MNP ၊ ဇွန် ၈
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်၌ ယမန်နေ့ ညနေ ၄ နာရီ ၂၃ မိနစ်ခန့်တွင် မြေငလျင်လှုပ်ခတ်မှု ဖြစ်ပွားခဲ့ရာ အမှတ် (၃)ရပ်ကွက် ရွှေဘုန်းမြင့်စေတီတော်မြတ်ကြီး၏ ထီးတော် စောင်းသွားခဲ့ပြီး ငလျင်လှုပ်ခတ်မှုကြောင့် ဘုရားအနီးရှိ မိုးကုတ်ဝိပဿနာတရားစခန်းမှ သီလရှင် ဒေါ်ဝိမာလနှင့် အမှတ်(၂)ရပ်ကွက်ရှိ ဓမ္မာရုံကျောင်းလမ်းနေ ယောဂီဒေါ်ရီရီတင့်တို့သည် ဆန်းရှိတ်နှင့် ကျောက်ထုတ်ပြိုကျရာမှပိ၍ အခင်းဖြစ်ရာနေရာတွင် သေဆုံးခဲ့ရသည်။
ဆက်လက်၍ မအူပင်မြို့ အိုင်ဝိုင်းကျေးရွာအုပ်စု၊ အိုင်ဝိုင်းကျေးရွာရှိ မအူပင်တက္ကသိုလ်တွင် ငလျင် လှုပ်ခတ်မှုကြောင့် ဘွဲ့နှင်းသဘင်ဆောင်ရှိ နံရံများပြိုကျပြီး နံရံအချို့ကွဲအက်ခြင်း၊ ဝန်ထမ်းအိမ်ယာနှင့် ရေဆင်းမြောင်းနိမ့်ကျမှုများဖြစ်ပေါ်ခဲ့သဖြင့် ဆရာ/ဆရာမများနှင့် ဝန်ထမ်း (၂၀၀)ဦး၊ ကျောင်းသား (၄၀)ဦး၊ ကျောင်းသူ (၁၃၀)ဦးတို့အား အားကစားခန်းမနှင့် စားရိပ်သာ(၂)ဆောင်တွင် ပြောင်းရွှေ့ထားရှိခဲ့ သည်။ ထပ်မံ၍ အမှတ်(၁)ရပ်ကွက်ရှိ စိမ်းမြကန်သာဘုရား လှိုင်စေတီတွင် လှိုင်ပေါ်ရှိ စေတီအောက်ခြေ၌ (၄)ပေခန့် အက်ကြောင်းများဖြစ်ပွားခဲ့သည်။ ၄င်းနောက် ညနေ ၅ နာရီ ၂ မိနစ်အချိန်တွင် ငလျင်ထပ်မံလှုပ်ခတ် ခဲ့မှုကြောင့် ရွှေဘုန်းမြင့်စေတီတော်မြတ်ကြီး၏ စိန်ဖူးတော်မြေခခဲ့ရကြောင်း သိရသည်။
အဆိုပါ ငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် နေရာများသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဉီးညီညီထွေးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဉက္ကဋ္ဌ ဦးတိုးတိုးဝင်းနှင့် အဖွဲ့ဝင်များ၊ မီးသတ် တပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာဌာနဆိုင်ရာများမှ လိုက်လံကြည့်ရှု၍ လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment