Pages

Pages

သထုံမြို့၊ သုဝဏ္ဏဘူမိပရိယတ္တိသာသနဟိတအသင်းကြီး၏ ပထမအကြိမ် ငွေပင်ငွေရင်းအလှူ‌ငွေပေးအပ်ပွဲ အခမ်းအနား ကျင်းပ






MNP ၊    ဇွန်   ၉

မွန်ပြည်နယ်၊ သထုံမြို့၌ ပိဋကတ္တရပါဂူဘွဲ့ စာမေးပွဲများကို နှစ်စဉ်ဦးဆောင်ကျင်းပပေးမြဲဖြစ်သည့် သုဝဏ္ဏဘူမိပရိယတ္တိသာသနဟိတအသင်းကြီး၏ သာသနာပြုလုပ်ငန်းများအတွက် (ပထမအကြိမ်) ငွေပင်ငွေရင်း အထူးငွေပဒေသာပင်အလှူ‌ငွေပေးအပ်ပွဲ အခမ်းအနားကို ယနေ့၊ နေ့လည် ၁၂ နာရီအချိန်ခန့်က မြသပိတ်တောင်ခြေ၊ သဒ္ဓမ္မဇောတိကာရာမကျောင်းတိုက်အတွင်းရှိ ပရိယတ္တိသာသနဟိတအသင်းကြီး ဘွဲ့နှင်းဓမ္မာရုံတွင် ကျင်းပပြုလုပ်သည်။


ရှေးဦးစွာ ကြွရောက်တော်မူလာကြသည့် ဆရာတော်များနှင့် ဧည့်ပရိတ်သတ်အပေါင်းတို့က နမောတဿ သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားအား ဖွင့်လှစ်ပေးခဲ့ကြပြီး အသင်ကြီးနာယက၊ သဒ္ဓမ္မဇောတိကာရာမကျောင်းတိုက်ကြီး၏ ဦးစီးပဓာနနာယက၊ အဂ္ဂမဟာပဏ္ဍိတ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်၊ ပိဋကတ္တရပါရဂူ ဘဒ္ဒန္တသုမနာဘိဝံသထံမှ ဧည့်ပရိတ်သတ်များက သီလခံယူဆောက်တည်ကြပြီး အသင်ကြီး၏ အတွင်းရေးမှူး ဦးစိုးနောင်ဦးက သုဝဏ္ဏဘူမိပရိယတ္တိသာသနဟိတအသင်းကြီး၏ သာသနာရေးဆိုင်ရာ ဆောင်ရွက်ချက်များနှင့် ငွေပင်ငွေရင်း အလှူငွေပေးအပ်ပွဲပြုလုပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။


ယင်းနောက် ဆရာတော်သံဃာတော်များနှင့် အလှူရှင်တို့က သုဝဏ္ဏဘူမိပရိယတ္တိသာသနဟိတအသင်းကြီး၏ သာသနာပြုလုပ်ငန်းများအတွက် ငွေပင်ငွေရင်း အထူးငွေပဒေသာပင်များကို ပေးအပ်လှူဒါန်းကြရာ အသင်းဥက္ကဋ္ဌ ဦးတင်မြင့်နှင့် တာဝန်ရှိသူတို့က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကာ လှူဒါန်းမှုတို့အတွက် ရေစက်သွန်ချအမျှပေးဝေ ခဲ့ကြသည်။


သုဝဏ္ဏဘူမိပရိယတ္တိသာသနဟိတအသင်းကြီးကို ၁၉၂၂ ခုနှစ်မှ စတင်တည်ထောင်ခဲ့ပြီး ပိဋကတ်သုံးပုံ အစုံစုံကို ဖြေဆိုရသည့်သုဝဏ္ဏဘူမိပရိယတ္တိစာမေးပွဲကြီးကို စတင်တည်ထောင်သည့်နှစ်မှစ၍ ကျင်းပလာခဲ့ရာ ၂၀၂၂ ခုနှစ်၊ နှစ်တစ်ရာပြည့်မြောက်သည်အထိ စာမေးပွဲ စုစုပေါင်း (၉၅)ကြိမ်ကျင်းပနိုင်ခဲ့ပြီး ပိဋကတ္တရပါရဂူဘွဲ့ရ သံဃာတော် ၇၉ ပါး၊ သီလရှင် ၄ ပါးတို့‌ပေါ်ထွန်းခဲ့ကာ အဆင့်အတန်းအသီးသီးအလိုက် အောင်မြင်ကြသည့် ပုဂ္ဂိုလ်အမြောက်အမြားလည်း ပေါ်ထွန်းခဲ့ပြီးဖြစ်ကြောင်း အသင်းကြီးရာပြည့် အထိမ်းအမှတ်အဖြစ် ဆရာတော်ကြီး ၂ ပါးအား တိပိဋကာလင်္ကာရ ပရိယတ္တိဆေက ဓမ္မာဓိပတိ ဘွဲ့တံဆိပ်‌တော်၊ ဆရာတော် ၁၉ ပါး၊ သီလရှင်ဆရာကြီး ၁ ပါးနှင့် လူပုဂ္ဂိုလ် ၂ ဦးတို့အား ပဉ္စနိကာယဏ္ဏဝ ပိဋကတ္တရပါရဂူ ဘွဲ့တံဆိပ်တော် တို့ကို ဆက်ကပ်ပေးနိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment