MNP ၊ ဇွန် ၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့နယ်ရှိ ဒေသခံတိုင်းရင်းသားများသည် ဂေါ်ဖီထုပ်၊ မုန်ညှင်း၊ မုန်လာဥ၊ ဂန္ဓမာပန်း၊ မေမြို့ပန်း၊ ပြောင်း၊ နှမ်း စသည့်စိုက်ပျိုးရေးလုပ်ငန်းများနှင့် ကျွဲ၊ နွား၊ ဆိတ်၊ ဝက်စသည့် မွေးမြူရေးလုပ်ငန်းများကို မိမိတို့အားသန်ရာအလိုက် အဓိကထားလုပ်ကိုင်၍ အသက်မွေးဝမ်းကျောင်းပြုကြပြီး တန့်ဆိုင်ကျေးရွာတွင် စိုက်ပျိုးရေးမှိုစိုက်ပျိုးရောင်းချသူများ မိသားစုအပိုဝင်ငွေရရှိကာ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
စိုက်ပျိုးရေးမှိုများကို မုန်ညှင်း၊ ကန်စွန်းရွက်၊ ငရုတ်သီးစိမ်း၊ ကြက်သွန်ဖြူ၊ ခရုဆီ၊ တို့ဖြင့် မိမိတို့ကြိုက်နှစ်သက်သည့် ချက်ပြုတ်နည်းများဖြင့် ပုံစံအမျိုးမျိုးချက်ပြုတ်စားသောက်နိုင်ပြီး တန့်ဆိုင်ကျေးရွာမှ စိုက်ပျိုးရေးမှိုများသည် အရသာကောင်းမွန်ခြင်းကြောင့် ဒေသခံတိုင်းရင်းသားအများစုက ဝယ်ယူစားသုံးကြပြီး စိုက်ပျိုးရေးမှို (၁၀)သားလျှင်(၂၀၀၀)ကျပ်၊ (၂၀)သားလျှင်(၃၅၀၀)ကျပ်ခန့်ရောင်းချရပြီး ရောင်းအားကောင်းခြင်းကြောင့် အလျင်မှီအောင် စိုက်ပျိုးထားရကြောင်း မှိုစိုက်ပျိုးသူ ဦးသာဝထံမှ သိရသည်။
စိုက်ပျိုးရေးမှိုစိုက်ပျိုးရာတွင် တစ်ဦးနှင့်တစ်ဦး နည်းစနစ်များမတူကြဘဲ တန့်ဆိုင်ကျေးရွာတွင် စိုက်ပျိုးသည့် စိုက်ပျိုးရေးမှိုနည်းစနစ်မှာ နွေရာသီတွင်မြေကျင်းကို(၃)လက်မခန့်တူး၍ ဂျက်စက္ကူများကို ရေစိမ်ကာဆုပ်ဖြဲပြီး မြေကျင်းအတွင်းဖြန့်ခင်းပေးရကြောင်း၊ နွားချေး၊ မြေဆွေးထည့်ပြီး မှိုမျိုးများကိုနေရာ အနှံ့ဖြူးပေးရကြောင်း၊ ထပ်မံ၍ မှိုမျိုးများအပေါ်မှ နွားချေး၊ ဖွဲနုများဖုံးအုပ်ပြီး ရေဖြန်းပေးရကြောင်း၊ ရေဖြန်းပြီးပါက ဝါးဖြင့်ဂုန်းတန်းများပြုလုပ်ပေးပြီး ပလပ်စတစ်များအုပ်မိုးပေးရကြောင်း၊ အုပ်မိုးထားသည့် ပလပ်စတစ်အောက်ခြေအား တစ်ထွာပတ်လည် အပေါက်ဖောက်ပေးရကြောင်း၊ ၎င်းအပေါက်များကို ကောက်ရိုး(သို့မဟုတ်) သက်ကယ်တို့ဖြင့် ခပ်ပါးပါးကာပေးရပြီး (၄/၅)ရက်ခန့်အကြာတွင် ခူးဆွတ်ရောင်းချနိုင်သည့် မှိုငုံအဆင့်သို့ ရရှိပြီဖြစ်ကြောင်း စိုက်ပျိုးရေးမှိုစိုက်ပျိုးသူ ဦးသာဝက ရှင်းပြခဲ့သည်။
မြင့်မောင်
https://t.me/MyanmarNationalPost
No comments:
Post a Comment