MNP ၊ ဇွန် ၈
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ မုံရွာမြို့နယ်၊ အေးသာယာရပ်ကွက်၊ နယ်မြေ(၁) ဘုရား(၅) ဆူလမ်းတွင် ယနေ့ နံနက် (၁၀) နာရီ (၃၀)မိနစ်အချိန်ခန့်က ပိုင်ရှင် ဦးငွေ(ဘ) ဦးချစ်၏ (၈×၁၈) ပေ တစ်ထပ်သွပ်မိုး ကပ်ထရံကာ နေအိမ်မှ အင်ဗာတာဖြင့် ဘတ္ထရီအိုးအားသွင်းထားရာမှ ဘတ္ထရီအိုးပွင့်ထွက်ပြီး အားသွင်း ထားသည့် ညှပ်ကလစ်မှ မီးပွားထွက်၍ အက်ဆစ်နှင့် ထိတွေ့ပြီး မီးစတင်လောင်ကျွမ်းမှုဖြစ်ပွားကာ နေအိမ်(၁၈)လုံးသို့ မီးကူးစက်မီးလောင်ကျွမ်းခဲ့ကြောင်း သိရသည်။
အဆိုပါ မီးလောင်ရာသို့ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝင်ဝန်ကြီးများနှင့်အတူ တိုင်းဒေသကြီး/ခရိုင်/မြို့နယ် မီးသတ်စခန်းမှ တာဝန်ရှိသူများနှင့် မီးသတ်တပ်ဖွဲ့များက (၁၁)နာရီ (၄၀)မိနစ်အချိန် သတင်းရရှိသဖြင့် မီးငြှိမ်းသတ်ယာဉ်(၃)စီး၊ ပိုလန်ယာဥ်တစ်စီးနှင့် ရေသယ်ယာဉ် (၆)စီးဖြင့်လည်းကောင်း၊ စက်မှုဇုန်ရပ်ကွက် အရန်မီးသတ်တပ်ဖွဲ့မှ ရေသယ်ယာဥ်(၁)စီး၊ ထန်းတောအရန်မှ မီးငြှိမ်းသတ်ယာဥ်(၁)စီ၊ ရန်ကင်း၊ မြို့သစ်၊ ဒေါနခြံ၊ ကွေ့ကြီး၊ ရပ်ကွက်တို့မှ အရန်မီးသတ်တပ်ဖွဲ့များက မီးငြှိမ်းသတ်ယာဥ်(၃)စီးနှင့် ရေသယ်ယာဥ်(၁)စီးတို့ဖြင့် လည်းကောင်း၊ အလယ်၊ အေးသာယာ ရပ်ကွက်တို့ရှိ အရန်မီးသတ် တပ်ဖွဲ့များမှ မီးငြှိမ်းသတ်ယာဥ်(၁)စီးနှင့် ရေသယ်ယာဥ်တစ်စီးတို့ဖြင့်လည်းကောင်း စုစုပေါင်း မီးသတ်တပ်ဖွဲ့သန္ဓေ အင်အား (၆၆)ဦးနှင့် ရပ်ကွက်များရှိ အရန် မီးသတ်တပ်ဖွဲ့ဝင်များနှင့် ပြည်သူများ၊ လူမှုကူညီရေး အဖွဲ့များက အားလုံးဝိုင်းဝန်းပူးပေါင်း၍ ရေဂါလံ(၄၀၀၀၀)ခန့် အသုံးပြုငြှိမ်းသတ်ခဲ့ရာ ၁၁ နာရီ ၂၀ မိနစ်အချိန် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါမီးလောင်မှုကြောင့် ကူးစက်လောင်ကျွမ်းခဲ့ရာတွင် စုစုပေါင်းတန်ဖိုး ၆၉၆၂၀၀၀ ကျပ် မီးလောင်ဆုံးရှုံးခဲ့ကြောင်းနှင့် လူထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သိရသည်။ သို့ဖြစ်ပါ၍ ပိုင်ရှင် ဦးငွေ(ဘ)ဦးချစ်အား မုံရွာမြို့မရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သိရ သည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment