျယ်ကျယ် သုံးစွဲစိုက်ပျိုးနိုင်ရေး စီစဉ်ဆောင်ရွက်ပေးရန်နှင့် ဒေသကြက်အား စီးပွားဖြစ်ခြံလှောင်မွေးမြူနိုင်ရေး ဆောင်ရွက်ရန် တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။ ၎င်းနောက် ဒေါ်အေးမြင့်ဇံ၏ ဥစားဘဲ(ကာကီကင်း)ကောင်ရေ (၂၀၀၀၀) မွေးမြူထားသည့် ဘဲခြံသို့ သွားရောက်ကြည့်ရှုခဲ့ပြီး ဒေသတွင်း ဥစားသုံးမှု ဖူလုံပိုလျှံမှုရှိစေရေး၊ မွေးမြူသူကိုယ်တိုင် စားသုံးသူထံ တိုက်ရိုက် ရောင်းချနိုင်ရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။


ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကဝမြို့နယ်၊ အ.ထ.က(အုန်းနှဲ)၌ ဖွင့်လှစ်ထားသည့် စက်မှု၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးအထက်တန်းကျောင်း၌ ကျောင်းသား/သူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနေမှုများအား ကြည့်ရှုအားပေးခဲ့ပြီး သင်ထောက်ကူ ပစ္စည်းများ ပြည့်စုံလုံလောက်မှုရှိစေရေး၊ ကျောင်းဝန်းကျင် အရိပ်ရသစ်ပင်များ စိုက်ပျိုးနိုင်ရေး လမ်းညွှန်မှာကြားခဲ့ပြီး ဆရာ/ဆရာမများအတွက် ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။ ၎င်းနောက် သင်ကြားရေးဆရာ/ဆရာမများနှင့် တွေ့ဆုံခဲ့ပြီး ကျောင်းသား/သူများ နေထိုင်နိုင်ရေး အဆောက်အဦ ပြင်ဆင်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လျှပ်စစ်မီးရရှိရေး၊ သောက်သုံး ရေရရှိရေးနှင့် သီးခြားလိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။


ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သနပ်ပင်မြို့နယ်၊ အနီးကိုက်ကျေးရွာရှိ ရွှေဆန်းကြယ်ကုမ္ပဏီ၏ ငါးမြစ်ချင်း၊ ငါးမုတ်၊ ငါးတန်၊ ငါးကြင်းများ မွေးမြူထားရှိနေမှုနှင့် ဥစားကြက်မွေးမြူထားရှိမှုတို့အား ကြည့်ရှုအားပေးခဲ့ပြီး ငါးနှင့်ကြက်ဥသည် အခြေခံ စားသုံးကုန်တွင် အဓိကပါဝင်လျက်ရှိပြီး တိုးချဲ့မွေးမြူနိုင်ရေးနှင့် တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များသို့ တိုက်ရိုက်ရောင်းချနိုင်ရေး သက်ဆိုင်ရာ ကုန်စည်ဒိုင်များနှင့် ချိတ်ဆက် ဆောင်ရွက်ပေးခဲ့သည်။ ၎င်းနောက် သနပ်ပင်မြို့ငါးလုပ်ငန်းဦးစီးဌာနသို့ ရောက်ရှိခဲ့ပြီး တောင်ပေါ်ငါးသလောက် သားဖောက်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ဒေသတွင်း ငါးမျိုးပြုန်းတီးမှုမရှိစေရေး နှစ်စဉ်ငါးမျိုးစိုက်ထည့်ခြင်းများအပြင် သဘာဝငါးမျိုး သားဖောက်ခြင်းနှင့် မွေးမြူရေးဆိုင်ရာ အသိပညာပေးသင်တန်းများ ဖွင့်လှစ်သင်ကြားရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ကြောင်း  သတင်းရရှိသည်။


သက်ဖြိုးကြိုင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)