သမ္မာအာဇီဝ စိတ်ရင်းစေတနာကောင်းဖြင့်လုပ်ကိုင်မှသာ ပြည်သူများစိတ်အေးချမ်းသာမည် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သမ္မာအာဇီဝ စိတ်ရင်းစေတနာကောင်းဖြင့်လုပ်ကိုင်မှသာ ပြည်သူများစိတ်အေးချမ်းသာမည်


မြန်မာနိုင်ငံတွင် ကုန်စည်ဈေးနှုန်းများ တစ်နေ့တခြား မြင့်တက်နေသည်မှာ ပြည်သူများအတွက် အဆန်းတော့မဟုတ်ပါ။ အကြောင်းအမျိုးမျိုးကြောင့် ကုန်စည်ဈေးနှုန်းများ အတက်အကျဖြစ် လေ့ရှိပါသည်။ သို့သော်တက်ပြီးလျှင်ပြန်မကျသည့် ကုန်ဈေးနှုန်းသည် သွေးရိုးသားရိုးမဟုတ်ဘဲ မတော်လောဘများ ပါဝင်နိုင်ပါသည်။ မတော်လောဘများကြောင့် ပြည်သူများအတွက်ဖိစီးမှု ဝန်ထုပ်ဝန်ပိုးများ ကြီးကြီးမားမားဖြစ်လာစေပါသည်။ 


ကုန်ဈေးနှုန်းဒဏ်ကို မြန်မာပြည်တစ်ခုတည်း ကြံ့ကြံ့ခံနေရခြင်းတော့ မဟုတ်ပါ။ နိုင်ငံတကာတွင်လည်း ကုန်စည်ဈေးနှုန်းများတက်လေ့ရှိပါသည်။ သို့သော်အတိုင်းအတာရှိသည်။ အကြောင်းရင်း အချက်အလက်များအခိုင်အမာရှိသည်။ ဖြစ်သင့်ဖြစ်ထိုက်သော အနေအထားဖြင့် တက်လေ့ရှိကြ သည်။ ကမ္ဘာ့နိုင်ငံများတွင်ကုန်ဈေးနှုန်းတက်ရခြင်း အကြောင်းရင်းများကိုလေ့လာကြည့်လျှင် စွမ်းအင်လောင်စာဈေးနှုန်းမြင့်တက်မှု၊ ကုန်ပစ္စည်းရှားပါးမှု၊ သယ်ယူပို့ဆောင်စရိတ် မြင့်တက်မှုတို့သည် အဓိကကျသောအကြောင်းအချက် များဖြစ်သည်။


အထူးကိစ္စရပ်အနေဖြင့် ကိုဗစ်-၁၉ ရောဂါ၊ သဘာဝဘေးအန္တရာယ်တို့ ကြောင့်လည်း ကုန်ဈေးနှုန်း တက်နိုင်ပါသည်။ အလုပ်အကိုင်များ တုံ့ဆိုင်းရပ်တန့်သွားသောအခါ ရောင်းလိုအားနည်းပြီး ဝယ်လိုအား များလာသော ကြောင့် ကုန်ဈေးနှုန်းတက်ရသည်။ နိုင်ငံအများအပြားတွင် ကိုဗစ်-၁၉  ရောဂါ ဖြစ်ပွားပြီး နောက်ပိုင်း မြင့်တက်လာ သည့် ဝယ်လိုအားများကြောင့် ကမ္ဘာတစ်ဝန်းသို့ကုန်ပစ္စည်းများသယ်ယူ ပို့ဆောင်ရေးတွင် ဝန်ဆောင်မှုစရိတ်ကို တိုးမြှင့်သတ်မှတ်သောအခါကုန်စည် ဈေးနှုန်းများ မြင့်တက်လာသည်။ လောင်စာဆီဈေးနှုန်း မြင့်တက်ခြင်းသည် ဈေးနှုန်းတက်ခြင်းကို တွန်းအားပေးစေ ခဲ့သည်။


ကောလာဟလများ၊ သတင်းစကားအမျိုးမျိုးဖြစ်ပေါ်မှုကြောင့် ကုန်ဈေးနှုန်းများ တက်လာ

ဤအကြောင်းအချက်များသည် တစ်ကမ္ဘာလုံးလက်ခံထားသည့် ကုန်ဈေးနှုန်းတက်ခြင်း၏ အဓိက အကြောင်းအချက်များဖြစ်သည်။ မြန်မာနိုင်ငံတွင် ကုန်ဈေးနှုန်းတက်ခြင်းနှင့်ပတ်သက်၍ အဆန်းတကြယ်ဖြစ်နေပါသည်။ နိုင်ငံတကာကလက်ခံထားသည့် ကုန်ဈေးနှုန်းတက်ရခြင်း အကြောင်းအချက်များနှင့်မတူဘဲ မည်သည့်အကြောင်းကြောင့် တက်ရသည်ကို ပြည်သူများအနေဖြင့် နားလည်နိုင်ခြင်းမရှိပေ။ တိုင်းပြည်တွင်အကြောင်းကိစ္စတစ်ခုခု ပေါ်ပေါက်လာတိုင်း ဈေးနှုန်းတက်နေသည်မှာ မထူးသော်လည်း ဆန်းနေပါသည်။ ဒေါ်လာ ဈေးနှုန်းတက်၍၊ ကုန်ပစ္စည်းများ ပြတ်လပ်၍၊ စက်သုံးဆီဈေးနှုန်းတက်၍ ဈေးနှုန်းတက်လာသည်မှာ လက်ခံနိုင်ဖွယ်ရှိပါသည်။ သင်္ကြန်နီးလို့၊ ကျောင်းဖွင့်တော့ မည်ဖြစ်လို့၊ လစာတိုးလို့၊ မုန်တိုင်းလာမှာ မို့လို့၊ ရေကြီးနေလို့၊ လမ်းပိတ်နေလို့စသည့် စသည့်ထူးထူးခြားခြားအကြောင်း ကိစ္စများသာမကကောလာဟလများ၊ သတင်းစကားအမျိုးမျိုး ဖြစ်ပေါ်မှု ကြောင့် ကုန်ဈေးနှုန်းများ တက်လာသည် မှာ လက်ခံနိုင်ဖွယ်မရှိပါ။


ပေါက်ပင်ဘာကြောင့်ကိုင်းရတယ်၊ ဗျိုင်းနားလို့ကိုင်းရတယ်ဆိုသကဲ့သို့ ကုန်ဈေးနှုန်း စတင်တက်ရခြင်းအကြောင်း အကျိုးများရှိရမည်ဖြစ်သည်။ လက်ရှိဖြစ်ပေါ်နေသော ကုန်ဈေးနှုန်းတက်ရ ခြင်း အကြောင်းရင်းများ၊ ကုန်ဈေးနှုန်း စတင်ကြီးမြင့်လာသည့် ဇာစ်မြစ်ကို ရှာဖွေကြည့်ရမည်ဖြစ်သည်။ မြန်မာနိုင်ငံတွင်ကုန်ဈေးနှုန်းနှင့်ပတ်သက်၍ ဖြစ်ပျက်နေသည်မှာ ကုန်ပစ္စည်းများ ရှားပါးပြတ်လပ်မှု၊ စက်သုံးဆီဈေးနှုန်း ကြီးမြင့်မှု၊ နိုင်ငံခြားငွေဈေးတက်လာမှု စသည့်အကြောင်းများထက် အားလုံး ညီညာဖြဖြ တက်လိုစိတ်များဖြင့် အဖြစ် များနေသည်ကို တွေ့ရမည်ဖြစ်သည်။ လက်ဖက်ရည်တစ်ခွက် ကိုးရာမှတစ်ထောင်ဖြစ်တော့ အားလုံးတက်လိုက်ကြတာ တစ်နေ့တည်းဖြစ်သည်။ သကြားဈေး၊ နို့ဆီဈေး၊ လက်ဖက်ခြောက်ဈေး များက နေ့တိုင်းတက်နေသည့် အလား။


အကြောင်းရင်းပြနိုင်ခြင်းမရှိ ဆန်ဈေးနှုန်းများ အဆမတန်တက်

မည်သို့ပင်ဖြစ်စေအခြေခံလူတန်းစားများသော မြန်မာနိုင်ငံတွင်ဆန်ဈေးနှုန်းတည်ငြိမ်ရေးသည် အရေးအကြီးဆုံးဖြစ်သည်။ မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကိုအခြေခံသောနိုင်ငံဖြစ်သည်။ နိုင်ငံတော်ကလည်း စိုက်ပျိုးမွေးမြူရေးကို အထူးအားပေးကူညီ ဖြည့်ဆည်းပေးနေသည်။ မုန်တိုင်းသင့်ဒေသများမှအပပုံမှန်အခြေအနေရှိနေသည်။ ဆန်စပါးပြတ်လပ်မှုသည် ဖြစ်နိုင် စရာအကြောင်းမရှိပါ။ စိုက်ပျိုးရာသီ အလိုက် နွေစပါး၊ မိုးစပါးများအဆက် မပြတ်ထွက်ရှိနေသည့်အပြင် အရေးပေါ်အနေဖြင့် အရန်ဆန်များလည်း သိုလှောင် ထားရှိပါသည်။ လမ်းပန်းဆက်သွယ်ရေး၊ ဝန်ဆောင်မှုစရိတ်များ တက်လာသောကြောင့် ဆန်ဈေးနှုန်းအတိုင်းအတာတစ်ခုအထိတက်သည်မှာလက်ခံဖွယ်ရာ ရှိသော်လည်းအကြောင်းရင်းပြနိုင်ခြင်းမရှိဘဲ ဆန်ဈေးနှုန်းများအဆမတန် တက်ခြင်းမှာ ထူးခြားပါသည်။


ယနေ့ကာလတွင် နိုင်ငံရေးသွေးထိုးလှုံ့ဆော်မှု၊ ကောလာဟလထုတ်လွှင့်မှု၊ တီးတိုးဝါဒဖြန့်မှုများကို ပြည်တွင်း၊ ပြည်ပနှစ်ဌာနလုံးက ပြုလုပ်နေကြသည်ကိုတွေ့ရမည်ဖြစ်သည်။ အရေးကြီးသော အခြေအနေတစ်ရပ်အနေဖြင့် ဝိသမ လောဘသမားများက အခြေခံစားကုန် များဖြစ်သော ကြက်ဥ၊ ဘဲဥ၊ ကြက်သွန်၊ အာလူးစသည့်စားသောက်ကုန်ဈေးနှုန်းများ ဈေးကစားမှုကြောင့် အလွန်အမင်းမြင့်တက်လာဟန်တူပါသည်။ နိုင်ငံရေးအရကောလာဟလ သတင်းထုတ်လွှင့်မှုများနှင့် ကုန်ဈေးနှုန်းကြီးမြင့်မှုမှာ တိုက်ရိုက်အချိုးကျနေသလို ဖြစ်နေသည် ဟု ဆိုရမည်ဖြစ်သည်။ “မျက်ဖြူဆိုက်လေဆရာကြိုက်လေ” ဆိုသကဲ့သို့ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု၊ နိုင်ငံရေးအရမတည်မငြိမ်ဖြစ်မှု၊ ရေကြီးရေလျှံ၊ မုန်တိုင်းဖြစ်မှုတို့ကို ဖြစ်သည့်အခါ တည်ငြိမ်မှုမရှိတော့သယောင်၊ ထပ်မံဖြစ်ပွားတော့မယောင် သတင်းများထုတ်လွှင့်၍ ဈေးကွက်တွင်ဈေးနှုန်းများ အဆမတန်တင်လာခဲ့သည်။


နိုင်ငံသားတစ်ဦးဟူသော အသိစိတ်ဓာတ်ဖြင့် အများအကျိုး ဆောင်ရွက်သင့်

နိုင်ငံတော်အနေဖြင့် ပြည်တွင်းထွက်ကုန်များ တိုးတက်ထွက်ရှိရေး၊ စားရေရိက္ခာဖူလုံရေး၊ ကုန်စည်ဈေးနှုန်းများတည်ငြိမ်ရေး၊ တိုင်းပြည်သာယာဝပြောရေးအတွက် အတတ်နိုင်ဆုံး အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်ပေးနေပါသည်။ ကုန်ပစ္စည်းလက်ဝယ်ရှိသူ ရောင်းဝယ်ဖောက်ကားသူများ အနေဖြင့်အများအကျိုးအတွက် စေတနာမှန်ကန်စွာထားရှိခြင်းမရှိပါက နိုင်ငံတော်အေးချမ်းသာယာရေးနှင့်အများ ပြည်သူစိတ်ချမ်းသာရေးကို ပေးစွမ်းနိုင်မည်မဟုတ်ပါ။ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို အစွမ်းကုန်တည်ဆောက်နေချိန်တွင် လုပ်ငန်းရှင်များအနေဖြင့် မိမိတို့အကျိုးအမြတ်ကိုသာ အဓိကမထားဘဲမိမိလည်း နိုင်ငံသားတစ်ဦးဟူသော အသိစိတ်ဓာတ်ဖြင့်မိမိနှင့်သက်ဆိုင်သော ကုန်ရောင်း၊ ကုန်ဝယ်၊ ကုန်စည်ဖလှယ် မှုများတွင် အများအကျိုးအတွက် ဆောင်ရွက်သင့်ပါသည်။


“ဘယ်သူသေသေ ငတေမာရင် ပြီးရော” ဟူသော အတွေးအခေါ်များရှိနေ သေးပါက တိုးတက်သာယာဝပြောသော နိုင်ငံတည်ဆောက်ရာတွင် အဟန့် အတားဖြစ်နေမည်မှာ သေချာပါသည်။ ထိုစိတ်ဓာတ်များအပေါ် ပြည်တွင်း၊ ပြည်ပပယောဂများက လောင်စာ ထပ်ဖြည့်ပေးလိုက်သောအခါ ပြည်သူ အများစု အခက်အခဲများနှင့်ရင်ဆိုင်ကြုံတွေ့ရမည်ဖြစ်သည်။ နိုင်ငံပျက်စီး စေလိုသည့် ပြည်တွင်း၊ ပြည်ပပယောဂများရှိနေပါသည်။ နိုင်ငံတစ်နိုင်ငံ၏နိုင်ငံရေး၊ စီးပွားရေး အခြေခံအဆောက်အအုံ ကို ပြောင်းလဲတည်ဆောက်ခြင်းသည်နေ့ချင်းညချင်း ပြီးနိုင်သည့် လုပ်ငန်း မဟုတ်ပါ။ များစွာကျယ်ပြန့်လှ၍ အချိန်အတန်ကြာစောင့်ရပါသည်။


ယနေ့ကာလတွင် နိုင်ငံရေးနယ်ပယ် တွင်သာမက စီးပွားရေးနယ်ပယ်တွင်ပါ အမြတ်ထုတ်လိုသူများ၊ အသုံးချလိုသူများရှိနေသည်ကို သတိချပ်ရမည်ဖြစ် သည်။ စစ်မြေပြင်တွင် စစ်တိုက်ရာ၌ လည်းကောင်း၊ စီးပွားရေး၊ နိုင်ငံရေးလုပ်ရာ၌လည်းကောင်း မှန်ကန်သောသတင်းအချက်အလက်များကို အခြေခံတွက်ချက်လုပ်ဆောင်မှသာ အောင်မြင်မှုရနိုင်ပါသည်။ မမှန်သတင်းများ၊ သတင်းတုများ၊ ကောလာဟလများ၊ မရိုးသားသောစိတ်ထားများဖြင့် တစ်ဖက်မှစီးပွား ပြိုင်ဘက်၊ နိုင်ငံရေးပြိုင်ဘက်၊ စစ်ရေး ရန်သူတို့ သပ်သွင်းပေးလိုက်သည့် သတင်းများကို အခြေခံလုပ်ဆောင်မည် ဆိုပါကအရှုံးနှင့်သာ ရင်ဆိုင်ရမည်ဖြစ် သည်။


အလိမ်အညာ၊ ကောလာဟလ သတင်းစကားများဖြင့် အမြတ်ထုတ်

နိုင်ငံရေးနှင့်စီးပွားရေး ရောယှက်နေသည်ကို သာဓကထုတ်ဆောင်မည်ဆိုလျှင် ဖြစ်ပေါ်ခဲ့သောနိုင်ငံ့အရေးအခင်းများတွင် ဝိသမလောဘဖြင့် အမြတ်ကြီးစားကာ အခွန်အကောက်လိမ်လည် ပတ်ရှောင်ပြီးစီးပွားဖြစ်ခဲ့ကြသူများသည် ၎င်းတို့၏ တရားမဝင်ငွေမည်းများကို ငွေဖြူဖြစ်အောင်မျှော်ကိုးကာ ဆူပူမှုများတွင်ငွေပုံအောကာ ဝင်ရှုပ်ခဲ့ကြသည်။ နိုင်ငံရေးနယ်ပယ်တွင်သာမက စီးပွားရေးနယ်ပယ်တွင်အလိမ်အညာ၊ ကောလာဟလ သတင်းစကားများဖြင့် အမြတ်ထုတ်ခဲ့ကြရာ အဆိုပါဒဏ်ကို ပြည်သူများ ခံစားကြရသည်။ စူဇကာများမှာမထိခိုက်၊ တိုင်းဆူပြည်ဖျက် ပုံအောခဲ့သောငွေကြေးများထက် အဆပေါင်းများစွာသာသည့် ငွေကြေးများကို စီးပွားရေးသောင်းကျန်းကာ ပြည်တွင်း၌ပြန်ရှာနိုင်သည့် နည်းလမ်းများလည်း ရှိနိုင်သည်။


မြန်မာနိုင်ငံသားများအတွက် အခြေခံစားကုန်ဖြစ်သော ဆန်ဈေးနှုန်းသည် လက်ရှိအခြေအနေတွင် သင်္ကာမကင်း ဖွယ်ကောင်းလောက်အောင် မြင့်တက်နေပါသည်။ ယခင်က ၁၅၀၀၊ ၂၀၀၀ တန် ဆန်တစ်ပြည်သည် ယခုအခါ ၃၀၀၀၊ ၄၀၀၀ ကျော် ဖြစ်နေသည်မှာ ဆန်စပါး အထွက်လျော့မှု၊ စက်သုံးဆီဈေးနှုန်း ကြီးမြင့်မှုတို့ကြောင့် ဖြစ်နိုင်ဟန်မတူပါ။ လယ်သမားများ အမှန်တကယ်ကုန်ကျခဲ့သော စိုက်ပျိုးစရိတ်ကိုကျော်လွန်သော သင့်တင့်လျောက်ပတ်သည့် ပေါက်ဈေးနှုန်းများထက်အဆမတန်ကျော်လွန်သော ဈေးနှုန်းမြင့်တက်မှုကို စားသုံးသူပြည်သူများ ရင်ဆိုင်ကြုံတွေ့နေရ ပါသည်။ ဆန်ဈေးနှုန်းများတရိပ်ရိပ်မြင့်တက်လာခြင်းသည် ဆန်ဈေးကစားမှုကြောင့်လည်း ဖြစ်နိုင်ပါသည်။


လက်ဝါးချင်းရိုက်ပြီး ဆန်ဈေးနှုန်းတက်ရိပ်ခြေကို ဖန်တီး

ကုန်စည်ဈေးနှုန်းသည် ကုန်သည်များ၏လက်ဝယ်တွင်သာရှိသည်ဟုဆိုလျှင် မှားမည်မထင်ပါ။ အချို့အချို့သောဆန်ကုန်သည်များအနေဖြင့် လက်ငင်းဝယ်လိုအားတက်နေမှုကိုအခြေတည်၍ လွန်ကဲစွာသိုလှောင်ခြင်း၊ စေတနာမမှန်သောသူအချို့နှင့် လက်ဝါးချင်းရိုက်ပြီး ဆန်ဈေးနှုန်းတက်ရိပ်ခြေကို ဖန်တီးခြင်း၊ လွန်ကဲသော ဝိသမလောဘ ဖြင့် သင့်တင့်လျောက်ပတ်သော ဈေးနှုန်းထက်အဆမတန် မြှင့်တင်ရောင်းချခြင်းများနှင့် နိုင်ငံတွင်ဖြစ်ပေါ်လာသော အခြေအနေအရပ်ရပ်ကို အခွင့်ကောင်းယူအသုံးချခြင်းများအပါအဝင် ဆောင်ရွက်မှုများမှာ နိုင်ငံတစ်ဝန်းရှိဆန်ကိုအဓိကစားသုံးကြသော ပြည်သူလူထုတစ်ရပ်လုံး အပေါ်စေတနာမထားခြင်းတို့မှာ ပေါ်လွင်နေပါသည်။ ပြည်သူများအပေါ် “ဘယ်သူ သေသေငတေမာရင် ပြီးရော” စိတ်ဓာတ်မျိုးမထားရှိသင့်ပါ။


ကုန်သည်များအားလုံးကိုမဆိုလိုပါ။ အချို့အချို့သောဆန်ကုန်သည်ကြီးများအပြင် အခြားကုန်သည်များအနေဖြင့် ဆန်၊ ဆီအပါအဝင် အခြေခံစားကုန်များ ပုံမှန်အခြေအနေရှိနေသော်လည်း ရန်ကုန်အပါအဝင် အချို့ဒေသများတွင် အခြေခံစားကုန်များ အဆမတန်ဈေးနှုန်း မြင့်တက်ရောင်းချနေမှုများသည် ကုန် ပစ္စည်းများ ပြတ်လပ်မှုကြောင့်မဟုတ်ဘဲ ဝိသမလောဘစိတ်ဖြင့် လုပ်ကိုင်ခြင်း ဆိုလျှင် မဖြစ်သင့်၊ မလုပ်သင့်ပါ။ သဘာဝ ဘေးကြုံတွေ့ခဲ့ရသော ယခုလိုကာလ မျိုး၌ စားသုံးသူပြည်သူများအပေါ် ကိုယ်ချင်းစာတရား လက်ကိုင်ထားပြီး နှစ်ဦးနှစ်ဖက် အကျိုးရှိအောင်သမ္မာအာဇီဝ စိတ်ရင်းစေတနာကောင်းဖြင့် လုပ်ကိုင်ကြမှသာဆန်ဈေးနှုန်းအပါအဝင် အခြားစားသောက်ကုန် ကုန်စည်ဈေးနှုန်းများတည်ငြိမ်ကျဆင်းလာပြီး ပြည်သူများ စိတ်အေးချမ်းသာမည်ဖြစ် ပါကြောင်း။ ။


ကိုရေချမ်း

(ကူးယူဖော်ပြပါသည်)

#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)