MNP ၊ ဇွန် ၆
ဝါလကင်းလွတ် သီတင်းကျွတ်အချိန်ကာလ၌ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်တွင် စည်ကားသိုက်မြိုက်စွာ အစဉ်အလာမပျက်ဘဲ နှစ်စဉ် တာဝတိံသာ ဘုရားဆင်းပွဲတော်ကို ကျင်းပခဲ့သည့် ဘိုကလေးမြို့နယ်၊ တာဝတိံသာ စေတီတော်မြတ်ကြီးသည် ၁၉၇၃ ခုနှစ်တွင် လည်းကောင်း၊ စောင်းတန်းတော်ကြီးကို ၁၉၈၂ ခုနှစ်တွင်လည်းကောင်း တည်ထားကိုးကွယ်ခဲ့ရာ နှစ်ကာလ ကြာမြင့်ခြင်း၊ ရာသီဥတုဒဏ်ခံရခြင်း၊ စေတီတော်တည်စဉ် ကာလ၌ နည်းပညာ အားနည်းခြင်းတို့ကြောင့် ၂၀၂၂ ခုနှစ် ဧပြီ(၂၉)ရက်နေ့ နံနက်(၂:၃၀) အချိန်၌ စောင်းတန်းတော်ကြီး၏ အထက်ပိုင်း ပေ(၆၀)ခန့် ပြိုကျပျက်စီးခဲ့ပြီး စေတီတော်မြတ်ကြီးအား ပြန်လည်တည်ထားကိုးကွယ်နိုင်ရေးအတွက် သာသနာ့အနွယ်ဝင် ဒါယကာ၊ ဒါယိကာမများမှ စုပေါင်းထည့်ဝင် လှူဒါန်းမှုမှာ ယခုအချိန်တွင် ကျပ်သိန်းပေါင်း (၁၉၂၂)သိန်းကျော် ရရှိခဲ့ပြီဖြစ်သည်။
စေတီတော်မြတ်ကြီး တည်ထားကိုးကွယ်နိုင်ရေးအတွက် သာသနာ့အနွယ်ဝင် သူတော်စဉ်များ၏ ကုသိုလ်တော် ပြုလှူဒါန်းမှုများကို စေတီတော်မြတ်ကြီး တည်ထားကိုးကွယ်ထားသည့် ရန်ပြေမာန်ပြေ အောင်စကြာ စေတီတော်ဝန်းအတွင်းတွင် ၂၀၂၂ ခုနှစ် ဇွန်(၂၃)ရက်နေ့၌ ပထမအကြိမ် အလှူငွေပေးအပ်ပွဲအား ကျင်းပခဲ့ပြီး အလှူတော်ငွေ(၅၀၅)သိန်း ရရှိခဲ့ကြောင်း၊ ဒုတိယအကြိမ် အလှူငွေပေးအပ်ပွဲအဖြစ် ဩဂုတ်(၂၁)ရက်နေ့၌ ကျင်းပရာ လှူဒါန်းငွေ ကျပ်သိန်းပေါင်း (၂၁၄)သိန်း ကျော်ရရှိခဲ့ကြောင်း၊ တတိယအကြိမ်အဖြစ် အလှူငွေ ပေးအပ်ပွဲအား အောက်တိုဘာ(၂၃)ရက်နေ့က ကျင်းပရာ အလှူတော်ငွေ ကျပ်သိန်း (၂၈၁)သိန်းကျော် ရရှိခဲ့ပြီး စတုတ္ထအကြိမ်အဖြစ် ယခုနှစ် ဇန်နဝါရီ(၅)ရက်နေ့က အလှူငွေပေးအပ်ရာ ကျပ်သိန်းပေါင်း(၆၆၃)သိန်းရရှိခဲ့ ကြောင်း၊ မတ်လ(၅)ရက်နေ့တွင်ကျင်းပခဲ့သော ပဉ္စမအကြိမ် အလှူငွေပေးအပ်ပွဲတွင်(၁၇၃)သိန်းကျော် ရရှိခဲ့ပြီး ဇွန်လ(၃)ရက်နေ့တွင် ကျင်းပခဲ့သော ဆဋ္ဌမအကြိမ် အလှူငွေပေးအပ်ပွဲတွင် ငွေကျပ် (၁၆၆)သိန်းကျော် ရရှိခဲ့သောကြောင့် ယခုအချိန်တွင် စုစုပေါင်း လှူဒါန်းငွေကျပ် သိန်းပေါင်း (၁၉၂၂)သိန်းကျော် ရရှိခဲ့ပြီဖြစ် ကြောင်း သိရသည်။
အလှူငွေပေးအပ်မှုများအတွက် ကုသိုလ်တော်ပြုလှူဒါန်းမှုများကို အောင်စကြာစေတီတော်ဝန်း အတွင်း၌ အနုမောဓနာ တရားနာကြား၍ ရေစက်သွန်းချ အမျှဝေခဲ့ကြကြောင်းနှင့် တာဝတိံသာ စေတီတော်ကြီး ပြန်လည်တည်ထားရန်အတွက် လိုအပ်သည့် ကုန်ကျမှုမှာ သိန်းပေါင်း(၅၀၀၀)ခန့်ရှိကြောင်း တည်ဆောက်ရေးကော်မတီထံမှ သိရပြီး စေတီတော်ပြန်လည်တည်ထားကိုးကွယ်နိုင်ရေးအတွက် စေတီတော်ဟောင်းအားဖြိုချ ဖျက်သိမ်းခြင်းလုပ်ငန်းကို မကြာခင်၌ စတင်ဆောင်ရွက်တော့မည်ဖြစ်ကြောင်း သိရသည်။
မိုးစက်
https://t.me/MyanmarNationalPost
No comments:
Post a Comment