MNP ၊ ဇွန် ၇
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်တွင် မိုခါမုန်တိုင်းအရှိန်ကြောင့် ဖြစ်ပေါ်ခဲ့သည့် မိုးသည်းထန်စွာရွာသွန်းခဲ့၍ စလင်းချောင်းရေမြှင့်တက်ပြီး ရေကြီးရေလျှံဖြစ်ပေါ်ခဲ့သည့် ကျေးရွာအုပ်စုများမှ၊ အိမ်ထောင်စု (၆၀၀) တို့အား ရန်ကုန် လူမှုကူညီကယ်ဆယ်ရေး အဖွဲ့ချုပ်မှ ဆန်ရိက္ခာ၊ အိမ်ဆောက်ပစ္စည်းများနှင့် အဝတ်အထည်များ ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့ နံနက် (၉) နာရီ ၃၀ မိနစ် အချိန်မှစတင်ကာ ရေဘေးသင့်အိမ်ထောင်စု ပြည်သူများထံသို့ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ပေးအပ်ရာသို့ စလင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေလင်းနိုင်က ရေဘေးသင့် အိမ်ထောင်စုများနှင့် မိသားစုဝင်များအား ထောက်ပံ့ပေးအပ်မှုများနှင့် စပ်လျဥ်း၍ ရှင်းလင်းပြောကြားခဲ့ပြီးနောက် ရန်ကုန်လူမှုကူညီကယ်ဆယ်ရေးအဖွဲ့ချုပ်မှ ဦးထွန်းထွန်းဦးမှ ဒေသခံ ကျေးလက်ပြည်သူများအား သဘာဝပတ်ဝန်းကျင် အခြေအနေများကြောင့် ပြောင်းလဲဖြစ်ပေါ်လာသည့် ဘေးအန္တရာယ်များမိမိတို့၏ အသက်အိုးအိမ် စည်းစိမ်ဥစ္စာများကို ကြိုတင်ကာကွယ်ဆောင်ရွက်နိုင်ရေး၊ သက်ဆိုင်ရာဌာန အသီးသီးမှ ရာသီဥတုဆိုင်ရာ မိုးလေဝသနှင့် ဇလဗေဒဌာနများက အသိပေးနှိုးဆော်မှုများကို လိုက်နာဆောင်ရွက်ရေးနှင့် အရေးပေါ် အခြေအနေဖြစ်ပေါ်လာပါက တုံ့ပြန်ဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာဌာန အသီးသီးတို့ထံသို့ အချိန်မီသတင်းပေးပို့အကူအညီရယူ ဆောင်ရွက်နိုင်ရန် ကြိုတင် အသိပေးပြောကြားထားခဲ့ပြီးဖြစ်ကြောင်း ပြောကြားခဲ့သည်။ ယခုလို ရေကြီးနစ်မြှပ် ဖြစ်ပေါ်မှုတွင် မထင်မှတ်လောက်အောင် ဖြစ်ပေါ်ခဲ့သည့်အတွက် များစွာစိတ်မကောင်း ဖြစ်မိပါကြောင်းနှင့် မိမိတို့လူမှုကူညီကယ်ဆယ်ရေးအဖွဲ့ချုပ်အနေဖြင့် ရခိုင်ပြည်နယ် ရေဘေးသင့် ပြည်သူများထံမှ ကူညီထောက်ပံ့ပေးအပ် ကူညီခဲ့ပြီး စလင်းမြို့နယ်တွင် နှစ်ပေါင်းများစွာအတွင်း တစ်ကြိမ်တစ်ခါမှ မဖြစ်ပေါ်ခဲ့ မကြုံခဲ့ဘူးသည့် ရေကြီးရေလျှံ နစ်မြှပ်မှုမှ ဆုံးရှုံးသွားသည့် အိမ်ထောင်စုများကို လူသားခြင်းစာနာစိတ်ဖြင့် ယခုလိုကူညီ ထောက်ပံ့ရန် ရောက်ရှိလာခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပြီးနောက် သမြင်ကင်းကျေးရွာ အုပ်စုမှ အိမ်ထောင်စု(၂၅၀)၊ ပန်းတောကြီးကျေးရွာ အုပ်စုမှ အိမ်ထောင်စု(၁၀၀)၊ တောင်ဘိုကြီးကျေးရွာအုပ်စုမှ အိမ်ထောင်စု(၂၅၀) စုစုပေါင်း အိမ်ထောင်စု (၆၀၀)တို့အား စလင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေလင်းနိုင်ကြီးကြပ်၍ ရန်ကုန် လူမှုကူညီကယ်ဆယ်ရေးအဖွဲ့ချုပ်မှ ဦးထွန်းထွန်းဦးနှင့် အဖွဲ့ဝင်များလိုက်ပါ၍ ဆန်ရိက္ခာ၊ အိမ်ဆောက်ပစ္စည်းများနှင့် အဝတ်အထည်တို့ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနရုံးမှ သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment